ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

မခင်မှီနှင့် စကားပြောရမှာကို ဤနေ့၌ ကိုရဲမြင့်စိတ်ထဲမှာ မဝံ့ရဲသလိုဖြစ်နေသည်။ သူ့စိတ်သည် တွေဝေလျက်ရှိ၏။

“ရော့ အစ်ကို၊ ရေလဲပုဆိုး၊ ဆပ်ပြာ တော့ အကြမ်းပဲရှိတယ်”

“ရပါတယ် ညီမရယ်”

ကိုရဲမြင့်သည် မခင်မှီလှမ်းပေးသော ရေလဲပုဆိုးနှင့် ဆပ်ပြာခွက်ကိုယူကာ စခန်းတဲအောက်ရှိ စမ်းချောင်းနား ဆင်းလာသည်။

အချိန်မှာ ညကိုးနာရီနီးပါးရှိလေပြီ။ ဆန်းစသော်တာ၏ တစ်ခြမ်းလသည် အနောက်ဘက်ရိုးမ တောင်ထိပ်တွင် မေးတင်စပြုနေလေပြီ။ ကင်းထိပ်မှ နတ်သျှင် နောင်သီချင်းသံနှင့် မယ်ဒလင်သံကို ကြားရသောအခါ သူ့ရင်ထဲမှာ ပို၍ဟာလာလေသည်။

ရေလဲပုဆိုးကို မခင်မှီက ပေးလိုက်ရာ ကိုရဲမြင့်သည် ရေထဲဆင်းလိုက်သည်။ အေးစိမ့်နေသော စမ်းရေထဲ   တစ်ကိုယ်လုံးနစ်သွားအောင် ငုပ်ချိုးပစ်လိုက်သည်။

ရေချိုးရင်း ကိုရဲမြင့်သည် မခင်မှီနှင့် သူ့သူငယ်ချင်း ကိုထွန်းငြိမ်းတို့အကြောင်း ကို တွေးနေလေသည်။

“ကိုထွန်းငြိမ်း သေဆုံးပြီးသောကာလ ကပင် ခေါ်လာမိသော မခင်မှီအား သူသည် ဘာကြောင့် ပြန်မလွှတ်မိပါလိမ့်”

သူ့အနေမှာ မခင်မှီတို့သားအမိတွေကို ပြန်လွှတ်လိုက်ရမှာ      ဝန်လေးနေသည်။ အမှန်က ကိုရဲမြင့်သည် သူတို့တစ်တွေအပေါ် သံယောဇဉ်တွယ်ငြိနေ၏။  သူတို့တစ်တွေကို ဒဟပ်ကုန်းသို့ ပြန်လွှတ်လိုက်လျှင် ရှေ့တန်းတွင်အမြဲနေသော ဗိုလ်ညိုက မတော်မတရား ထပ်ပြီးကြံမှာကိုလည်း စိုးရိမ်နေသည်။  ထို့ကြောင့် တစ်ခါတစ်ခါတွင် မခင်မှီကို သူကပင် တစ်သက်လုံးသားမယားအဖြစ် စောင့်ရှောက်ထား လိုက်ရလျှင်   ကောင်းလေမလားဟုတွေး၏။ အမှန်က     မခင်မှီတို့အနေမှာလည်း    အားကိုးအားထားရာ ကိုထွန်းငြိမ်းမရှိသည့် နောက်ပိုင်း ကိုရဲမြင့်ကိုသာ အားကိုးအားထား နေကြရရှာသည်။  ကိုရဲမြင့်အပေါ် သံယောဇဉ်ကလည်း တွယ်ငြိနေကြပြီဖြစ်ရာ ကိုရဲမြင့်ကသာ ဖွင့်ပြောလိုက်လျှင်တော့ ငြင်းကြမှာ မဟုတ်ပေ။ သို့သော် ဗိုလ်ညိုသာသိလျှင်တော့ ဤကိစ္စမှာ မိုးတက်မီးလောင်မည့် ပြဿနာ ဖြစ်နေပြန်သဖြင့် ကိုရဲမြင့်မှာ    မခင်မှီအား    ဤကိစ္စကို ဖွင့်မပြောရဲပြန်ချေ။

မခင်မှီအား သူက ထိုစကားပြောရန် အခါပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ယခုထိတော့ မပြောဖြစ်သေး။

“အစ်ကိုရေ”

“အစ်ကို”

“ဟော မခင်မှီ ဘာလို့လိုက်လာရတာ လဲကွယ်”

“ကိုယ်သုတ်ပဝါ ပါမသွားလို့ လာပေး တာလေ အစ်ကို”

“အေးအေး အဲဒီ ကျောက်တုံးပေါ်ပဲ တင်ထားခဲ့ပါကွယ်”

မခင်မှီသည် စမ်းချောင်းထဲ ရေချိုးနေ သော ကိုရဲမြင့်ကို ခဏတွေကြည့်နေ၏။

“အစ်ကို”

“ဗျာ”

“သြော် စမ်းရေထဲ သိပ်လည်းကြာကြာ စိမ်ချိုးမနေနဲ့ အစ်ကိုရယ်။ အေးက အေးနဲ့၊ အပူငုပ်ပြီး ဖျားနာ နေပါဦးမယ်”

မခင်မှီက စိုးရိမ်သံတစ်ဝက်၊ အကြင် နာပိုသံတစ်ဝက်နှင့်ပြောလာသော စကားသည် ကိုရဲမြင့်၏ရင်ထဲမှာ စမ်းရေထက် ပင် စိမ့်အေးသွားလေသည်။

“အေး အေး၊ အစ်ကို ချိုးပြီးပါပြီကွယ် ညီမသွားတော့”

“ဟုတ်ကဲ့”

မခင်မှီသည် အသံနှင့်အတူ ပျောက် ကွယ်သွားလေသည်။

 

“ဟီး ဟီး”

“ဟင် အစ်ကို အစ်ကို”

တဟီးဟီးညည်းကာ တဆတ်ဆတ် တုန်တက်ဖျားနေသော ကိုရဲမြင့်ကို မခင်မှီ က လှုပ်၍လှုပ်၍ ခေါ်နေ၏။

“အစ်ကို အစ်ကို”

“ဟင် ညီ ညီမ”

“ဟုတ်တယ်အစ်ကို ညီမပါ။ အစ်ကို သိပ်ဖျားနေပြီ။ ကြည့်စမ်း ကိုယ်တွေလည်း ချစ်ချစ်တောက် ပူလို့ပါလား”

မခင်မှီပြောခဲ့၊ ပူပန်ခဲ့သလို ကိုရဲမြင့် သည် အပြင်းဖျားနေလေပြီ။

“အင်း ချမ်းလိုက်တာ ညီမရယ်”

အမှောင်ထဲတွင် သူ၏နဖူးပေါ်သို့ ညင်ညင်သာသာအုပ်မိုးလာသော မခင်မှီ၏ ပူပူနွေးနွေး လက်ကောက် ဝတ်လေးကို ဆုပ်ကိုင်ထားရင်း ကိုရဲမြင့်က ညည်းနေရှာ၏။

“အစ်ကို သိပ်ဖျားနေပြီ။ သိပ်ချမ်းနေ သလားဟင် အစ်ကို။ ညီမစောင်တွေ သွား ယူလိုက်ဦးမယ်နော်”

မခင်မှီသည် ပြောပြောဆိုဆိုနှင့်ပင် အတွင်းခန်းထဲဝင်သွားပြီး စောင်တစ်ထွေးကြီးကို ယူလာသည်။

ကိုရဲမြင့်အိပ်နေကျ မြေစိုက်တဲအပြင် ခန်းဝါးခုတင်နားတွင် ဖန်မီးအိမ်ကလေးကို ချိတ်လိုက်ကာ  ခုတင်ပေါ်တင်ပါးလွှဲ ထိုင်၍ ကိုရဲမြင့်ကို စောင်ခြုံပေးရှာသည်။

“အစ်ကို သိပ်ဖျားနေပြီ၊ ညီမလည်း ဘာမှမလုပ်တတ်ဘူး။ အမေ့ကို နှိုးလိုက် မယ်နော်”

ဆက်လက်ဖော်ပြပါမည်။