ကန်ကြီးထောင့်မြို့နယ်ရှိ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ထုတ်ပေးပြီး Biometric ကောက်ယူမှုကြည့်ရှုအားပေး

 

ကန်ကြီးထောင့်မြို့နယ်ရှိ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ထုတ်ပေးပြီး Biometric ကောက်ယူမှုကြည့်ရှုအားပေး

နေပြည်တော်  ဖေဖော်ဝါရီ  ၈

 

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကန်ကြီး ထောင့်မြို့သို့သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကန်ကြီးထောင့်မြို့နယ် ဦးစီးမှူးရုံး၌  မြို့နယ်ရုံးဝန်ထမ်း များနှင့်တွေ့ဆုံရာ ရှေးဦးစွာ မြို့နယ်ဦးစီးမှူးက မြို့နယ်ရုံး၏ လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကာ မြို့နယ်ရုံးမှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျ သိမ်းဆည်းထားရှိမှုနှင့် ရုံးခန်းများ အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါမြို့နယ်ရုံး၌ ဝန်ထမ်းများက ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ထုတ်ပေးကာ e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ ဂဏန်း ၁၀  လုံးပါ Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများကို  ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးသို့သွားရောက်၍ ရုံးခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ  ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို ရင်းနှီးချစ်ကြည်စွာ လက်ရည်တစ်ပြင်တည်း အတူတကွသုံးဆောင်ခဲ့ပြီး ဝန်ထမ်းစားရိပ်သာအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများတွေ့ဆုံ၍  လာမည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ်အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလုပ်ငန်းစဉ်အားလုံးသည် မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်းကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်၏ e-Government စနစ် အကောင်အထည်ဖော်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ်ကိုလည်း မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယခုအခါ နိုင်ငံသားကတ်ရှိပြီးသူများနှင့်  နိုင်ငံသားကတ်ပြားအသစ် လျှောက်ထားရယူသူများကို Biographic/Biometric  ကောက်ယူကာ  ရုံးချုပ်ရှိ e-ID Server ရှိ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်၍  Unique ID နံပါတ်များ ထုတ်ပေးဆောင်ရွက်လျက်ရှိကြောင်း။ 

ယင်းလုပ်ငန်းစဉ်သည်လည်း  တိကျမှန်ကန်သော မဲစာရင်းပြုစုရာတွင်လည်းကောင်း၊ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြား ရရှိကိုင်ဆောင်နိုင်ရေးအတွက် လည်းကောင်း များစွာအထောက်အကူပြုသည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ကြောင်း၊ ယခုဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အားလုံးသည် နိုင်ငံတော်၏အနာဂတ်အတွက် အရေးကြီးသည့် လုပ်ငန်းများဖြစ်သကဲ့သို့ သတ်မှတ်ကာလအတွင်း လျာထားချက်များ ပြည့်မီပြီးစီးရမည့် လုပ်ငန်းစဉ်များဖြစ်သည်နှင့်အညီ ဝန်ထမ်းအားလုံးက ဒေသအာဏာပိုင်များ၊ ဆက်စပ်ဝန်ကြီး ဌာနအဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်းကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်  တိုက်တွန်းကြောင်း အကျယ်တဝင့်ရှင်းလင်းမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။