နောက်တစ်ကြိမ် ကမ္ဘာ့ကပ်ရောဂါကိုဖြစ်လာစေနိုင်မယ့် ရောဂါ  မျိုး (၁)

 

နောက်တစ်ကြိမ် ကမ္ဘာ့ကပ်ရောဂါကိုဖြစ်လာစေနိုင်မယ့် ရောဂါ  မျိုး (၁)

ဒီနှစ်အစောပိုင်းတုန်းက ဆွစ်ဇာလန်နိုင်ငံ ဒါဗို့မြို့မှာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ   ကျန်းမာရေး နယ်ပယ်မှာရှိတဲ့ ခေါင်းဆောင်တွေကလည်း စီးပွားရေးကိစ္စထက် ကျန်းမာရေးကိစ္စကို ဦးစားပေး တစ်ရပ်အနေနဲ့ ဆွေးနွေးခဲ့ပါသေးတယ်။

အဓိကဆွေးနွေးဖြစ်တဲ့ အကြောင်းရင်းကတော့ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ X ရောဂါနဲ့ပတ်သက်ပြီး ကြိုတင် ပြင်ဆင်မှုတွေ  ဘယ်လိုလုပ်ရမလဲ ဆိုတဲ့အကြောင်းပါ။ X ဆိုတာက မသိကိန်း သဘောမျိုးထားထားတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်ထဲမှာ X ရောဂါဆိုတာကို လက်ရှိအချိန်အထိမသိနိုင်သေးပေမယ့်လည်း  တစ်ချိန်ချိန်မှာ ဒေသတွင်းကပ်ရောဂါ သို့မဟုတ် ကမ္ဘာ့ကပ်ရောဂါအဖြစ်ကို ရောက်ရှိလာနိုင်တယ်လို့ မျှော်မှန်းထားတဲ့ရောဂါပါ။

အခုပညာရှင်တွေဆွေးနွေးမှု လုပ်တယ်ဆိုတာကလည်း အကယ်၍များ X ရောဂါဖြစ်ပွားလာခဲ့ရင်  ဘယ်လိုမျိုး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမလဲ။  ပြီးတော့ ကာကွယ်ဆေးကိုလည်း ဘယ်လိုမျိုးအမြန်ဆုံးထုတ်လုပ်နိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုတွေလုပ်ထားဖို့ ဖြစ်ပါတယ်။

တကယ်တမ်းကျတော့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့က X ရောဂါဆိုတာကို ၂၀၁၈ ခုနှစ်ကတည်းက သူတို့စီမံချက်ရဲ့ ဦးစားပေးရောဂါပိုးစာရင်းထဲမှာ ထည့်ထားခဲ့တာပါ။

အဲဒီအသေးစိတ် စီမံချက်ဆိုတာက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ သုတေသနပြုမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကို အရှိန်အဟုန်နဲ့  အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်တယ်လို့သတ်မှတ်ထားတဲ့ ရောဂါပိုးစာရင်းဖြစ်ပါတယ်။ ဒီစာရင်းကိုတော့  အခုနှစ်မှာ နောက်ဆုံးအခြေအနေနဲ့အညီ  အဆင့်မြှင့်တင်မှုတွေလုပ်သွားဖို့ ရှိပါတယ်။

လက်ရှိအချိန် အထိတော့ X ရောဂါဆိုတာ ဘာမှန်းမသိနိုင်ပေမယ့်လည်း နောက်တစ်ကြိမ် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုဆီ ဦးတည်နေဆဲဖြစ်တဲ့ ရောဂါနဲ့  ရောဂါပိုး ၈ မျိုးရှိနေတာကိုတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နဲ့  ကျွမ်းကျင်ပညာရှင်များက တညီတညွတ်တည်း အတည်ပြုထားကြပါတယ်။

အဲဒီရောဂါပိုးတွေထဲမှာ  ဘာတွေပါမလဲ။  သူတို့နဲ့ပတ်သက်ပြီးကျွန်တော်တို့အနေနဲ့  ဘာတွေသိထားသင့်လဲ ဆိုတာကို ဒီနေရာကနေ အသိပေးသွားပါမယ်။

နောက်ထပ်ကိုရိုနာဗိုင်းရပ်

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့   ၂၀၁၈  ခုနှစ် အသေးစိတ်စီမံချက်ထဲမှာ   အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါစု  ကိုရိုနာဗိုင်းရပ်(MERS-CoV))နဲ့ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါစု (SARS)တို့  ပါဝင်ပါတယ်။

အဲဒီနှစ်မျိုးစလုံးက ကိုရိုနာဗိုင်းရပ်တွေချည်းပါပဲ။ အထူးသဖြင့် တိရစ္ဆာန်တွေကနေ လူသားတွေဆီကိုကူးစက်ပြီး ပြင်းထန်တဲ့ရောဂါပိုးကူးစက်ပျံ့နှံ့မှုတွေကိုဖြစ်စေခဲ့တာ အားလုံးအသိပါပဲ။ အထူးသဖြင့် ၂၀၂၀ ပြည့်နှစ်မှာပေါ့။ ဒါကြောင့် နောက်ထပ် ကမ္ဘာ့ကပ်ရောဂါဖြစ်မယ်ဆိုရင် နောက်ထပ်ကိုရိုနာဗိုင်းရပ်ကြောင့်ဖြစ်နိုင်ခြေရှိတယ်လို့    ပြောရတာပါ။

တကယ်တမ်းတော့ ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေတဲ့(SARS-CoV-2) ရောဂါပိုးဟာ ဓာတ်ခွဲခန်းကနေ ထွက်လာသည်ဖြစ်စေ၊ တိရစ္ဆာန်တွေကနေတစ်ဆင့် ကူးစက်သည်ဖြစ်စေ ဗိုင်းရပ်များနဲ့ တခြားရောဂါပိုးတွေဟာ တိရစ္ဆာန်တွေဆီကနေ လူသားတွေဆီကို လျင်လျင်မြန်မြန်ကြီး ကူးစက်လာနေတယ်ဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မား(စ်)ရောဂါဖြစ်စေ၊ ကိုဗစ်-၁၉ ရောဂါဖြစ်စေ ဘယ်တစ်ခုကမှ အရှင်းမပျောက် သွားသေးပါဘူး။ စွန့်ပစ်ရေဆိုးတွေကနေ စစ်ဆေးရရှိတဲ့  အချက်အလက်တွေအရ တချို့နေရာတွေမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဟာ တရားဝင်ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ပါလူဦးရေထက် ၂ ဆကနေ ၁၉ ဆအထိမြင့်မားနေတာကိုတွေ့ရပါတယ်။

ဒါကြောင့် ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ကမ္ဘာပေါ်မှာ တစ်လကို လူအယောက် ၁၀၀၀၀ လောက်အထိကို သေဆုံးနေစေဆဲ ဖြစ်ပါတယ်။

အဲဒီလိုမျိုး ကိုဗစ်-၁၉ ရောဂါဖြစ်သူတွေထဲကမှ ၆ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိဟာ ရေရှည် အကျိုးဆက်များကို ခံစားနေရပါတယ်။

လတ်တလော အခြေအနေမှာဆိုရင်လည်း အဲဒီဗိုင်းရပ်က ကမ္ဘာတစ်ဝန်းကို အတားအဆီးမရှိ လှည့်ပတ် သွားနေတဲ့အတွက်    တစ်ချိန်ချိန်မှာ ပိုမိုပြင်းထန်တဲ့မျိုးကွဲတွေထွက်ပေါ်လာနိုင်ပြီး ရောဂါပြင်းထန်မှုကလည်း ပိုဆိုးလာစေနိုင်မှာဖြစ်ပါတယ်။

 

ခရိုင်းမီးယန်း-ကွန်ဂိုတုပ်ကွေးရောဂါ

 ခရိုင်းမီးယန်း-ကွန်ဂိုတုပ်ကွေးရောဂါ ဆိုတာက မွှားကောင်လေးတွေမှာတွယ်ကပ်လေ့ရှိတဲ့ နိုင်ရိုဗိုင်းရပ် ကူးစက်မှုကြောင့် ဖြစ်တဲ့ရောဂါပါ။ မွှားတွေကိုသယ်ဆောင်နိုင်တဲ့အကောင်တွေက တောရိုင်းတိရစ္ဆာန်များမှသည် မွေးတိရစ္ဆာန်များဖြစ်တဲ့ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တို့အထိပါဝင်ပါတယ်။

လူတွေဆီကို  ရောဂါပိုးကူးစက်စေတဲ့နည်းက  မွှားကိုက်ခံရခြင်း ဒါမှမဟုတ် ရောဂါပိုးကူးစက်ခံထားရတဲ့ တိရစ္ဆာန်ရဲ့ သွေးနဲ့ထိတွေ့မိခြင်းတို့ကနေ ကူးစက်တာပါ။

ဒါ့အပြင် လူအချင်းချင်းလည်း ကူးစက်တတ်ပါသေးတယ်။ အထူးသဖြင့် ရောဂါပိုးကူးစက်ခံထားရတဲ့ သူတစ်ဦးဦးရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်နဲ့ထိတွေ့မိခြင်းအားဖြင့် ကူးစက်စေတာပါ။ ရောဂါပိုးကူးစက်ခံရရင် ဖျားမယ်။ မူးနောက်နောက်ဖြစ်မယ်။ ခေါင်းကိုက်မယ်။ ပျို့ချင်အန်ချင်ဖြစ်မယ်။ အန်မယ်။ ဝမ်းလျှောမယ်။ စိတ်ရှုပ်ထွေးမယ်။

အဲဒီနောက် နှစ်ရက်ကနေလေးရက်အတွင်း လူကဘာမှမလုပ်ချင်မကိုင်ချင်လောက်အောင် လေးလံထိုင်းမှိုင်းလာမယ်။ အသည်းကြီးလာမယ်။ အနီဖုတွေထလာမယ်။ ချောင်းဆိုးရင်သွေးပါလာမယ်။ ရောဂါ

ပိုးကူးစက်ခံရသူများအနက်   ၃၀ ရာခိုင်နှုန်းက သေဆုံးလေ့ရှိပါတယ်။

ဒီရောဂါက အာဖရိကဒေသ၊ ဘော်ကန်ဒေသ၊ အရှေ့အလယ်ပိုင်းနဲ့ ကမ္ဘာ့တောင်ခြမ်းဒေသတော်တော်များများမှာ ဒေသတွင်းကပ်ရောဂါအဖြစ် ဖြစ်ပွားနေတာပါ။

ဒါပေမဲ့   လက်ရှိဖြစ်ပေါ်နေတဲ့   ရာသီဥတုပြောင်းလဲမှုက မွှားတွေရဲ့ သွားလာနိုင်မှုပမာဏကို မြင့်တက်လာ စေနိုင်စွမ်း ရှိနေတာကြောင့် ကမ္ဘာ့မြောက်ခြမ်းဒေသတွေဆီကိုလည်း ဒီရောဂါကကူးစက်ပျံ့နှံ့ သွားနိုင်ပါတယ်။

ဒီလိုအခြေအနေကြောင့် နိုင်ငံတချို့က ခရိုင်းမီးယန်း-ကွန်ဂိုအဖျားရောဂါဖြစ်နိုင်ခြေကို ကြိုတင်ကာကွယ်နိုင်တဲ့ အနေနဲ့  ကာကွယ်ဆေးတွေကို  ထုတ်လုပ်နိုင်ဖို့လုပ်ဆောင်လာနေကြပါပြီ။  အခုဆိုရင် ဒီရောဂါအတွက် ကာကွယ်ဆေးဟာ ပထမအဆင့်လက်တွေ့စမ်းသပ်မှုဆီကို ရောက်လာတာ တွေ့ရပါတယ်။

ပါရာမိုင်ဆိုဗိုင်းရပ်

 ပါရာမိုင်ဆိုဗိုင်းရပ်ဆိုတာ  RNA ဗိုင်းရပ်အနွယ်ဝင် ရောဂါပိုးတစ်မျိုးပါ။ RNA ဗိုင်းရပ်ဆိုတာက  ကျောရိုးရှိ သတ္တဝါတွေမှာ ကူးစက်မှုတွေဖြစ်စေတဲ့ဗိုင်းရပ် ဖြစ်ပါတယ်။

ပါရာမိုင်ဆိုဗိုင်းရပ်ကြောင့်အဖြစ်များတဲ့ရောဂါတွေက ဝက်သက်ရောဂါ၊   ပါးချိတ်ရောင်နာ၊ Parainfluenza ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတို့အပြင် နီပါးဗိုင်းရပ်နဲ့ ဟန်ဒရာဗိုင်းရပ်တို့ကြောင့်ဖြစ်တဲ့ ရောဂါတွေလည်း  ပါဝင်ပါတယ်။

ပါရာမိုင်ဆိုဗိုင်းရပ်တွေက    လူသားတွေဆီကိုကူးစက်လာတာ နှစ်ပေါင်းများစွာကြာမြင့်လာပြီဖြစ်ပေမယ့်လည်း အဲဒီဗိုင်းရပ်တွေအနေနဲ့ အမျိုးအစားအသစ်အဖြစ်ပြောင်းလဲတာ၊   ကူးစက်ပျံ့နှံ့ဖို့အတွက် လိုအပ်တဲ့ ဗီဇပြောင်းလဲမှုဖြစ်ပေါ်တာ၊ တချို့လက္ခဏာတွေက ပြင်းထန်ပြီး တချို့ကပျော့ပျောင်းတာ အစရှိတဲ့    အချက်အလက်တွေနဲ့ ပတ်သက်ပြီး သုတေသနပညာရှင်များက  သေသေချာချာ မသိရှိနိုင်ကြသေးပါဘူး။

အဲဒီဗိုင်းရပ်တွေဟာ တုပ်ကွေးနဲ့ကိုရိုနာဗိုင်းရပ်လိုပဲ လေထဲကနေတစ်ဆင့် လျင်မြန်စွာကူးစက်ပျံ့နှံ့စေပါတယ်။ ဒါပေမဲ့ သူ့ကိုကာကွယ်ဆေး တော်တော်များများနဲ့ တားမြစ်နိုင်ပါတယ်။ နီပါးဗိုင်းရပ်ကလွဲလို့ပေါ့။

နီပါးဗိုင်းရပ်ဟာ သေဆုံးမှုအများဆုံးဖြစ်တဲ့ ပါရာမိုင်ဆိုဗိုင်းရပ်ဖြစ်ပါတယ်။ သူ့ကို ၁၉၉၀ ပြည့်နှစ်အလွန်ကာလ များတုန်းက မလေးရှားနိုင်ငံမှာ စတင်တွေ့ရှိခဲ့တာပါ။ ဒီဗိုင်းရပ်အများဆုံးခိုအောင်းရာနေရာက အသီးစားလင်းနို့များမှာပါ။

နီပါးဗိုင်းရပ်ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်နိုင်ပြီး အဲဒီကနေမှတစ်ဆင့်   ဦးနှောက်ရောင် ရောဂါနဲ့ နောက်ဆုံးမှာ သေဆုံးမှုတွေအထိ ဖြစ်ပွားနိုင်ပါတယ်။ သူ့ကြောင့် ဗိုင်းရပ်ကူးစက်ခံရသူ ၄၅ ရာခိုင်နှုန်းမှသည် ၇၅ ရာခိုင်နှုန်းအထိက သေဆုံးခဲ့ရတာပါ။

လက်ရှိအချိန်မှာ နီပါးဗိုင်းရပ်အတွက်ကာကွယ်ဆေးဆိုတာမရှိသေးပါဘူး။ မိုဒါနာကုမ္ပဏီကတော့သူတို့အနေနဲ့    နီပါးဗိုင်းရပ်အတွက် ကာကွယ်ဆေးကို ထုတ်လုပ်ထားပြီးဖြစ်ကြောင်းနဲ့     သုံးသပ်မှုတွေ လုပ်နေကြောင်း ထုတ်ပြန်ထားတာရှိပါတယ်။     ။         

                                                    Ref:IE