ဝမ်းရေးထက်ပင် ခက်ပါသည်

 

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

“ဒေါ် ဒေါ်ဒေါ်သန်း ဝမ်းသာလိုက်တာဗျာ။ ကျွန်တော် ကိုယ့်ရွာက လူတွေ တွေ့ချင်လို့ နေ့တိုင်း ဈေးထဲရောက်တယ်။ တစ်ယောက်မှ မတွေ့ရဘူး။ ဒီနေ့မှ ဒေါ်ဒေါ်သန်းတို့ကိုတွေ့ရတာ ဝမ်းသာလိုက်တာ”

တစ်နေ့မှာ ဒဟပ်ကုန်းက အမျိုးသမီးကြီး သုံးယောက်ကို ဈေးထဲတွင် တွေ့ရသဖြင့် သူနှင့်အရင်းနှီးဆုံး မခင်မှီတို့အိမ်နှင့်လည်း အနီးဆုံးဖြစ်သူ ဒေါ်သန်းဆိုသူကို အားရဝမ်းသာ နှုတ်ဆက်မိသည်။

သူကသာ အားရဝမ်းသာ နှုတ်ဆက်မိသော်လည်း ဒေါ်သန်းတို့အနေဖြင့် သူ့ကို ရုတ်တရက်တွေ့လိုက်ရတော့ အံ့သြ၍ ကြောင်နေကြသည်။ သူတို့အနေဖြင့် ကိုထွန်းငြိမ်းသည် ဦးဘကျော်ဆုံးသော ညကပင် သေနှင့် ပြီ မဟုတ်ပါလား။

“ဟင် ဒေါ်ဒေါ်သန်း၊ မခင်မှီတို့သားအမိတွေ နေကောင်းကြတယ် မဟုတ်လားဟင်”

“အင်း  မင်းကိုတွေ့ရတာ အဒေါ်တို့ ဘယ်က ဘယ်လိုပြောရမှန်း တောင် မသိတော့ပါဘူး မောင်ထွန်းငြိမ်းရယ်”

“ဟင် ဘာဖြစ်လို့လဲ ဒေါ်ဒေါ်၊ မခင်မှီ ဘာများဖြစ်လို့လဲဟင်”

ဒေါ်သန်း၏စကားကြောင့် ကိုထွန်းငြိမ်း၏စိတ်မှာ  ချက်ချင်းပူပန် သွားရသည်။

“ကဲ ထိုင်ပါဦး လူလေးရယ်”

ဒေါ်သန်းက သက်မကို ဟင်းခနဲချ၍ ဆိုသည်။ နောက် အဒေါ်ကြီး နှစ်ယောက်မှာလည်း မျက်နှာပျက်နေကြ၏။

ကိုထွန်းငြိမ်းသည် ဒေါ်သန်းရှေ့ကွပ်ပျစ်ပေါ်တွင် ထိုင်ချလိုက်ပြီး မခင်မှီတို့အကြောင်းကို သိလိုဇောနှင့် ဒေါ်သန်းမျက်နှာကိုသာ ငေးငေး ငိုင်ငိုင် ကြည့်နေရှာသည်။

အဒေါ်တို့က မင်းယောက္ခမ ဦးဘကျော်ဆုံးတဲ့ညကပဲ မင်းကိုလည်း ဆုံးပြီလို့ ထင်နေကြတာ။ လက်ပတ်ဖြူတွေကပြောတော့ သူတို့လိုက်ပစ်လို့ မင်းသေပြီလို့ ပြောကြတာကိုး။

သူ့ယောက္ခမဦးဘကျော် သေဆုံးသွားပြီဟူသော သတင်းကို ကြားရပြန်သောအခါ ကိုထွန်းငြိမ်းမှာ စိတ်မကောင်းဖြစ်ရပြန်သည်။

အမှန်က သူသည် ဦးဘကျော်အား သေစေလိုသောစိတ်နှင့် ပစ်သတ် မည်ဟူသော သဘောနှင့်  သေနတ်ကို လုခဲ့ခြင်းမဟုတ်။ မိမိအသက်ကို မိမိကာကွယ်ခြင်းသာဖြစ်၏။ သို့သော် ထိုမတော်တဆသည် ယခုတော့ ဦးဘကျော် အသက်ဆုံးရှုံးခဲ့ရလေပြီ။

“လက်ပတ်ဖြူတွေလိုက်ပစ်တာ ကျွန်တော်လည်း မသေရုံတစ်မည်ပါပဲ ဒေါ်ဒေါ်သန်း။ ကျောရိုးနဲ့ခြေသလုံးကို သေနတ်မှန်လို့ ဆေးရုံတက်ရသေးတယ်။ ခု ဆေးရုံကဆင်းတာ သိပ်တောင်မကြာသေးဘူး”

“အင်း မင်းကတော့ သေကံမရောက် သက်မပျောက်လို့ တော်သေးတာပေါ့ကွယ်။ ဟို ဟိုမှာကတော့”

“ဟင် ဟိုမှာ၊ ဘာတွေ ဘယ်လိုဖြစ်ကြတာလဲ ဒေါ်ဒေါ်ရယ်။ ပြောစမ်းပါဦး

“မင်း ဦးဘကျော်ဆီက သေနတ်ကိုလုပြီး ဦးဘကျော်ကို ပစ်သတ်လိုက်တဲ့ည၊ ပြီးတော့ နောက်...”

“ကျွန် ကျွန်တော်၊ ဦးလေး ဦးဘကျော်ကို ပစ်သတ်တာ မ မဟုတ်ပါဘူး။ ဒေါ်ဒေါ်။ သူကသာ ကျွန်တော့်ကို ပစ်သတ်မယ်လို့ လုပ်လို့ကာကွယ်ရင်း မတော်တဆ ဖြစ်သွားကြရတာပါ ခင်ဗျာ”

“အေးလေကွယ် တို့ကလည်း မင်း ဒီလောက်ထိတော့ ရက်စက်လိမ့်မယ်လို့ မထင်မိကြပါဘူး။ ဒါပေမဲ့ လက်ပတ်ဖြူတွေကတော့ ဦးဘကျော်ကို မင်း ပစ်သတ်သွားတယ်ပဲ ပြောကြတာကိုး”

“မဟုတ်ဘူး ဒေါ်ဒေါ်၊ အဲဒါ သူတို့ သက်သက်အထင်လွဲကြတာ”

“အေး ထားလိုက်ပါတော့ကွယ်။   အဲဒီဦးဘကျော်သေပြီးနောက် နှစ်ရက်လောက်အကြာမှာ ထင်ပါရဲ့၊ လက်ပတ်ဖြူတွေဟာ ရွာထဲကို ရောက်လာကြပြီး မခင်မှီကို ညကြီးမင်းကြီး အိမ်ပေါ်က ဆွဲချခေါ်သွား ကြတယ်။ မခင်မှီရဲ့ အော်ငိုသံကြားရပေမယ့် ဘယ်သူမှ ထွက်မကြည့်ရဲကြဘူး။ လက်ပတ်ဖြူတွေကလည်း  မဆိုင်တဲ့သူမထွက်နဲ့  တစ်ရွာလုံး သေကုန်မယ်လို့ ကြိမ်းတော့ ကြောက်ကြတာပေါ့ကွယ်”

“တောက် သိပ်ယုတ်မာတဲ့ လူတွေ၊ မ မခင်မှီမှာ ဘာအပြစ်ရှိလို့ သူတို့ ဒီလိုနှိပ်စက်ကြရတာလဲ။ ပြီးတော့ သူ သူတို့ မခင်မှီကို ဘယ်ခေါ် သွားကြတာလဲ ဒေါ်ဒေါ်၊ သူတို့ မခင်မှီကို ဘာလုပ်ကြသေးလဲ”

ဒေါ်သန်း၏စကားကြောင့် ကိုထွန်းငြိမ်းမှာ ရဲဘော်ဖြူတွေကို ဒေါသ ဖြစ်ရသလို မခင်မှီအတွက်ကိုလည်း အစိုးရိမ်ကြီး စိုးရိမ်လိုက်ရသည်။

“သူတို့က မခင်မှီကို ရွာပြင်ဆွဲထုတ်ကြပြီး သိပ်မကြာပါဘူးကွယ်၊ သေနတ်သံနှစ်ချက် ကြားလိုက်ရတယ်။ မိုးလင်းခါနီးမှာ အိမ်ကိုပါ သူတို့ မီးရှို့ပစ်လိုက်ကြတာပါပဲ”

ဤတစ်ခါတော့ ကိုထွန်းငြိမ်းမှာ ယောက်ျားရင့်မာကြီးပင် ဖြစ်လင့်ကစား စိတ်ကိုတင်းထား၍ ဘယ်လိုမှမရတော့ဘဲ ချုံးပွဲချ ငိုလိုက်မိသည်။

ဒေါ်သန်း၏စကားက သူ့အတွက် ကမ္ဘာပျက်လေပြီ။

သူ၏ပယောဂကြောင့် ရဲဘော်ဖြူများသည် မခင်မှီကိုလည်းကောင်း၊ မခင်မှီအမေကို လည်းကောင်း၊ လူ့လောကကြီးကို ဝင်ရောက်လာသည်မှာ တစ်လကျော်သာ ရှိသေးသော   ဘာမှအပြစ်မရှိသည့်   သူ့သမီးလေး ခင်ခင်ငြိမ်းကို လည်းကောင်း ရက်ရက်စက်စက် လူမဆန်စွာ သတ်ပစ်လိုက်ကြလေပြီ။

ကိုထွန်းငြိမ်းမှာ အရူးတစ်ယောက်ပမာ ဖြစ်ရပြီ။

 ဈေးထဲ ဒေါ်သန်းတို့ရှေ့တွင် မရှက်နိုင်၊ မကြောက်နိုင် အကြိမ်ကြိမ် ဟီးချ၍ ငိုသည်။

ဒေါ်သန်းတို့ကို နှုတ်ဆက်ရန် သတိမရ၊ မိုးရွာနေသည်၊ နေပူနေသည် ကိုလည်း သတိမရ၊  သူလာစဉ်က  လက်ထဲကကိုင်လာသောထီးကို ယူရန်လည်း သတိမရ၊ ငိုကြီးချက်မနှင့် ဈေးထဲက ပြေးထွက်လာမိသည်။

ဆက်လက်ဖော်ပြပါမည်။