အိန္ဒိယနှင့်ရုရှားတို့က ကာလရှည်ရေနံရောင်းဝယ်ရေး သဘောတူညီချက်အတွက် ဆွေးနွေးနေ

 

အိန္ဒိယနှင့်ရုရှားတို့က ကာလရှည်ရေနံရောင်းဝယ်ရေး သဘောတူညီချက်အတွက် ဆွေးနွေးနေ

အိန္ဒိယနိုင်ငံနှင့်ရုရှားနိုင်ငံတို့က ကာလရှည်ရေနံရောင်းဝယ်ရေး သဘောတူညီချက်နှင့်ပတ်သက်၍ ဆွေးနွေးလျက်ရှိကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါဆွေးနွေးမှုတွင် အိန္ဒိယနိုင်ငံဘက်က နိုင်ငံပိုင်ရေနံချက်စက်ရုံများဖြစ်သည့် Indian Oil၊ Bharat Petroleum နှင့် Hindustan Petroleum တို့ပါဝင်ကာ ရုရှားနိုင်ငံဘက်က Rosneft ကုမ္ပဏီနှင့် ဆွေးနွေးခြင်းဖြစ်သည်။

ဆွေးနွေးမှုသည် လက်ရှိလုပ်ဆောင်နေသည့် ရေနံစိမ်းများကို တစ်ကြိမ်ဝယ်တစ်ခါပို့လုပ်နေမည့်အစား ပုံမှန်တင်ပို့ရောင်းချမှုလုပ်ဆောင်နိုင်ရေးအတွက် သဘောတူညီချက်ရရှိရန်  ဦးစားပေးဆွေးနွေးခြင်း ဖြစ်သည်။

အိန္ဒိယရေနံချက်စက်ရုံများအနေဖြင့် ရုရှားထံမှတစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၅ သိန်းအထိစဉ်ဆက်မပြတ် ပို့ဆောင်ပေးနိုင်ရေး မျှော်မှန်းထားသည်။

ထို့ပြင် ငွေပေးချေမှုကိစ္စများနှင့် ပို့ဆောင်မှုနှောင့်နှေးသည့် ကိစ္စရပ်များအတွက် ဒဏ်ကြေးများ ပေးဆောင်ရမှုမရှိစေရန် သဘောတူညီချက်များ ထည့်သွင်းနိုင်ရေး လုပ်ဆောင်လျက်ရှိသည်။

အိန္ဒိယရေနံချက်စက်ရုံများအနက် Indian Oil ကုမ္ပဏီက Rosneft ကုမ္ပဏီနှင့် ၂၀၂၀ ပြည့်နှစ်ကတည်းက သဘောတူ ညီချက်တစ်ခု    ရရှိထားပြီးဖြစ်သည်။ ထိုသဘောတူညီချက်အရ Indian Oil ကုမ္ပဏီက Rosneft ကုမ္ပဏီမှ တစ်နှစ်လျှင် ရေနံစိမ်းတန်ပေါင်း ၂ သန်းအထိ တင်သွင်းရမည်ဖြစ်သည်။

ကမ္ဘာပေါ်တွင်   ရေနံစိမ်းကိုတတိယမြောက် အများဆုံးတင်သွင်းသူဖြစ်သည့် အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့် နှစ်နှစ်ကျော် ကာလအတွင်း ရုရှားနိုင်ငံမှရေနံစိမ်းများကို တိုးမြှင့်တင်သွင်းမှုများ လုပ်ဆောင်လာသည်။

ပြီးခဲ့သည့်နှစ်တွင် ရုရှားနိုင်ငံသည် အိန္ဒိယနိုင်ငံသို့ တစ်ရက်လျှင်   ပျမ်းမျှအားဖြင့် ရေနံစိမ်းစည်   ၁ ဒသမ ၇၅ သန်းကို တင်ပို့ခဲ့ရကြောင်း သိရသည်။     

Ref: RT