ရာဖာမြို့ကို အစ္စရေးတို့ဗုံးကြဲမှု ပါလက်စတိုင်းပြည်သူ ၂၅ ဦးသေဆုံး

 

 

ရာဖာမြို့ကို အစ္စရေးတို့ဗုံးကြဲမှု ပါလက်စတိုင်းပြည်သူ ၂၅ ဦးသေဆုံး

 

ဂါဇာကမ်းရိုးတန်းတောင်ပိုင်း ရာဖာမြို့ရှိနေအိမ်တစ်လုံးက အစ္စရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၁ ရက်တွင် ဗုံးကြဲတိုက် ခိုက်မှုလုပ်ဆောင်ရာ ပါလက်စတိုင်းပြည်သူအနည်းဆုံး ၂၅ ဦးသေဆုံးကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်ချိန်တွင် အဆိုပါ နေအိမ်၌ စစ်ဘေးရှောင်သူ အများအပြား နေထိုင်နေကြောင်းနှင့် ယင်းသို့ တိုက်ခိုက်မှုကြောင့် လူဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရမှုများရှိကြောင်း ပါလက်စတိုင်းတို့၏ WAFA သတင်းဌာနက ဖော်ပြထားသည်။

အစ္စရေးတို့၏  ဗုံးကြဲတိုက်ခိုက်မှုသည် ရာဖာမြို့ကိုမြေပြင်ထိုးစစ်ဆင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အစ္စရေး၏ လုပ်ဆောင်ချက်ကို တားမြစ်ပေးရန် တောင်းဆိုကြောင်း ရာဖာမြို့တော်ဝန်က ပြောသည်။

ထို့ပြင် ရာဖာမြို့၌ မှီတင်းနေထိုင်လျက်ရှိသည့် ပါလက်စတိုင်းပြည်သူ ၁ ဒသမ ၄ သန်းကျော်ရှိသောကြောင့် စစ်ရေးအရ တိုက်ခိုက်မှုသည် လူအစုလိုက်အပြုံလိုက်သေဆုံးမှုနှင့် သွေးချောင်းစီးမှုကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း ၎င်းက  ဆက်ပြောသည်။

အလားတူ လက်ရှိရာဖာမြို့၏အခြေအနေသည် ဝမ်းနည်းစရာ အခြေအနေဖြစ်ကြောင်း၊ အထူးသဖြင့် ရာဖာမြို့ကိုဖြတ်သန်းဝင်ရောက်လာသည့်    ကူညီထောက်ပံ့မှုများအားလုံးသည် မြို့နေပြည်သူများအနက် ၁၀ ရာခိုင်နှုန်းအတွက်သာ ဖူလုံမှုရှိကြောင်းနှင့် ထိုသို့ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက အငတ်ဘေးဆိုက် သွားနိုင်ကြောင်း မြို့တော်ဝန်ကပြောထားသည်။

အစ္စရေးစစ်ဘက်သည် ဂါဇာမြို့တောင်ပိုင်း ခန်းယူနစ်မြို့အပေါ် တိုက်ခိုက်မှုများ အပြင်းအထန် လုပ်ဆောင်စဉ်အတွင်း ထိုမြို့နေပြည်သူများမှာ ရာဖာမြို့သို့ ထွက်ပြေးသွားရခြင်းဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက စစ်ဘက်အနေဖြင့်    ရာဖာမြို့ကို မြေပြင်စစ်ဆင်ရေး လုပ်ဆောင်ရန် အသင့်ပြင်ဆင် ထားရေးအတွက် ညွှန်ကြားချက်ပေးပြီးနောက်     ယခုကဲ့သို့ တိုက်ခိုက်မှုများကို လုပ်ဆောင်လာခြင်း ဖြစ်သည်။

Ref: Xinhua