သက်ကြီးပိုင်းမျက်စိရောဂါသတိရှိပါ

သက်ကြီးပိုင်းမျက်စိရောဂါသတိရှိပါ

အမျိုးသား၊ အမျိုးသမီးများ ပျမ်းမျှ အသက် ၆၀ ကျော်လျှင် အမြင်အာရုံချို့ယွင်းခြင်းနှင့်အတူ မျက်စိ အလင်းကွယ်ပျောက်နိုင်ခြေအလား အလာပိုများလာကြောင်း ကျန်းမာရေးသုတေသီများက သတိပေး ထားသည်။ ဤအခြေအနေကို ဆေးသိပ္ပံနည်းအရ Age-Related Macular Degeneration (AMD) ဟုခေါ်ပြီး အဓိပ္ပာယ်မှာ သက်ကြီးပိုင်းအမြင် အာရုံချို့ယွင်းသည့်ရောဂါဖြစ်သည်။ ကမ္ဘာတစ်ဝန်း အသက် ၆၀ နှင့် အထက်ရှိသူများတွင် AMD ရောဂါကြောင့် မျက်စိအလင်းကွယ်ပျောက်မှုများ နှစ်စဉ်မြင့်တက် လျက်ရှိပြီး လေ့လာမှုအရ လက်ရှိ အမေရိကန် ပြည်ထောင်စု၌ AMD ရောဂါဖြစ်ပွားသူ ၁ ဒသမ ၆ သန်းရှိကြောင်း တွေ့ရသည်။

သက်ကြီးပိုင်းများတွင် မျက်စိအတွင်းတိမ်၊ မျက်စိရေတိမ်၊ မျက်ခမ်းစပ် ရောဂါ စသည့် မျက်စိရောဂါ အမျိုးမျိုးကြောင့်  မျက်စိကွယ်တတ်သကဲ့ သို့ အာဟာရချို့တဲ့ခြင်း၊ ဆီးချို သို့မဟုတ် သွေးတိုး သို့မဟုတ် ကျောက်ကပ် ရောဂါတို့ကြောင့်သုံးစွဲရသော ပဋိဇီဝဆေးဝါးများ၏ဘေးထွက်ဆိုးကျိုး များကြောင့်လည်း အမြင်အာရုံပျက်စီးနိုင်သည်။ ထို့ပြင် စာကြည့်ခြင်း၊ တီဗွီ  သို့မဟုတ်  လက်ကိုင်ဖုန်းအကြည့်များခြင်း၊  နေရောင်အောက် ဦးထုပ်၊ ထီး၊ နေကာမျက်မှန်ကဲ့သို့ အကာအကွယ်မပါဘဲသွားလာခြင်း၊ ဆေးလိပ်၊  ဆေးရွက်ကြီး သောက်သုံးမှုများခြင်း၊ အရက်သောက်ခြင်း၊ အသားမှုန့်များနှင့် အချိုမှုန့်ကဲ့သို့ ဓာတု ပစ္စည်းများ စားသုံးခြင်းတို့ကလည်း အမြင်အာရုံချို့ယွင်းစေသော အကြောင်းရင်းများ ဖြစ်သည်။

အမြင်အာရုံပျက်စီးခြင်းနှင့် ဆက်နွှယ်သောရောဂါများ

သက်ကြီးပိုင်းများအနေဖြင့် အမြင်အာရုံပျက်စီးခြင်းနှင့်ဆက်စပ်၍ အောက်ဖော်ပြပါရောဂါများ အများဆုံး ခံစားရနိုင်သည်။

• မျက်စိပေါ်သို့ ခရမ်းလွန်ရောင်ခြည်တိုက်ရိုက်ကျခြင်း၊ အိပ်ရေးပျက် ခြင်း၊ စီးကရက်မီးခိုးငွေ့များ၊ နာတာရှည်ရောဂါများ၊ အလွန်အမင်းမောပန်း နွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဒေါသကြီးခြင်း၊ သွေးတိုးခြင်း၊ ကိုလက်စ ထရောများခြင်းတို့ကြောင့် မျက်စိအတွင်းတိမ် ရောဂါဖြစ်စေနိုင်သည်။

• ဟိုက်ပိုသိုင်းရွိုက်၊ ဟိုက်ပါသိုင်းရွိုက်၊ ဆီးချိုရောဂါ၊ စိတ်ဖိစီးမှုများခြင်း၊ ထုံးနှင့်ပေါင်းသတ်ဆေး စသောဓာတုဆေးများ မတော်တဆ မျက်လုံးထဲဝင်ခြင်း၊ အဆီများသော အစားအစာများစားခြင်းနှင့်  ကိုယ် လက်လှုပ်ရှားမှုနည်း၍  အညောင်းမိခြင်းတို့ကြောင့်လည်း  မျက်စိရေတိမ် ရောဂါဖြစ်နိုင်သည်။

• ရေဓာတ်ခန်းခြောက်ခြင်း၊ အရက်နှင့် ကဖိန်းဓာတ်များသောအစား အစာများကြောင့် မျက်ရည် အိတ်ခန်းရောဂါဖြစ်စေနိုင်သည်။

• မိမိမျက်စိနှင့် ပါဝါမကိုက်ညီသောမျက်မှန်ကို မှားယွင်းစွာတပ်ဆင် အသုံးပြုခြင်းကလည်း အမြင် အာရုံပျက်စီးစေနိုင်သည်။

 သက်ကြီးပိုင်းမျက်စိရောဂါလက္ခဏာများ

အောက်ဖော်ပြပါ သက်ကြီးပိုင်း မျက်စိရောဂါ လက္ခဏာများကို ဖတ်ရှုလေ့လာ၍ မိမိ၏မျက်စိ အခြေအနေကို သုံးသပ်နိုင်သည်။

• အတွင်းတိမ်ရောဂါသည် အသက်အရွယ်ကြီးသူများတွင် အများဆုံး ခံစားရသည်။ ယင်းရောဂါ လက္ခဏာများမှာ တဖြည်းဖြည်းမျက်စိအမြင် မှုန်ဝါးလာခြင်း၊ မျက်စိသူငယ်အိမ်နေရာ၌ ဖြူနေခြင်း၊ နီရဲခြင်းမရှိဘဲ နာကျင်ကိုက်ခဲခြင်း၊ မျက်မှန်ပါဝါ မကြာခဏပြောင်းလဲနေရခြင်း၊ မျက်စိ အမြင်  တစ်ဖက်နှင့်တစ်ဖက်မတူညီဘဲ  ပုံရိပ်များထပ်နေခြင်း  သို့မဟုတ် ကြည်လင်မှုမရှိခြင်း စသည်တို့ ဖြစ်သည်။ အတွင်းတိမ်ရောဂါအတွက် မျက်စိကိုခွဲစိတ်ပြီး  မျက်တွင်းမှန်  (IOL)  ထည့်ခြင်းဖြင့်  မူလအတိုင်း အမြင်အာရုံကြည်လင်စေနိုင်မည် ဖြစ်သကဲ့သို့ Phaco Machine ဖြင့် အတွင်းတိမ်ကို ခြေ၍ ခွဲစိတ်ကုသနည်းဖြင့်လည်း ကုသနိုင်သည်။

• မျက်စိရေတိမ်ရောဂါသည် သက်ကြီးပိုင်းများတွင် ဒုတိယအများဆုံး ဖြစ်ပေါ်နိုင်သည်။ ရေတိမ် ရောဂါတွင် ထောင့်ကျဉ်းရေတိမ်နှင့် ထောင့် ကျယ်ရေတိမ်ဟူ၍ နှစ်မျိုးရှိသည်။ ထောင့်ကျဉ်း ရေတိမ်၏ လက္ခဏာများ မှာ မျက်စိနာခြင်း၊  မျက်စိနီခြင်း၊  အမြင်အာရုံရုတ်တရက်မှုန်သွားခြင်း၊ မီးအိမ်  သို့မဟုတ်  မီးလုံးများကြည့်ပါက  သက်တန့်ရောင်အဝိုင်းများ မြင်ရခြင်း၊ မျက်စိသူငယ်အိမ်ကျယ်နေခြင်းတို့ဖြစ်ပြီး မျက်စိအတွင်း ရေဖိအားများလာ၍ မျက်စိအာရုံကြောပျက်စီးနိုင်သဖြင့် မပေါ့ဆသင့်ပေ။ ထောင့်ကျယ် ရေတိမ်၏ လက္ခဏာများမှာ တဖြည်းဖြည်း အမြင်အာရုံမှုန်လာခြင်း၊ အမြင်တစ်ဖက်နှင့် တစ်ဖက် မတူညီခြင်း၊  မျက်စိမြင်ကွင်း ကျဉ်းလာခြင်း၊  မိမိ၏တစ်ဖက်တွင်ရှိသော အရာဝတ္တုများကို ကောင်းစွာ မမြင်ရတော့ဘဲ ခလုတ်တိုက်မိခြင်းတို့ ဖြစ်သည်။

• ဆီးချို၊ သွေးတိုးရောဂါများကြောင့် နောက်ဆက်တွဲဖြစ်ပွားသည့် မျက်စိရောဂါကိုလည်း သက်ကြီးပိုင်း များတွင် အများဆုံးခံစားရနိုင်သည်။ မျက်လုံးထဲတွင် သွေးယိုစီးခြင်း၊ မျက်စိသွေးကြော ပေါက်ခြင်းတို့ သည် ဆီးချိုရောဂါဖြစ်နေကြောင်း သို့မဟုတ် ဆီးချိုရောဂါဖြစ်လာမည့် လက္ခဏာများဖြစ်၍ အထူးသတိထားရမည်။ ဆီးချိုရောဂါဖြစ်ပွားမှု အချိန်ကြာမြင့်လေ မျက်စိကွယ်နိုင်ခြေ အလားအလာ ပိုများလေဖြစ်၍ မပေါ့ဆသင့်ပေ။ မျိုးရိုးလိုက်ခြင်း၊ ပတ်ဝန်းကျင်အခြေအနေ၊ နေထိုင်စား သောက်မှု ပုံစံမမှန်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အညောင်းမိခြင်း၊ ကျန်းမာ ရေးလိုက်စားမှုအားနည်းခြင်း၊ မွေးရာပါ ရောဂါဝေဒနာတစ်မျိုးမျိုးရှိခြင်း စသည်တို့ကြောင့် ကမ္ဘာနှင့်အဝန်း ဆီးချိုနှင့်သွေးတိုးရောဂါဖြစ်ပွားနှုန်း မြင့်မားလျက်ရှိသည်။ ယင်းရောဂါများ၏ နောက်ဆက်တွဲအဖြစ် အမြင်အာရုံမှုန်ဝါးလာခြင်း၊ ရုတ်တရက် မျက်စိကွယ်သွားခြင်း၊ အမြင်အာရုံလွှာ ပျက်စီးခြင်း၊ အမြင်အာရုံလွှာ သွေးကြောပေါက်ခြင်း စသည်တို့ ဖြစ်နိုင်သည်။ ထို့ကြောင့် ယင်းဝေဒနာရှင်များက ကြိုတင်ကာကွယ်သည့်အနေဖြင့် မျက်စိဝေဒနာ ခံစားရမှု စတင်သိရှိချိန်မှစ၍ မျက်စိကုဌာနသို့ စောစီး စွာသွားရောက်စစ်ဆေးမှုခံယူသင့်သည်။

မျက်စိခွဲစိတ်ခံမည့်သူများ မှတ်သားလိုက်နာဖွယ်

မျက်စိအတွင်းတိမ်ဖြစ်ခြင်း၊ အပြင်တိမ်ဖြစ်ခြင်း၊ မျက်ကြည်လွှာကွာ ကျခြင်း၊ မျက်ကြောထုံးခြင်း၊ အာရုံခံလွှာကွာခြင်း စသည့်မျက်စိဝေဒနာ အမျိုးမျိုးကြောင့်ဖြစ်စေ၊ ထိခိုက်ဒဏ်ရာရခြင်းကြောင့်ဖြစ်စေ အကြောင်း အမျိုးမျိုးကြောင့် မျက်စိခွဲစိတ်မှုခံယူမည်ဆိုပါက အောက်ပါနည်းလမ်းများ အတိုင်း မလွဲမသွေလိုက်နာရန်လိုအပ်သည်။

• မခွဲစိတ်မီ ဆံပင်ညှပ်၊ ခေါင်းလျှော်ထားရမည်။ ခြေသည်း၊ လက် သည်းညှပ်ထားရမည်။

• ခွဲစိတ်မည့်နေ့တွင် မျက်နှာကို ဆပ်ပြာဖြင့် အကြိမ်ကြိမ်သစ်ထားရမည်။ သနပ်ခါး၊ ပေါင်ဒါ၊ မိတ်ကပ် စသည်တို့ကို မလိမ်းသင့်ပေ။

• ဆေးရုံ၊ ဆေးခန်းမှ ညွှန်ကြားထားသည့်အတိုင်း တစ်ရက်ကြိုတင်၍ ခွဲစိတ်မည့်မျက်စိကို မျက်စဉ်းခတ် ထားရမည်။

• သောက်ဆေးများကိုလည်း ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း သောက်ထားရမည်။

• သွေးတိုး၊ ဆီးချို၊ ရင်ကျပ် စသည်တို့ကို စစ်ဆေးထားရမည်။

• မိမိတွင် ရောဂါဝေဒနာကြီးကြီးမားမားမရှိပါက အစားအသောက် များကို မိမိဆန္ဒရှိရာ စားသောက် နိုင်သည်။

ခွဲစိတ်ပြီးလူနာများ ဆောင်ရန်ရှောင်ရန်နည်းလမ်းများ

• မျက်စိခွဲစိတ်ထားသူများအနေဖြင့် မှောက်မအိပ်ရ၊ ခွဲထားသည့် မျက်စိဘက် စောင်းမအိပ်ရ၊   ပက်လက် အနေအထားအိပ်နိုင် သည်။

• ခွဲစိတ်ပြီးနောက် ထမင်းပုံမှန်စားနိုင်သည်။ သို့သော် ပျော့သောအစား အစာများနှင့် များများ ဝါးရန်မလိုသော အစားအစာများကို  ရွေးချယ်စား သုံးသင့်သည်။

• ခွဲစိတ်ထားသည့်မျက်စိကို မထိခိုက်စေရန် သတိပြုရမည်။ ပတ်တီး ဖြေပြီးနောက် ကော်ဆန်ခါ (ခေါ်) မျက်စိအဖုံးအကာဖြင့် ရက်သတ္တနှစ် ပတ်တိတိ နေ့ရောညပါအုပ်ထားသင့်သည်။

• အလေးအပင်မခြင်းကို ရှောင်ကြဉ်သင့်သည်။

• ခေါင်းကို အောက်သို့ အချိန်အတော်ကြာငုံ့ထားခြင်း မပြုလုပ်ဘဲ ဇက်ကြောအနှိပ်ခံခြင်း၊ ခေါင်းညိတ်၊ ခေါင်းခါ ခပ်ပြင်းပြင်းပြုလုပ်ခြင်းများ ရှောင်ကြဉ်သင့်သည်။

• မျက်စဉ်းကို အနည်းဆုံး နှစ်လခန့် သို့မဟုတ် သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းမှ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း  အချိန်မှန်မှန်ခတ်ရမည် (မျက်စဉ်းမပြတ်စေရန် အထူးသတိပြုပါ)။

• လည်ပင်းအောက်မှ ရေလောင်းချိုးနိုင်သည်။ မျက်နှာကိုရေဖတ် တိုက်နိုင်သည်။

• ခွဲစိတ်ပြီးနောက် တစ်လခွဲကြာမှ ခေါင်းလျှော်သင့်သည်။

• ခွဲစိတ်ပြီး တစ်လခန့် နေပူထဲမသွားရ။ မျက်နှာနှင့်မျက်စိကို လေပြင်း ပြင်းအတိုက်မခံပါနှင့်။

• ခွဲစိတ်ထားသည့်မျက်စိကို မပွတ်ရ။ အဝတ် သို့မဟုတ် လက်ကိုင် ပဝါဖြင့်လည်း မသုတ်ရ။

• ခွဲစိတ်ထားသည့်မျက်လုံး  နီရဲလာခြင်း  သို့မဟုတ်  ကိုက်ခဲခြင်း သို့မဟုတ် ပြန်၍အမြင်ေ၀ဝါးခြင်း၊ မျက်စိမှုန်လာခြင်း စသည်တို့ဖြစ်ပေါ် ခံစားရပါက ဆရာဝန်နှင့် အမြန်ဆုံးပြသသင့်ကြောင်း ရေးသား လိုက်ရ ပါသည်။

ပေါက်ပေါက်