ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

မိုးလင်းပိုင်းတွင် ဘုန်းတော်ကြီးကျောင်းမှ အုန်းမောင်းခေါက်သံကို ကြားရသည်။ နောက်တော့ အောက်ရွာနားကို ရောက်နေ မှန်းသိရသည်။ ထိုအခါ ဝေလီဝေလင်း အချိန်မှပင်   အောက်ရွာထဲဝင်ဖြစ်သည်။ ပြီး ရွာကလူတွေကို   အကူအညီတောင်း ကာ  ရွာပြင်ရှိ   အစိုးရစစ်တပ်သို့   ပို့ခိုင်း သည်။

သည်လိုနှင့် အစိုးရစစ်တပ်တွင် ရှေးဦး သူနာပြုကုသမှုကို  ခံယူကာ    စစ်တပ်မှ ကားနှင့် မင်းဘူးဆေးရုံသို့ ရောက်လာရ လေသည်။

ယခု မင်းဘူးဆေးရုံတွင် ရက်သတ္တပတ်မျှ ရှိလေပြီ။

မခင်မှီနှင့် သမီးလေးတို့အကြောင်းကို  တွေးနေစဉ်  ဆရာကြီးတို့  အိမ်သားတွေ ရောက်လာသဖြင့် အတွေးက ပြတ်သွား ရသည်။

အစ်ကိုငြိမ်း နေကောင်းတယ်နော်

တင်တင်မြိုင်သည် ယခင်နေ့များက မေးနေကျ မေးခွန်းများကိုမေးကာ ကိုထွန်း ငြိမ်းအတွက် ယူဆောင်လာသော ညနေစာ ထမင်းချိုင့်နှင့် ကော်ဖီထည့်လာသော ဓာတ်ဘူးတို့ကို    ခုံပေါ်လှမ်းတင်လိုက်သည်။

အင်း ကောင်းပါတယ်

ဘယ်နေ့ ဆင်းရမယ်ပြောလဲကွယ်

မနက်ဖြန်ဆင်းနိုင်ပြီလို့ ပြောပါတယ် ဒေါ်ဒေါ်

အေး အေး၊ အနာက နာတာ ကျင်တာ တွေတော့ မရှိတော့ပါဘူးနော်

မရှိပါဘူး  ဒေါ်ဒေါ်၊  အနာတွေက အပေါ်ယံ ရှပ်မှန်တာတွေပါ

အမှန်လည်း ဟုတ်ပေသည်။

ကိုထွန်းငြိမ်း၏ ကျောကုန်းနှင့်ခြေသလုံးက  ဒဏ်ရာတို့မှာ ရှပ်မှန်သော ဒဏ်ရာ တွေဖြစ်သဖြင့် တစ်ရက်၊ နှစ်ရက်အတွင်း၌ ပင် သက်သာခဲ့သည်။

အစ်ကိုငြိမ်း ညည အိပ်ပျော်ရဲ့လား

ပျော်ပါတယ် ညီမရယ်

တင်တင်မြိုင်သည်    တစ်စုံတစ်ခုကို ပြောမလိုနှင့်  ကိုထွန်းငြိမ်း၏မျက်နှာကို ငေးကြည့်ကာ တွေနေသည်။

ကိုလင်းဆီက  စာလာတယ်။  သူ ခု ကချင်ပြည်နယ်ဘက်ရောက်နေတယ်တဲ့။ ရှေ့တန်းဆိုတော့ တိုက်ပွဲက နေ့စဉ်လိုလို ပါပဲတဲ့။ ဒါပေမဲ့ တိုင်းပြည်ကို ကာကွယ် ပေးနေရတဲ့    နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေရတာမို့ ကျေနပ် ပါတယ်တဲ့။  သူကတော့ စစ်သားလုပ်ချင် တဲ့လူမို့ ပျော်မှာပေါ့ အစ်ကိုငြိမ်းရယ်

အင်း

ကိုထွန်းငြိမ်း၏စိတ်က သူ့ညီဆီ ချက် ချင်းရောက်သွားမိပြန်သည်။ သူ့ညီ စစ်ထဲ ဝင်သွားသည်နှင့်ပတ်သက်၍ သူ့ညီပြော  ကြားခဲ့သော စကားများကို ကြားယောင် လာပြန်သည်။

အစ်ကိုငြိမ်းအကြောင်း   ညီမစာထဲ ထည့်ရေးပေးလိုက်ရမလားဟင်

မရေးပါနဲ့ ညီမရယ်၊ မောင်လင်းသိရင် စိတ်မကောင်းဖြစ်နေပါဦးမယ်

တင်တင်မြိုင်တို့သားအမိပြန်သွားကြ သောအခါ ကိုထွန်းငြိမ်းမှာ ဒဟပ်ကုန်း တွင် ကျန်ရစ်ခဲ့သော မခင်မှီနှင့် သမီးလေး အကြောင်း ဆက်တွေးနေပြန်သည်။

တင်တင်မြိုင်မေးစဉ်ကမူအိပ်ပျော်ပါတယ်ဟု  ဖြေခဲ့ရသော်လည်း အမှန်မှာ ကိုထွန်းငြိမ်းသည် တစ်နေ့မှ အိပ်မပျော် ခဲ့ပေ။  မခင်မှီနှင့်  သမီးလေးအကြောင်း၊ မခင်မှီတို့အမေအကြောင်း   တွေးမိပြီဆို လျှင် ရင်ထဲအလိုလို ပူလောင်လာတတ် သည်။

ရဲဘော်ဖြူများသည် သူနှင့်ပတ်သက်၍ မခင်မှီတို့သားအမိကို အပြစ်များလုပ်နေ ကြလေမလား။ သူ့အတွက် မခင်မှီခမျာ မည်မျှစိုးရိမ်နေရှာမည်နည်း။     သူ့မှာ ဒဏ်ရာရလာသော်လည်း ယခုလို ကျန်း ကျန်းမာမာ ရှိနေသည်ကိုပင်  မခင်မှီခမျာ သိရှာမည်မဟုတ်ပေ။

တွေးကြည့်လျှင် ကိုထွန်းငြိမ်းအတွက် ရင်ဆို့စရာချည်းပင်တည်း။

ညကဆိုလျှင် အိပ်မပျော်၍ အိပ်ဆေး ပင် တောင်းသောက်ရလေသည်။ ဒီလိုနှင့်ပင်  နောက်တစ်နေ့မှာ  ကိုထွန်းငြိမ်းသည် ဆေးရုံက ဆင်းလာရလေသည်။

 

ဆေးရုံက ဆင်းလာရပြီဖြစ်သော်လည်း ကျောကုန်းကဒဏ်ရာနှင့်   ခြေသလုံးက ဒဏ်ရာတို့ကို ဆေးရုံတွင် နေ့စဉ်ဆေးသွား ထည့်ရသည်။ အတွင်းလူနာအဖြစ်မှသည် အပြင်လူနာအဖြစ် ဆေးကုသမှုကို ခံနေရ သေးသည်။

ဆေးရုံက ပြန်လာတိုင်း ကိုထွန်းငြိမ်း သည် ဈေးထဲသို့ ရောက်တတ်သည်။ ဈေး ထဲတွင်  ဒဟပ်ကုန်းက  လူများကိုတွေ့လို တွေ့ငြားရှာတတ်သည်။  ဒဟပ်ကုန်းက လူများကိုတွေ့လျှင် မခင်မှီတို့သတင်းကို သိရမည်မဟုတ်ပါလား။

မခင်မီတို့သတင်းကို သိရလျှင် ယုံကြည်စိတ်ချရသော သူများဖြစ်ပါက မင်းဘူးသို့ လိုက်လာကြရန် မှာလိုက်ရပေမည်။

ဒီလိုနှင့်ပင်  ကိုထွန်းငြိမ်းဒဏ်ရာမှာ လုံးလုံးလျားလျားသာ ပျောက်သွားသည်။ ဒဟပ်ကုန်းက လူတွေကိုကား ဈေးထဲတွင် တစ်ယောက်တလေကိုမျှ  မတွေ့ရသေး။ ယခုဆိုလျှင် ဆေးရုံမှဆင်းလာသည်မှာပင် တစ်လကျော်ခဲ့ပြီ။ သို့သော် ဇွဲမလျှော့ သော ကိုထွန်းငြိမ်းသည် နံနက်တိုင်းဈေး ထဲရောက်သည်။ ယခုထိ သူအလုပ်ဆက် လုပ်နေသော ကိုရဲမြင့်အမေ၏ပွဲရုံအသွားတွင် လမ်းကလည်း ကြုံနေလေသည်။

ဆက်လက်ဖော်ပြပါမည်။