ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

    ရဲဘော်ဖြူတို့၏ မြို့တော်ဖြစ်သော ပါတီဗဟိုဌာနချုပ်သို့ အပြောင်းခံရသည်။ သို့သော် နိုင်ငံရေးအစဉ်အလာရှိခဲ့သူ၊ သဘောတရား ပြည့်သူအဖြစ် ဗဟိုတွင် အသိ အမှတ်ပြုခံရကာ ယခု မင်းဘူးခရိုင်သို့ ပြန်ရောက်လာသည်။

ပန်းတိမ်းငဖဲမြို့နယ်တွင်ရှိသော    ဗိုလ်သင်တန်းကျောင်း၌  ဗိုလ်လောင်းရဲဘော်များအား သဘောတရားပို့ချရန်နှင့် နိုင်ငံရေး စည်းရုံးရေးတာဝန်ခံ ဥက္ကဋ္ဌ အဖြစ်   ပြန်ရောက်လာသည်။   ပို၍ရာထူးကြီးလာသည်။

ယခု မခင်မှီကိစ္စနှင့်ပတ်သက်၍ သူ့အား  ဗဟိုတွင် မလွဲမသွေ စွဲချက်တင်တော့မည်။ ဤကိစ္စကို မည် သို့ဖြေရှင်းရပါမည်နည်း။

ဗိုလ်ညိုသည် တွေးရင်း၊ တွေးရင်း ကိုရဲမြင့်ကို ပိုပြီး ဒေါသဖြစ်လာသည်။

“တောက်၊ နေနှင့်ဦးပေါ့ ရဲမြင့်ရာ။ တစ်နေ့တော့ မင်း ဗိုလ်ညို့အကြောင်း ကောင်းကောင်းသိမှာပေါ့ ဟင်း”

“ဒိုင်း”

“ဒိုင်း”

ကိုရဲမြင့်ကို မကျေမနပ်ကြုံးဝါးကာ ဗိုလ်ညိုသည် လက်ထဲရှိ ခြောက်လုံးပြူးကို မိုးပေါ်သို့ထောင်၍ နှစ်ချက်ပစ်ဖောက်လိုက်သည်။

မှောင်မည်းနက်ရှိုင်းနေသော ညသည် ဗိုလ်ညို၏ သေနတ်သံကြောင့် ပို၍မှောင်မည်း နက်ရှိုင်းသွားလေ သလားထင်လိုက်ရသည်။

ဗိုလ်ညိုသည် ဤမျှနှင့် မကျေနပ်သေး။ ရွာထဲဝင်လာပြီး  မခင်မှီတို့ကို  မတွေ့သောအခါ  ဒေါသနှင့်အိမ်ကိုပါ မီးရှို့ပစ်လိုက်လေသည်။

မိုးက တစိမ့်စိမ့်ရွာသွန်းနေသည်။

ဆေးရုံပေါ်ရှိ လူနာများအားလုံးသည် မိုးအေးအေး တွင် စောင်ခြုံကွေးလျက်ရှိကြသည်။

ကိုထွန်းငြိမ်းသည်  မှန်ပြတင်းတံခါးမှ  အပြင်သို့ ငေးကြည့်နေ၏။ အပြင်ရှိ အရာဝတ္ထုအားလုံးသည် မှုန်ဝါးလျက်ရှိသည်။

ကိုထွန်းငြိမ်းသည်  ဦးဘကျော်  သေနတ်မှန်၍ ကျန်နေခဲ့သော ညကို တွေးနေမိသည်။

ထိုညက သူသည် ရဲဘော်ဖြူများ လိုက်ပစ်သဖြင့် ခြေဦးတည့်ရာ စွတ်ပြေးခဲ့ရသည်။ သူ့လက်ထဲတွင် ဦးဘကျော်၏ စတင်းဂန်းသေနတ် ပါလာသဖြင့် နောက် ကလိုက်လာသော ရဲဘော်ဖြူများကို ပြန်ပစ်ခဲ့သေး သည်။

ပြေးရင်းလွှားရင်းနှင့်ပင် သူ၏ကျောကုန်းကို ကျည်တစ်တောင့် ရှပ်မှန်သွားသည်။ ထို့နောက် လက်ယာ ဘက်ခြေသလုံးကို    နောက်ထပ်ကျည်တစ်တောင့် ထပ်မှန်ပြန်သည်။

စတင်းဂန်းသေနတ်မှ ကျည်ကုန်သွားသောအခါ သူသည် သေနတ်ကိုလွှင့်ပစ် ချထားခဲ့ပြီး ခြေဦးတည့်ရာ စွတ်ပြေးလာမိသည်။ ထို့နောက် မန်းချောင်းထဲကျသည်။ ရေစီးနှင့် မျောပါသွားသည်။

ခြေထောက်နှင့်ကျောကုန်းကို သေနတ်မှန်ထားပြီး ဖြစ်သော်လည်း   သူသည်  သတိလက်လွတ်တော့ မဖြစ်ခဲ့။ မိမိ၏ကိုယ်သည် ရေစီးနှင့်မျောပါလာသည်။ မိမိကိုယ်ကို ရေစီးထဲ ဖော့ထားရန်ကိုလည်း သတိရ သည်။ ရမိရရာကိုလည်း လှမ်းဆွဲကိုင်ရသည်။

ကံကောင်းထောက်မသည်မှာ ရေစီးနှင့်မျောပါလာသော သစ်တုံးတစ်တုံးကို ကိုင်ထားမိခဲ့ခြင်းပင်။ ထို သစ်တုံးသည်ပင် သူ့အသက်ကို ကယ်ဆယ်ခဲ့သည်။

သစ်တုံးကိုဖက်၍ ရေစီးအတိုင်း မျောလာရင်း ညဉ့်သန်းခေါင်လောက် အချိန်တွင် ရေဝဲကတော့လှည့်ကာ သောင်ပြင်တစ်ခုသို့ သစ်တုံးနှင့်အတူ ရောက်လာမိသည်။

ထိုမှတစ်ဆင့်   မန်းချောင်းထဲက   တွားတက်ကာ သောင်ပြင်ကိုင်းတောထဲ  လဲနေမိသည်။  ခြေသလုံးက ဒဏ်ရာနှင့်  ကျောကုန်းကဒဏ်ရာတို့  အဆမတန် နာကျင်လာသောအခါ လုံချည်ကိုဆုတ်၍ ပတ်တီးစည်းသည်။ ခြေလက်တို့မှာ တဆတ်ဆတ်တုန်၍ နှုတ်ခမ်းနှစ်လွှာတို့မှာ ထုံကျဉ်နေသည်။ တစ်ကိုယ်လုံးသည် အအေးဒဏ်ကြောင့် ခိုက်ခိုက်တုန်နေ၏။

သို့သော် သတိကိုတော့ လက်လွတ်မခံရဲ။ ဒဟပ် ကုန်းရွာနှင့် အတော်အတန်ဝေးခဲ့ပြီ။ ရဲဘော်ဖြူတို့ ရန်မှ ဝေးခဲ့ပြီဆိုသည်ကို စိတ်ထဲက ခိုင်ခိုင်လုံလုံ တွေးနေမိသည်။

အချမ်းလွန်ကဲလာသောအခါ  အမှောင်ထဲတွင် ဟိုဟိုသည်သည်  လှမ်းမျှော်ကြည့်သည်။  မီးရောင် တစ်ခုကိုမြင်ရသောအခါ ထိုနေရာသို့ တရွေ့ရွေ့တွား လာမိသည်။

ကိုင်းတောကမ်းစပ်မှသည် လယ်ကွင်း၊ လယ်ကွင်း မှသည် ကုန်းပြင်၊ ကုန်းပြင်မှသည် နွားတဲတစ်ခုသို့ ရောက်လာ၏။

နွားတဲထဲတွင် နွားလေး၊ ငါးကောင်ကို တွေ့ရသည်။ ထိုနွားများအလယ်တွင် မီးဖိုတစ်ဖို၊ ထိုမီးဖို၌ပင် ကိုထွန်းငြိမ်းသည် တစ်ကိုယ်လုံးမီးကင်၍ တစ်ညလုံး ငိုက်မြည်းနေမိသည်။   

 

    ဆက်လက်ဖော်ပြပါမည်။