နိုင်ငံတော်သြဝါဒါစရိယ နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီး ပဓာနနာယက ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ ဘဝနတ်ထံ ပျံလွန်တော်မူ

 

နိုင်ငံတော်သြဝါဒါစရိယ နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီး ပဓာနနာယက ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ ဘဝနတ်ထံ ပျံလွန်တော်မူ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါ စရိယ ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက)သက်တော် (၉၆)နှစ်၊ သိက္ခာတော် (၇၇)ဝါရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၅ ခုနှစ် ပြာသိုလပြည့်ကျော် (၁၄)ရက် (၈-၂-၂၀၂၄)ရက် နံနက် ၀၀း၀၂ အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သာသနာရေး ဦးစီးဌာနမှ သတင်းရရှိသည်။                           

နိုင်ငံတော်သြဝါဒါစရိယ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာနနာယက ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)၏ ထေရုပ္ပတ္တိအကျဉ်း

ဖွားမြင်တော်မူခြင်း

    ဆရာတော်လောင်းလျာသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်  ယန်းကိန်ရွာ  ခမည်းတော်  ဦးဟောင်(ကွယ်)-မယ်တော် ဒေါ်နန်းပင်း(ကွယ်)တို့မှ ၁၂၉၀ ပြည့်နှစ် နတ်တော်လပြည့်ကျော် (၉)ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။

ရှင်ရဟန်းပြုတော်မူခြင်း

    ဆရာတော်လောင်းလျာသည် ၁၂၉၉ ခုနှစ် တပေါင်းလပြည့်နေ့တွင်  ကျိုင်းတုံမြို့ ကျိုင်းယင်းကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မရံသီကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၁၀ ပြည့်နှစ် ကဆုန်လဆန်း (၁၃)ရက်နေ့တွင် ကျိုင်းတုံမြို့ ကျိုင်းယင်းကျောင်း ခဏ္ဍသိမ်၌ ယင်းကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မရံသီကို ဥပဇ္ဈာယ်ပြုလျက် ကျိုင်းတုံမြို့ ကျိုင်းယင်းရပ်ကွက်နေ ဦးဆန်း-ဒေါ်နန်းလှ မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။

ပရိယတ္တိစာပေသင်ယူ      

    ဆရာတော်လောင်းလျာသည်   ကျိုင်းတုံမြို့နယ်   ယန်းကိန်ရွာ ရွာဦးကျောင်းဆရာတော်၊   ကျိုင်းယင်းကျောင်းဆရာတော်  ဘဒ္ဒန္တဓမ္မရံသီ   စသော  ဆရာတော်များထံတွင် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးတော်မူခဲ့ရာ  ၁၃၂၀ ပြည့်နှစ်တွင် ဂုံရှမ်းဘာသာဖြင့် ဖြေဆိုအောင်မြင်တော်မူပြီး   မူလဓမ္မာစရိယဘွဲ့ကို   ရရှိတော်မူခဲ့ပါသည်။

သာသနာရေးလုပ်ငန်းများ ဆောင်ရွက်တော်မူခြင်း     

    ဆရာတော်သည်   ၁၃၅၇ ခုနှစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ  နဂါးနှစ်ကောင် ပရိယတ္တိ စာသင်ကျောင်းတိုက်ကို စတင်တည်ထောင်ပြီး   စာသင်တိုက်ခွဲ(၄)တိုက်ဖြင့် တည်ထောင် ဖွင့်လှစ်ထားခဲ့ကြောင်း၊ ၁၉၇၀ ပြည့်နှစ်မှစ၍ နဂါးနှစ်ကောင်ကျောင်းတိုက်၌ ရှမ်းတိုင်းရင်းသား သာမဏေ/ရဟန်းအပါး (၂၀၀)ခန့်ကို အစိုးရပါဠိပထမပြန်မူအတိုင်း  ဂုံရှမ်းဘာသာဖြင့် အခြေပြမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း   စာမေးပွဲများကိုလည်း  အကြိမ်(၅၀)တိုင် နှစ်စဉ်ကျင်းပပေးလျက် ရှိကြောင်း၊ ၁၃၅၅ ခုနှစ်မှစတင်၍  ပိဋကတ်သုံးပုံ  ပါဠိတော်နှင့်    ဂုံရှမ်းဘာသာပြန်စာအုပ် ပုံနှိပ်ထုတ်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ဆရာတော်သည် ၁၃၇၄ ခုနှစ်မှစ၍ ပိဋကတ်သုံးပုံပါဠိတော်အစုံအား ကျောက်စာချပ်ရေ(၂၅၀၀) ခန့်ဖြင့်  ကျောက်ထက်အက္ခရာတင်၍ တာချီလိတ်မြို့ တာချီလိတ် ရွှေတိဂုံစေတီတော်ရင်ပြင်တွင် ကျောက်စာတိုင်များ စိုက်ထူကာ တည်ထားလှူဒါန်းခဲ့ကြောင်း၊ နဂါးနှစ်ကောင်ကျောင်းတိုက်တွင် စာသင်သားရဟန်း သာမဏေအပါး (၂၀၀)ခန့်တို့အား အခြေခံမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းတို့တွင် ဂုံရှမ်းဘာသာဖြင့် သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ ၁၃၃၈ ခုနှစ်တွင် ဆန်ဆိုင်းအခြေခံပညာ အလယ်တန်းကျောင်း မြေနေရာနှင့် ကျောင်းအဆောက်အအုံများ လှူဒါန်းပေးခဲ့ကြောင်း၊ ၁၉၉၈ ခုနှစ်တွင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ တာချီလိတ်ရွှေတိဂုံစေတီတော်မြတ်ကြီးကို   ဆရာတော်မှ ဦးဆောင်၍ တည်ထားကိုးကွယ်ခဲ့ပြီး ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်စည်ကား သိုက်မြိုက်စွာ  ကျင်းပလျက်ရှိကြောင်း၊ ၂၀၀၃ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်တွင် သာသနာတော်  ထွန်းကားပြန့်ပွားရေး ဦးစီးဌာန တာချီလိတ်မြို့နယ် သာသနာရေးမှူးရုံး မြေနေရာနှင့် ရုံးအဆောက်အအုံတို့ကို ဦးဆောင်၍ မတည်ဆောက်လုပ် လှူဒါန်းပေးခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်တွင် တာချီလိတ်မြို့  ဘိုးဘွားရိပ်သာနှင့်  မိဘမဲ့လူငယ်(ပရဟိတ) ဂေဟာကို  ဆရာတော်မှ  ဦးဆောင်၍ တည်ထောင်ဖွင့်လှစ်ခဲ့ကာ  ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ၂၀၁၂ ခုနှစ်တွင် တာချီလိတ်မြို့  ခရိုင်ပြည်သူ့ဆေးရုံကြီး မြေနေရာနှင့် ဆေးရုံအဆောက်အအုံငါးထပ်၊   ဆရာဝန်များ နေအိမ်တိုက်ခန်းတို့ကို ဆောက်လုပ် လှူဒါန်းပေးခဲ့ကြောင်း၊ ၁၃၃၀ ပြည့်နှစ်မှစ၍ ၁၃၈၀ ပြည့်နှစ်အထိ နှစ်ပေါင်း (၅၀) တိုင်တိုင် စာဝါများပို့ချပေးခဲ့ကြောင်း၊  ၎င်းအပြင် ယခုအခါကျောင်းတိုက်တွင် ရဟန်း (၂၇) ပါး၊ သာမဏေ (၈၀) ပါး စုစုပေါင်း (၁၁၇)  ပါး  သီတင်းသုံးတော်မူလျက် ရှိကြောင်း၊ ဆရာတော်သည် ၁၃၄၂ ခုနှစ်   ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးတွင်  တာချီလိတ်မြို့နယ် သံဃသမ္မုတိရ သံဃာကိုယ်စားလှယ် ဆောင်ရွက်ခဲ့ပြီး ယနေ့တိုင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖြစ် လည်းကောင်း၊ တာချီလိတ်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ၁၉၉၆ ခုနှစ်မှယနေ့အထိ နိုင်ငံတော်သြဝါဒါစရိယအဖြစ် လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ကြည်ညိုဖွယ်ရာ ထူးခြားသည့်ဂုဏ်ရည်များ

    ဆရာတော်သည်   ခရိုင်ပြည်သူ့ဆေးရုံကြီး မြေနေရာနှင့် ဆေးရုံအဆောက်အအုံငါးထပ်၊ ဆရာဝန်များနေအိမ် တိုက်ခန်းတို့အား ဆောက်လုပ် လှူဒါန်းပေးခြင်း  မြန်မာနိုင်ငံအတွင်းသာမက   ထိုင်းနိုင်ငံမှလည်း ဆရာတော်ကြီးအား ကြည်ညိုမှု ခံယူရရှိတော်မူလျက်ရှိကြောင်း သိရှိရပါသည်။                     

ဘွဲ့တံဆိပ်တော်အလှူခံရရှိတော်မူခြင်း

    ဤသို့လျှင် ဗုဒ္ဓသာသနာအကျိုးကို   ထက်သန်သော ဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော  ပရဟိတာဝဟဂုဏ်၊   သာသနဟိတဓရဂုဏ်၊ ခမာဇာဂရိယဂုဏ်၊ သာသနဓုရာဝဟဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတ လဒ္ဓလÍ္ဆနဂုဏ်၊  ရတ္တညူမဟာနာယကဂုဏ်၊  ပိဋကတ္တယဆေကဂုဏ်၊ ဂန္ထန္တရ ဗာဟုသစ္စဂုဏ်၊  ဗဟုဇနဟိတ သုခါဝဟဂုဏ်၊ ဂန္ထရစနာဂုဏ်၊ လဇ္ဇီပေသလသိက္ခာကာမဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူခြင်းတို့ကြောင့် နိုင်ငံတော် အစိုးရက ဆရာတော်ကြီးအား ၂၀၀၅ ခုနှစ်တွင် “အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက” ဘွဲ့တံဆိပ်တော်၊  ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်း တက္ကသိုလ်က ၂၀၀၉  ခုနှစ်တွင် (Homorry Ph.D, Degree From Mahachulalongkornrajavidyalaya University, Bangkok, Thailand)  ဘွဲ့၊ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်က ၂၀၁၀ ပြည့်နှစ်တွင် ရတနရံသီဘွဲ့ တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး နိုင်ငံတော်အစိုးရက ၂၀၂၁ ခုနှစ်တွင် “အဘိဓဇမဟာရဋ္ဌဂုရု”ဘွဲ့တံဆိပ်တော်မြတ်ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဘဝနတ်ထံပျံလွန်တော်မူခြင်း     

    ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက် တော်မူရင်း သက်တော် (၉၆)နှစ်၊ သိက္ခာတော် (၇၇)ဝါအရ ၁၃၈၅ ခုနှစ်ပြာသိုလပြည့်ကျော် ၁၄ ရက် (၈-၂-၂၀၂၄) ကြာသပတေးနေ့ (၀၀း၀၂) နာရီအချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာရေးဦးစီး ဌာနမှ သတင်းရရှိပါသည်။