ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

ယင်းကြောင့်လည်း ကိုရဲမြင့်သည် ရခိုင် တွင် ရက်သတ္တသုံးပတ်ကျော်ကြာနေခဲ့ရသည်။

‘ချစ်သူကို ရည်စူး၊ ခူးတဲ့လို့ခြွေ၊ ကိုယ် တိုင် လှရာရာရွေးလို့ ဆင်မပေးရ ဆံမြညာ ကေ..စစ်မြေမှာ ကြာညောင်းရက်ရှည် ရောက်မယ်အထင်နှင့်၊ မျှော်ရသူ ဗျာပါ ဝေ၊ တတွေးတွေးနဲ့ ဆွေးရှာရော့မယ်လေ’

“ဟင်း”

ကိုရဲမြင့်သည် သက်ပြင်းတစ်ချက်ကို မောမောပန်းပန်း နွမ်းနွမ်းလျလျ ချလိုက်မိ  သည်။

သီချင်းသံနှင့် ကင်းထိပ်စမ်းချောင်းနား မှ ရဲဘော်၏ မယ်ဒလင်သံသည် စမ်းရေ စီးကျသံနှင့်အတူ   လွမ်းဆွတ်ကြည်မော ဖွယ်ရာ ထွက်ပေါ်လျက်ရှိလေသည်။

ဤရဲဘော်တွင် တတွေးတွေးနဲ့ဆွေးနေ၊ မျှော်နေရှာသောချစ်သူများ တစ်ရွာ တစ်ကျေးတွင် ရှိနေလေ သလား မသိ။

မခင်မှီသည်လည်း ဤရဲဘော်၏ချစ်သူ နည်းတူ ငါ့ကို မျှော်နေလေမလား။

ဤအတွေးကို ကိုရဲမြင့်သည် မဝံ့မရဲ တွေးမိလိုက်သည်။

မခင်မှီတို့   သားအမိသုံးယောက်အား ကိုရဲမြင့်သည် ဗိုလ်ညိုနှင့်ပြဿနာဖြစ်ခဲ့ကြ သော မိုးတစ်ညကပင် ဒဟပ်ကုန်းရွာက ခေါ်လာပြီး အမျိုးသမီးနိုင်ငံရေးမှူးရှိရာ ယာယီစခန်းတွင် ထားခဲ့သည်။

ထိုစဉ်က ယာယီစခန်းတွင် အမျိုးသမီး နိုင်ငံရေးမှူးက စေတုတ္တရာဘက် ခရီးလွန် နေသဖြင့်မရှိပေ။   ထိုအခါ မခင်မှီတို့ သားအမိကို နိုင်ငံရေးတရားခံတွေအနေဖြင့် ထားခဲ့လျှင် မလေးမစားနှင့် စခန်းရှိ ရဲဘော်၊ ရဲမေများက မတရားညှဉ်းပန်းနှိပ် စက်ကြမည်စိုးသဖြင့် ကိုရဲမြင့်သည် မိမိ၏ မိသားစု အသွင်နှင့်ထားခဲ့သည်။  ပြီး  ဤ ပြဿနာအတွက်  ဗိုလ်ညိုကို  စွဲချက်တင်ရန် ဗဟိုသို့ထွက်လာခဲ့သည်။

သို့သော် ထိုပြဿနာထက် ကြီးလေးသော ပြဿနာတွေက ဗဟိုတွင် ရှုပ်ထွေးနေကြသည်။ သုံးပါတီ ပူးပေါင်းရေး၊ ပြန် လည်တိုက်ခိုက်ရေး၊  ဒေသခံလူထုများကို စည်းရုံးရေး စသည်စသည်ဖြင့် ရှုပ်နေလေ သည်။

ထိုအခါ ကိုရဲမြင့်မှာ  ဗိုလ်ညိုနှင့်ပတ် သက်သော ပြဿနာကိုမတင်ဖြစ်။ ဗိုလ်ညို အနေမှာလည်း ယခင်က စိတ်လိုက်မာန်ပါ ပြုမူမိပြီး အပြန်ပြန်အလှန်လှန် စွဲချက်တင် ရန်  အော်ဟစ်ခဲ့ကြသော်လည်း  ဗဟိုသို့ ရောက်သောအခါ  ကိုရဲမြင့်နည်းတူ  ထိုပြဿနာကိုမတင်ဖြစ်။  ကိုယ့်အပြစ်နှင့် ကိုယ်ဆိုသလို နှုတ်ဆိတ်နေခဲ့ကြသည်။

ဗဟိုရှိ ခေါင်းဆောင်များအနေကလည်း ယခုအခါ ဤပြဿနာများထက် အရေးကြီး သည့်ပြဿနာ သောင်းခြောက်ထောင်တွေနှင့် ခေါင်းရှုပ်နေကြသည်။ ထို့ကြောင့် ဤပြဿနာကို နှစ်ဦးနှစ်ဖက်မှ  တင်လာကြလျှင်လည်း ကမ္ဘာမီးလောင်သည့်အထဲ ဆီမီးခွက်က ထတောက်နေရပါ့မလားဟု ငြိုငြင် ကြမည်မှာ မုချပင်တည်း။

အကယ်၍ တင်ပြလျှင်လည်း ပါတီတွင်း ပဋိပက္ခကို ဤလိုအချိန်မျိုးမှာ ဥပေက္ခာပြု ထားကြမည်မှာ အမှန်ပင်။ ဤအချိန်သည် လမ်းစဉ်ဝါဒချင်းမတူသော ပါတီများနှင့် ပူးပေါင်းနေရချိန်မို့ ပါတီတွင်း ပဋိပက္ခကို လုံးဝမလိုလားကြပေ။ စစ်ရေးသည် အရေး ကြီးနေချိန်မို့  အကယ်၍  ဗိုလ်ညိုနှင့်ကိုရဲ မြင့်တို့   အပြန်ပြန်အလှန်လှန် စွပ်စွဲတင်ပြကြလျှင်လည်း နိုင်ငံရေးမှူး၏တင်ပြ ချက်ထက် စစ်ရေးတာဝန်ခံတို့၏ တင်ပြ ချက်ကိုသာ ရှေ့တန်းတင်စဉ်းစားကြမည်ကို ကိုရဲမြင့်သိလေသည်။

ထို့ကြောင့်လည်း ဗိုလ်ညိုနှင့်ကိုရဲမြင့် တို့၏ပြဿနာကို ဤယာယီစခန်းရှိ ရဲဘော်၊ ရဲမေတို့မှာ လုံးဝ မသိကြပေ။ မခင်မှီတို့ မိသားစုကို ကိုရဲမြင့်၏ဇနီး၊ ယောက္ခမနှင့် ခင်ခင်ငြိမ်းကိုလည်း ကိုရဲမြင့်၏ သမီးဟု သာထင်ကြသည်။ ရှေ့တန်းတွင် အမြဲတာ ဝန်ယူနေရသူ ဗိုလ်ညိုကလည်း ဤစခန်းသို့ တစ်ခါမှ မရောက်သဖြင့် ဤပြဿနာ အဖြစ်မှန်သည် လုံးဝတိမ်မြုပ်နေခဲ့သည်။

ဒီလိုနှင့်ကာလတစ်နှစ်နီးပါးသာကြာ၍ စခန်းတစ်ခုပြီးတစ်ခုသာ ပြောင်းလာကြသည်။ ကိုရဲမြင့်နှင့် ဗိုလ်ညိုမှာ ယခုထိ စာရင်းမရှင်းဖြစ်ကြသေး။

ကိုရဲမြင့်သည် လေးတွဲ့သောခြေလှမ်း ဖြင့် မခင်မှီတို့ရှိရာ တဲဝသို့ရောက်လာသည်။

“ညီမရေ”

“ညီမ”

“ဟင် ကိုရဲမြင့်၊ မေမေ ကိုရဲမြင့် ပြန် လာပြီ”

မခင်မှီသည် ဝမ်းသာအားရနှင့် ကိုရဲမြင့် ကျောပိုးအိတ်ကို ဆီးဖြုတ်ကာ သူ့အမေ ကိုလည်း လှမ်းပြော လိုက်သည်။

“မောင်ရဲမြင့် ဒီတစ်ခါကြာနေလို့ အဒေါ်တို့ကဖြင့် စိတ်ပူနေကြတာ၊ မင်းညီမ ဆိုရင် နေ့တိုင်း သတင်း စုံစမ်းရတာ အမောပဲ”

“ဟုတ်ကဲ့ ဒေါ်ဒေါ်၊ ဒီတစ်ခါ နည်းနည်းကြာသွားတယ်။ သမီးလေးရောဟင်၊ ညီမနေကောင်းတယ် နော်”

“နေကောင်းပါတယ်  အစ်ကိုရယ်၊  ခု အိပ်နေပြီ”

“မောင်ရဲမြင့်၊ အဒေါ် ထမင်းအိုး တည် လိုက်မယ်နော်၊ မင်းညီမနဲ့ စကားပြောကြဦး”

“ဟုတ်ကဲ့ ဒေါ်ဒေါ်၊ ကျွန်တော် ရေချိုး လိုက်ပါဦးမယ်”

ဆက်လက်ဖော်ပြပါမည်။