ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ

ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ

အကျော်ပင်

အင်္ဂလိပ်အမည် - Aloe-Wood, Eagle-Wood

မျိုးရင်း- Thymelaeaceae (အကျော်မျိုးရင်း)

ရုက္ခဗေဒအမည် - Aquilaria agallocha Roxb

အဓိကဆေးဖက်ဝင်ပုံ

မူးမော်ခြင်း၊  ဗိုက်နာရောဂါ၊  နာတာရှည်အဖျား ရောဂါ၊  နှလုံးရောဂါ၊  အစာအိမ်ရောဂါ၊  ပန်းနာ၊ ရင်ကျပ် ရောဂါ၊ လေထိုးလေအောင့်ရောဂါ၊ သွေးအန်သွေးကျရောဂါ၊ အရေပြားရောဂါများအတွက် ဆေးဖက်ဝင် အသုံးပြုနိုင်သည်။

ပေါက်ရောက်သည့်ဒေသ

တနင်္သာရီရိုးမ  မြိတ်ခရိုင်အတွင်းရှိ  ကျွန်းများ၌ ပေါက်ရောက်သည်။

ဆေးဖက်ဝင်အစိတ်အပိုင်း - အနှစ်သား။

အပင်ပုံသဏ္ဌာန်

အမြဲစိမ်းအပင်ကြီးမျိုးဖြစ်ပြီး အမြင့်ပေ ၇၀ မှ ၁၁၀ အထိမြင့်သည်။   ပင်စည်နှင့်အကိုင်းအခက်တို့မှာ ဖြောင့်မတ်ခြင်းမရှိဘဲ အခက်အလက်များစွာ ဖြာသည်။   အခေါက်သည်    လှိုင်းထသကဲ့သို့ ကြမ်းသည်။  အသားပွ၍ အဖြူရောင်သန်းသော ဝါဖန့်ဖန့် အဆင်းရှိသည်။   ရွက်လွှဲခပ်ကျဲကျဲထွက်သည်။ အလျား ၂ လက်မမှ ၃ လက်မအထိ ရှည်သည်။  အနံ ၁ လက်မခွဲခန့်ရှိသည်။ ရွက်ပြားမှာ သားရေကဲ့သို့   ပျော့ပျောင်း၍ ရွက်ညှာတိုသည်။ ရွက်ကြောများပြားသည်။ အပွင့်မှာ  အဖြူရောင်ရှိပြီး  ပိုးသားကဲ့သို့ နူးညံ့သည်။  တပေါင်းလနှင့် တန်ခူးလတို့တွင် ပွင့်သည်။ အသီးမှာ ဘဲဥပုံသဏ္ဌာန်ရှိသည်။ ၁ လက်မခွဲမှ ၂ လက်မအထိရှည်သည်။  အသီးတွင်  နှမ်းစေ့ခန့် အစေ့မြောက်မြားစွာပါရှိသည်။ ဝါဆိုလနှင့် ဝါခေါင်လ တို့တွင် သီးသည်။

ဆေးကျမ်းများအဆို

မြန်မာဆေးကျမ်းများအဆိုအရ အကျော်ပင်သည် အေး၏။ အပူကိုငြိမ်းစေ၏။ ချောင်းဆိုးခြင်း၊ မျက်စိ နှင့် နားရောဂါတို့ကို သက်သာပျောက်ကင်းစေသည်။ ခါးသောအရသာရှိသည်။ ကြေကျက်လွယ်ပြီး အစာ မကြေဖြစ်ခြင်းကို ပျောက်ကင်းစေသည်။ ဆီးကိုရွှင် စေသည်။ အသည်းနှင့် အူအတွင်း၌ဖြစ်သော ရောဂါ များကို ပျောက်ကင်းစေနိုင်သည်။ 

ဆေးဖက်ဝင်အသုံးပြုပုံ

နှလုံးရောဂါဖြစ်လျှင် အကျော်ပင်၏ အနှစ်သားကို အမှုန့်ပြုလုပ်၍ ပျားရည်နှင့်ဖျော်ပြီး တစ်နေ့လျှင် ဟင်းစားဇွန်းတစ်ဇွန်းခန့်သောက်ပါက သက်သာစေ နိုင်သည်။

ခန္ဓာကိုယ်လေးလံထိုင်းမှိုင်း၍ အကြောအဆစ်များ တောင့်တင်းလျှင် အကျော်ပင်မှအစေးကို အရက်နှင့် ဖျော်ပြီး လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေ နိုင်သည်။

ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းဖြစ်ပါက အကျော်ပင် ၏အနှစ်ကို သွေး၍ရှူပေးပါက သက်သာပျောက်ကင်း စေနိုင်သည်။

ဇက်ကြောတက်၊  ခေါင်းကိုက်ဖြစ်လျှင်  အကျော် ပင်၏အနှစ်သားကို အမှုန့်ပြုလုပ်ပြီး မီးခဲပေါ်တွင် ဖြူး၍ အငွေ့ကိုရှူပေးပါက သက်သာစေနိုင်သည်။

နာတာရှည်အဖျားရောဂါဖြစ်လျှင် အကျော်ပင်၏ အနှစ်သားကို  အမှုန့်ပြုလုပ်ပြီး  ပျားရည်နှင့်ဖျော်ပြီး လျက်ပေးပါ (သို့မဟုတ်) ရေနွေး၊ ရေကျက်အေးဖြင့် ဖျော်ပြီးသောက်ပေးပါက သက်သာပျောက်ကင်းစေ

နိုင်သည်။

ပန်းနာ၊ ရင်ကျပ်ရောဂါဖြစ်လျှင် အကျော်ပင်၏ အနှစ်သားကို အမှုန့်ပြုလုပ်ပြီး သနပ်ဖက်တွင်ထည့်၍ လိပ်ကာ ဆေးလိပ်သောက်သကဲ့သို့ ရှူရှိုက်ပေးပါက သက်သာပျောက်ကင်းစေနိုင်သည်။

လေထိုးလေအောင့်ဖြစ်လျှင် အကျော်ပင်၏ အနှစ်သားကို သွေးပြီး ဝမ်းဗိုက်တွင် လိမ်းပေးပါက ပျောက်ကင်းစေနိုင်သည်။

အနာများတွင် ပိုးကျခြင်း၊ လောက်တွယ်ခြင်းဖြစ် ပါက အကျော်ပင်၏အစေးနှင့် ပျားရည်ကိုရောစပ်ပြီး အနာတွင်ထည့်ပေးပါက သက်သာစေနိုင်သည်။

အဆစ်ရောင်ရောဂါဖြစ်လျှင် အကျော်ပင်၏အနှစ်သားကို သွေးလိမ်းခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။

ခံတွင်းအနံ့မကောင်းသူများသည် အကျော်ပင်၏ အနှစ်သားကိုသွေးပြီး လျှာတွင်ပွတ်ပေးခြင်း၊ ရေနှင့်

ဖျော်၍ ငုံပေးခြင်းများပြုလုပ်ပါက ခံတွင်းနံ့ကောင်းမွန်စေနိုင်သည်။

နားအူ၊ နာလေးသူများသည် အကျော်ပင်၏ အနှစ်သားကို သွေးပြီး နားနောက်ရှိနားအုံဖုတွင်  လိမ်းပေး ပါက နားလေးခြင်းကို သက်သာစေနိုင်သည်။

အစာမကြေဖြစ်သူများသည် အကျော်ပင်၏အနှစ် သားကို အမှုန့်ပြုလုပ်ပြီး အစာစားပြီးတိုင်း လျက်ပေး

ခြင်း၊ အစာကြေဆေးနှင့်ရော၍ သောက်သုံးခြင်းဖြင့် သက်သာစေနိုင်သည်။

အလိုကျူပင်

မျိုးရင်း - Gramineae (မြက်မျိုးရင်း)

ရုက္ခဗေဒအမည် - Arundo donax Linn;

အဓိကဆေးဖက်ဝင်ပုံ

ဆီးပူ၊ ဆီးအောင့်ရောဂါ၊ ယားယံခြင်း၊ ရာသီသွေး ထိန်ခြင်း၊ နှုတ်မမြိန်ခြင်း၊ အစားပျက်ခြင်း၊ သွေးဝမ်း သွားခြင်း၊ ညောင်းညာကိုက်ခဲခြင်းတို့အတွက် ဆေး ဖက်ဝင်အသုံးပြုနိုင်သည်။

ပေါက်ရောက်သည့်ဒေသ

မြန်မာနိုင်ငံအနှံ့အပြားတွင် သဘာဝအလျောက် ပေါက်ရောက်သည်။  ဗန်းမော်၊  ကသာ၊  ပြင်ဦးလွင်၊ သရက်ဒေသတို့၌ အများဆုံးတွေ့ရသည်။

ဆေးဖက်ဝင်အစိတ်အပိုင်း - အမြစ်အုံ ၊ အရွက်။

အပင်ပုံသဏ္ဌာန်

နှစ်ရှည်ခံ  မြက်ပင်မျိုးဖြစ်သည်။  ကျူပင်နှင့် တူသည်။  ၁၀  ပေအထိ  မြင့်သည်။  မြေအောက်၌ အမြစ်အုံ ရှိသည်။  မြေပေါ်ပင်စည်သည်  တစ်ဖြောင့်တည်း ထွက်သည်။ ပင်စည်တွင် အခေါင်းရှိသည်။ ပင်စည် ချောမွတ်ပြီး အဆစ်များ၌ အဖြူရောင် အရစ်များရှိသည်။

ရွက်လွှဲထွက်သည်။  ၁  ပေမှ  ၂  ပေခန့်အထိ ရှည်သည်။   သေးသွယ်ရှည်လျားသော   ပုံသဏ္ဌာန်ရှိကာ အဖျားသို့ရှူးသွားပြီး အောက်သို့ငိုက်ကျနေသည်။ ရွက်ပြားချောသည်။ ပင်စည်ကို တင်းကျပ်စွာ ကုပ်ထားသော ရွက်အိမ်ရှိသည်။ ရွက်ရင်းပတ်လည် တွင် နူးညံ့သော အမွေးများရှိသည်။ ရွက်နားသည် ကြံရွက်ကဲ့သို့ ရှသည်။

ပန်းခိုင်ပေါ်တွင်   အညိုရောင်အပွင့်လေးများပွင့်သည်။  ပန်းပွင့်၌  ပွင့်ခံရွက်မာ  ၂  ခုရှိသည်။ ငှက်တောင် ပုံ၊ လှံစွပ်ပုံရှိသည်။ ထိပ်ဖက်၌ အလွန်သေးငယ်သော အသွား ၂ ခုရှိသည်။ ကိုင်းပွင့်နှင့် တူသည်။

ဆေးကျမ်းများအဆို

မြန်မာဆေးကျမ်းများအဆိုအရ အလိုကျူပင်သည် အေး၏။ ချို၊ ဖန်၊ ခါးအရသာရှိသည်။ ဝမ်းမီးကို တောက်စေ၏။ လေ၊ သလိပ်ကို ကြေစေ၍ သည်းခြေကို ပယ်တတ်၏။ သွေးဖောက်ပြန်ခြင်းကို ပျောက်ကင်း စေသည်။ နှလုံး၊ ဆီးအိမ်၊ သားအိမ်တို့၌ ပူခြင်း၊ နာကျင်ကိုက်ခဲခြင်းကို ပျောက်ကင်း စေနိုင်သည်။ နှုတ်ကို မြိန်စေသည်။  ဆီးကို စင်ကြယ်စေသည်။ အသက်ရှူအားကို ဖြစ်စေသည်။

ဆေးဖက်ဝင်အသုံးပြုပုံ

ဆီး၌အနည်ပါခြင်း၊ ညောင်းကျခြင်းများ ဖြစ်ပါက အလိုကျူပင်၏အမြစ်အုံကို ရေစင်အောင်ဆေးပြီး ပြုတ်သောက်ပါက   သက်သာပျောက်ကင်းစေနိုင်သည်။

အသားအရေယားယံသူများသည် အလိုကျူပင်၏ အမြစ်အုံကို သွေးလိမ်းခြင်းဖြင့် ပျောက်ကင်းစေနိုင် သည်။

ရာသီသွေးထိန်သူများသည် အလိုကျူပင်အမြစ် ကို ထန်းလျက်ဖြင့်ရောကျို၍ သုံးရက်ခန့်သောက်လျှင် ရာသီသွေးဆင်းပြီး သက်သာစေနိုင်သည်။

အမျိုးသမီးများ မီးယပ်အဖြူဆင်းရောဂါဖြစ်ပါက အလိုကျူပင်၏အမြစ်ကို ဆန်ဆေးရည်တွင် နေ့တစ် ဝက်ခန့်စိမ်ထားပြီးသောက်ပါက ပျောက်ကင်းစေနိုင် သည်။

ညောင်းညာကိုက်ခဲသူများသည် အလိုကျူပင်၏ အရွက်ခြောက်ကို လက်ဖက်ခြောက်ကဲ့သို့ ရေနွေးတွင် ခတ်သောက်ခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။

ဆီးအောင့်ရောဂါ၊ ဆီးကျန်ရောဂါ၊ ဆီးနီ၊ ဆီးဝါ ရောဂါ၊ ဒူလာသွေးဝမ်း၊ မီးယပ်သွေးဝမ်းများအတွက် ဆေးဖော်လိုလျှင် အလိုကျူ ၁၀ ဆ၊ ကြွေပုပ် ၅ ဆ၊ သိန္ဓော ၂ ဆ၊ ဆင်နှာမောင်း ၅ ဆ၊ လိပ်ကျောက်ဆူး တစ်ဆတို့ရော၍  အမှုန့်ကြိတ်ပြီး  ဟင်းစားဇွန်းတစ် ဝက်ခန့်  ရေအေး  (သို့မဟုတ်)  ပျားရည်နှင့်ရောစပ် သောက်ပေးပါက  အဆိုပါရောဂါများ  ပျောက်ကင်း စေပြီး ကျန်းမာဝဖြိုးစေနိုင်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

 

ကြည်လွင်မြင့်(မုဒြာ)