မကွေးတိုင်းဒေသကြီးအတွင်း သစ်တောထိန်းသိမ်းရေးလုပ်ငန်းများအား ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ကြည့်ရှုစစ်ဆေး

 

မကွေးတိုင်းဒေသကြီးအတွင်း သစ်တောထိန်းသိမ်းရေးလုပ်ငန်းများအား ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ   ၈

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့ရှိ  ဒေါင်းနေအမြဲတမ်းပျိုးဥယျာဉ်၌  ဒေသခံများ၊  ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး တက်ရောက် လာသော ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့် ဒေသခံများကို သင်ကြားရေး အထောက်အကူပြုပစ္စည်းများ၊ ထောက်ပံ့ငွေနှင့် စွမ်းအင်ချွေတာနိုင်သော စွမ်းအားမြှင့်မီးဖိုများပေးအပ်ပြီး ပျိုးဥယျာဉ်အတွင်း သစ်မျိုး ၁၂ မျိုးဖြင့် ပျိုးပင်တစ်သိန်းကျော် ပျိုးထောင်ထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့နယ် ဂဲကြီးကုန်းကျေးရွာရှိ (၁/၂၀၂၂) ကျေးရွာသုံးထင်းစိုက်ခင်း ဧက၂၀ နှင့် (၁/၂၀၂၃) ကျေးရွာသုံးထင်းစိုက်ခင်း ဧက ၂၀  ရှင်သန်အောင်မြင်မှုကို လည်းကောင်း၊ မကွေးမြို့ မြို့မပျိုးဥယျာဉ်အတွင်း သစ်မျိုး ၁၇ မျိုးဖြင့် ပျိုးပင် ၇၅၀၀၀ ကျော်ပျိုးထောင်ထားရှိမှုနှင့် ပျိုးပင်များ၏ ကြံ့ခိုင်သန်စွမ်းမှု အခြေအနေကိုလည်းကောင်း၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာနရုံး၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ သဘာဝသစ်တောများထိန်းသိမ်းခြင်း၊ စိုက်ခင်းများတည်ထောင်ခြင်း၊ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများနှင့် သဘာ၀ ထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့ဖွဲ့စည်းခြင်း၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းခြင်း၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်း၊ တရားမဝင်သစ်နှင့် သတ္တုထုတ်ယူခြင်းများ  တားဆီးရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဂတိတရားကင်းရှင်းစွာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် မကွေးခရိုင် မြို့သစ်မြို့နယ် မြို့သစ်ကြိုးဝိုင်း အကွက်အမှတ်(၄)၊ (၅)၊ (၆)ရှိ သဘာဝတောကျန်များ ထိန်းသိမ်း ကာကွယ်ခြင်းလုပ်ငန်း ဧက ၁၀၀၀ အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် ငမင်ကြိုးဝိုင်း အကွက်အမှတ် (၂၁၆) ရှိ (၁/၂၀၂၀) စီးပွားရေးကျွန်းစိုက်ခင်း ဧက ၁၅၀ ရှင်သန်အောင်မြင်နေမှု၊ ငမင်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၁၆)၊ (၂၁၈) ရှိ တရုတ်-မြန်မာချစ်ကြည်ရေး သစ်မျိုးစုံစိုက်ခင်းဧက ၁၀၀ ရှင်သန်အောင်မြင်မှုနှင့် ထိန်းသိမ်းစောင့်ရှောက်ထားမှု၊ ငမင်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၁၅) ရှိ (၁/၂၀၁၂) စီးပွားရေး ကျွန်းစိုက်ခင်း ၇၅ ဧကနှင့် အကွက်အမှတ် (၂၁၈)ရှိ (၂/၂၀၁၂) စီးပွားရေးကျွန်းစိုက်ခင်း ၇၅ ဧက   ပင်ကျပ်နုတ်ခြင်း ဆောင်ရွက်နေမှု၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ် ငလိုက်ကြိုးဝိုင်း အကွက်အမှတ်  (၂၉)၊ (၃၀) ရှိ ၂၀၁၉ ခုနှစ် သစ်မျိုးစုံ ဂေဟဖြည့်စိုက်ခင်းဧက ၁၀၀   ရှင်သန်အောင်မြင်မှုအခြေ အနေကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည် များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။