ခေတ်မီစက်မှုလယ်ယာစနစ် ကူးပြောင်းရေးကို အထောက်အကူပြုသည့် အရည်အသွေးပြည့်ဝသော စက်မှုလယ်ယာကျွမ်းကျင် လုပ်သားအင်အားစုများ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိ

 

ခေတ်မီစက်မှုလယ်ယာစနစ် ကူးပြောင်းရေးကို အထောက်အကူပြုသည့် အရည်အသွေးပြည့်ဝသော စက်မှုလယ်ယာကျွမ်းကျင် လုပ်သားအင်အားစုများ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး  ဦးဗိုလ်ဗိုလ်ကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၆ ရက်တွင် မိတ္ထီလာမြို့  စက်မှုလယ်ယာဗဟို သင်တန်းကျောင်းသို့ရောက်ရှိပြီး  သင်တန်းတက်ရောက်လျက်ရှိကြသည့် လယ်ယာသုံးစက် ကိရိယာ ကျွမ်းကျင်မှု လက်မှတ်ရသင်တန်း      အမှတ်စဉ်(၂) သင်တန်းသားများနှင့် အမှတ်စဉ် (၂/၂၀၂၃-၂၀၂၄) လယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှု (အထူး)သင်တန်း သင်တန်းသားများအား တွေ့ဆုံသည်။

တွေ့ဆုံစဉ်   ပြည်ထောင်စုဝန်ကြီးက ခေတ်မီစက်မှုလယ်ယာစနစ် ကူးပြောင်းရေးကို အထောက်အကူပြုသည့် အရည်အသွေးပြည့်ဝသော    စက်မှုလယ်ယာကျွမ်းကျင်လုပ်သားအင်အားစုများ လေ့ကျင့်မွေးထုတ်ပေးရန်   ဝန်ကြီးဌာနကလိုအပ်ချက်များ ဖြည့်ဆည်းအားပေးလျက် ရှိကြောင်း၊ နည်းပညာအသစ်များ ထွက်ပေါ်နေမှုကို လူငယ်များ အမီလိုက်နိုင်ရေး   စဉ်ဆက်မပြတ် လေ့လာအားထုတ်နေရန် လိုအပ်ကြောင်း၊ လက်ရှိအခြေအနေတွင် လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်သူများစွာ လိုအပ်ချက်ရှိနေခြင်းကြောင့်  သင်တန်း ပြီးမြောက်ပါက အလုပ်အကိုင်အခွင့်အလမ်းများ ရှိနေကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင်  ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်း၏ သင်ကြားရေးလေ့ကျင့်ရေး လုပ်ငန်းများ၊ သင်တန်းသားအိပ်ဆောင်များ၊ စားရိပ်သာနှင့် အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးမြို့ ကုန်းတန်းကြီးကျေးရွာအုပ်စု သန့်စင်ကြယ်ကျေးရွာ အနီးရှိ တိုင်းရင်းကြက် မွေးမြူရေးသုတေသနနှင့် မျိုးထိန်းမျိုးပွားခြံ၏   လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး  ခြံတည်ထောင်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အတိုင်း ဒေသကြက်မျိုးရင်းများ ထိန်းသိမ်းခြင်း၊   မျိုးရင်းများထုတ်လုပ်ဖြန့်ဖြူးခြင်းများကို ဘဏ္ဍာနှစ်အလိုက် စီမံဆောင်ရွက်ရန်၊ မျိုးမြှင့်ကြက်မျိုးများ မျိုးစပ်သုတေသနပြု ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်၊ တစ်နိုင်တစ်ပိုင် မွေးမြူသူများမှ စီးပွားဖြစ်မွေးမြူ ခြင်းအထိ မွေးမြူလုပ်ကိုင်သူများ၏ လိုအပ်ချက်အပေါ်မူတည်၍ မျိုးရင်းများ ထုတ်လုပ် ဖြန့်ဖြူးခြင်းကို တိုးချဲ့ဆောင်ရွက်သွားရန်၊ ဒေသကြက်မွေးမြူရေးဆိုင်ရာ  အသုံးချ သုတေသနလုပ်ငန်းများကို တောင်သူများနှင့်ပူးပေါင်းဆောင်ရွက်ရန်၊ ကျေးလက်နေ ပြည်သူများအား ကြက်မွေးမြူခြင်းဆိုင်ရာ နည်းပညာများဖြန့်ဖြူးပေးရန်နှင့် မျိုးကောင်းမျိုးသန့်ကြက်များ ဖြန့်ဖြူးပေးရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မေထုန်မဲ့ ကြက်မျိုးစပ်ခြင်း လက်တွေ့သရုပ် ပြသမှုကို ကြည့်ရှုအားပေးသည်။

တိုင်းရင်းကြက် မွေးမြူရေးသုတေသနနှင့် မျိုးထိန်းမျိုးပွားခြံတွင်     စစ်တကောင်း၊ အင်ပင်ဝ၊ လည်ပြောင် ၊ ကြက်နက် ၊  ပုပ္ပ္ပားစသည့် တိုင်းရင်းကြက်များကို မျိုးထိန်းမျိုးပွား၍ မွေးမြူရေးတောင်သူများ၏ တောင်းဆိုချက် အရ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ မှော်ဘီ၊ တောင်သာ၊ နွားထိုးကြီး ၊ မြင်းခြံနှင့် ကယားပြည်နယ်တို့သို့ နှစ်စဉ်ဖြန့်ဖြူးပေးခဲ့ရာ ၂၀၂၂-၂၀၂၃    ဘဏ္ဍာနှစ်တွင်  တိုင်းရင်းကြက်ကောင်ရေ စုစုပေါင်း ၅၅၀၀ ကျော် ပေးပို့ဖြန့်ဖြူးပေးခဲ့ကြောင်း  သတင်းရရှိသည်။