ကျောက်ဆည်မြို့နယ် ကောင်းတင်ကျေးရွာ၌ စိုက်ပျိုးထားသော ကြက်သွန်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

 

ကျောက်ဆည်မြို့နယ် ကောင်းတင်ကျေးရွာ၌ စိုက်ပျိုးထားသော ကြက်သွန်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

 

    မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ကောင်းတင်ကျေးရွာ၌ တောင်သူဦးဝင်းနိုင်  စိုက်ပျိုးထားသော ကြက်သွန်နီစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။

ကြက်သွန်နီစိုက်ပျိုးရာတွင် သွင်းအားစုနှင့် ကုန်ကျမှုစရိတ်ကြီးမားခြင်း၊ ရာသီဥတု မကောင်းပါက ပိုးကျရောက်ပြီး အထွက်နှုန်း ကျဆင်းခြင်းများ ရှိသောကြောင့် တောင်သူများ အနေဖြင့် စိုက်ပျိုးရာတွင် အလေးထား စိုက်ပျိုးနေရသည်။ မျိုးစေ့ပျိုးထောင်ချိန်တွင် ပျက်စီးတတ်သောကြောင့် ကြက်သွန်နီတစ်ဧက စိုက်ပျိုးပါက မျိုးစေ့သုံးပြည် ပျိုးထောင်ရပြီး ပျိုးပင်သက်တမ်းနုချိန်တွင် ပြောင်းရွှေ့စိုက်ပျိုးရကာ ပျိုးပင်သက်တမ်း ရင့်ပါက အပင်အားကောင်းပြီး ကြက်သွန်ဥ ကြီးထွားမှုနည်းပါးသည်။  ကုန်ကျစရိတ် အနေဖြင့် မျိုးစေ့တန်ဖိုး၊ ပျိုးနုတ်ပြောင်းရွှေ့ စိုက်ပျိုးခြင်း၊ မြေပြင်ခြင်း၊  ရေသွင်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ မှိုသတ်ဆေး၊ အပင်အားတိုးဆေး၊ မြေသြဇာနှင့်တူးဖော်ခြင်းစသည့်  အထွေထွေ ကုန်ကျစရိတ်များအဖြစ် တစ်ဧကလျှင် ငွေကျပ် ၂၅ သိန်းမှ ၃၃ သိန်းအထိရှိသည်။

ကြက်သွန်နီသည် စိုက်ပျိုးပြီးသုံးလအကြာတွင် တူးဖော်ရောင်းချနိုင်ပြီး ရာသီဥတုနှင့် အပင်အပြုအစုကောင်းပါက မြေအမျိုးအစားပေါ် မူတည်၍ တစ်ဧကလျှင် ပိဿာ၂၅၀၀ မှ ၃၀၀၀ အထိ ထွက်ရှိကြောင်း သိရသည်။