နောက်တစ်ကြိမ်ကမ္ဘာ့ကပ်ရောဂါကိုဖြစ်လာစေနိုင်မယ့် ရောဂါရှစ်မျိုး(၂)

 

နောက်တစ်ကြိမ်ကမ္ဘာ့ကပ်ရောဂါကိုဖြစ်လာစေနိုင်မယ့် ရောဂါရှစ်မျိုး(၂)

တုပ်ကွေးရောဂါ

တုပ်ကွေးရောဂါကတော့  ကျွန်တော်တို့အားလုံး  ကြားဖူးနေကျ၊ နားယဉ်နေကျရောဂါတစ်မျိုးပါ။  ရာသီဥတုတစ်ခုကနေ တစ်ခုကို ကူးပြောင်းတိုင်း တွေ့ကြုံရလေ့ရှိပါတယ်။

တုပ်ကွေးရောဂါကိုဖြစ်ပွားစေတာက တုပ်ကွေးဗိုင်းရပ်တွေကြောင့် ဖြစ်ပါတယ်။ သူကအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပြီး နှာခေါင်း၊ လည်ချောင်းနဲ့ တစ်ခါတစ်ရံမှာ အဆုတ်ကိုပါထိခိုက်စေပါတယ်။

သူ့ရဲ့ရောဂါလက္ခဏာတွေ အနက်တချို့မှာ အပြင်းဖျားခြင်း၊ ကြွက်သား သို့မဟုတ် ခန္ဓာကိုယ်နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်းနဲ့ တခြားလက္ခဏာတွေ ပါဝင်ပါတယ်။

ကျန်းမာသန်စွမ်းတဲ့အရွယ်ရောက်ပြီးသူတစ်ဦးအတွက်တော့ တုပ်ကွေးရောဂါဆိုတာ မပြင်းထန်ပေမယ့် တုပ်ကွေးရောဂါကြောင့်ပဲ တစ်နှစ်ကိုလူပေါင်း  ခြောက်သိန်းခွဲအထိသေဆုံးနေရတာက  တွေးကြည့်ရင် ကြောက်စရာကောင်းပါတယ်။

တုပ်ကွေးဗိုင်းရပ်ကူးစက်မှုက ဘယ်လိုလဲဆိုရင် တုပ်ကွေးမိပြီး ချောင်းဆိုးနေသူ၊ နှာချေသူ၊ စကားပြောသူဆီကနေ  ထွက်လာတဲ့ ကိုယ်တွင်းအရည်တချို့ကနေ အဓိကအားဖြင့်ကူးစက်တာပါ။

သူတို့ဆီကနေထွက်လာတဲ့ အဲဒီအရည်တချို့က အနားမှာရှိတဲ့သူရဲ့ ပါးစပ် သို့မဟုတ်  နှာခေါင်းပေါ်ကို ကျရောက်တတ်လေ့ရှိပါတယ်။ ဒီလိုနည်းနဲ့ကူးစက်တတ်ပါတယ်။

နောက်တစ်နည်းက တုပ်ကွေးရောဂါပိုးရှိနေတဲ့နေရာတွေကို ကိုယ်ကမသိဘဲကိုင်တွယ်မိပြီး အဲဒီလက်နဲ့ပဲ ပါးစပ်၊ နှာခေါင်း၊ မျက်စိကိုထိမိတယ် ဆိုရင်လည်း တုပ်ကွေးရောဂါကူးစက်နိုင်စေပါတယ်။

တုပ်ကွေးရောဂါဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်လောက်က ကမ္ဘာ့ကပ်ရောဂါအဖြစ်တည်ရှိခဲ့ဖူးပါတယ်။ အချိန်အတိအကျပြောရရင် ၁၉၁၈ ခုနှစ်ပေါ့။ အဲဒီအချိန်တုန်းက လူပေါင်းသန်း ၅၀ လောက်သေဆုံးခဲ့တာပါ။

စစပေါ်ချင်းတုန်းကတော့ အားပျော့တဲ့ရောဂါပိုးအနေနဲ့ပဲ စတင်ခဲ့တာဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ မျိုးရိုးဗီဇတွေပြောင်းလဲပြီး လူသေဆုံးမှုများပြားစေတဲ့ရောဂါပိုးအထိကို ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းကဖြစ်တဲ့   ရောဂါပိုးဟာ H1N1 ရောဂါပိုးပါ။ ကပ်ရောဂါအဖြစ်တည်ရှိမှုက နှစ်နှစ်ကျော်ကြာမြင့် ခဲ့ပေမယ့်လည်း သူ့ရဲ့တည်ရှိမှုဟာ နှစ်နှစ်တည်းနဲ့ မပြီးဆုံးခဲ့ပါဘူး။

၁၉၅၇ ခုနှစ်မှာ အာရှတုပ်ကွေးဆိုတဲ့နာမည်နဲ့တစ်ကြိမ်၊ ၁၉၆၈ ခုနှစ်မှာ ဟောင်ကောင်တုပ်ကွေးဆိုတဲ့ နာမည်နဲ့တစ်ကြိမ် ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီဖြစ်စဉ်တစ်ခုစီမှာ လူနှစ်သန်းစီ သေဆုံးခဲ့ရပါတယ်။

တုပ်ကွေးရောဂါဟာ အခုအချိန်အထိလည်း အမြစ်မပြတ်သေးပါဘူး။ ကာကွယ်ဆေးတွေတော့ပေါ်နေပေမယ့် တစ်ဖက်မှာလည်း ရောဂါပိုးက တစ်နှစ်ထက်တစ်နှစ် ဗီဇပြောင်းပြီးကူးစက်မှုတွေ ရှိလာနေပါတယ်။

ဒါကြောင့် အရင်ကကပ်ဘေးအသွင် အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးတဲ့ တုပ်ကွေးရောဂါကို နောင်တစ်ချိန်ဖြစ်လာနိုင်တဲ့ ကမ္ဘာ့ကပ်ရောဂါရဲ့ဇာစ်မြစ်အဖြစ် ထည့်သွင်းသတ်မှတ်ထားတာပါ။

Rift Valley အဖျားရောဂါ

 တိရစ္ဆာန်တွေကသယ်ဆောင်ပြီး လူသားတွေဆီကို ပျံ့နှံ့နိုင်စေတဲ့ နောက်ထပ်ရောဂါတစ်မျိုးက  Rift Valley အဖျားရောဂါဖြစ်ပါတယ်။

အဲဒီရောဂါက ခြင်တွေ၊ သွေးစုပ်ယင်ကောင်တွေကနေတစ်ဆင့် လူသားတွေဆီကို ကူးစက်နိုင်တဲ့အပြင် ရောဂါပိုးကူးစက်ခံထားရတဲ့ တိရစ္ဆာန်ရဲ့သွေးတွေ၊ ကိုယ်တွင်းအင်္ဂါတွေနဲ့လည်း ထိတွေ့မိရင် ကူးစက်နိုင်ပါတယ်။

ဒါ့အပြင် အပူပေးပိုးသတ်ထားခြင်း မရှိတဲ့၊ ကောင်းစွာကျိုချက်ထားခြင်းမရှိတဲ့ ရောဂါပိုးကူးစက်ခံထားရသော တိရစ္ဆာန်ရဲ့နို့ကို သောက်သုံးခြင်းကနေတစ်ဆင့်လည်း အဲဒီအဖျားရောဂါကို ရရှိနိုင်ပါသေးတယ်။

ဒါကြောင့် ကျွဲကျောင်းသား၊ နွားကျောင်းသားတွေ၊ ဥယျာဉ်ခြံအလုပ်သမားတွေ၊ သားသတ်ရုံက အလုပ်သမားတွေ၊ တိရစ္ဆာန်ဆေးကုဆရာဝန်တွေဟာ ဒီအဖျားရောဂါကူးစက်ခံရနိုင်ခြေအများဆုံး ဖြစ်ပါတယ်။

ဒီအဖျားရောဂါကူးစက်ခံရပြီဆိုရင် ရောဂါလက္ခဏာက ပျော့ပျောင်းတာရှိမယ်။ တုပ်ကွေးလိုမျိုးလက္ခဏာပြတာ ရှိတယ်။ တချို့ဆိုရင် ဆိုးဆိုးဝါးဝါးခံစားရပြီး သေဆုံးနိုင်တဲ့အထိကို ဖြစ်စေနိုင်ပါတယ်။

အဲဒီရောဂါကို အရင်တုန်းက အာဖရိကဒေသမှာအများဆုံးတွေ့ရပေမယ့် အခုအချိန်မှာ လျော့နည်းသွားပြီ ဖြစ်သော်လည်း ဆော်ဒီအာရေဗျနဲ့ယီမင်တို့မှာ ရောဂါဖြစ်ပွားသူအယောက် ၂၀၀၀ ကျော်ရှိတာကို တွေ့ရပါတယ်။

လက်ရှိအချိန်မှာ အဲဒီအဖျားရောဂါက လူလူချင်းကူးစက်နိုင်ခြေမရှိသေးပေမယ့် ကမ္ဘာကြီးပူနွေးမှုနဲ့အတူ အဲဒီရောဂါပိုးကိုသယ်ဆောင်တဲ့ မွှားတွေ၊ မျိုးရိုးဗီဇပြောင်းလဲမှုတွေဟာ တခြားသောနေရာတွေကို ပျံ့နှံ့သွားမယ်ဆိုရင် Rift Valley အဖျားရောဂါက ကမ္ဘာ့ကပ်ရောဂါကိုဖြစ်စေနိုင်တဲ့ရောဂါတစ်မျိုး ဖြစ်လာပါလိမ့်မယ်။

ဇီကာဗိုင်းရပ်

 ဇီကာရောဂါဟာ ဟိုတစ်လောလေးက နာမည်ကျော်ပြီး ဟိုးလေးတကျော်ဖြစ်သွားပါသေးတယ်။  အဲဒီဗိုင်းရပ်ကို စတင်တွေ့ရှိတာက ယူဂန်ဒါနိုင်ငံမှာ ၁၉၄၇ ခုနှစ်ကဖြစ်ပါတယ်။ ဇီကာဗိုင်းရပ်ဟာ ခြင်တွေကနေတစ်ဆင့် လူသားတွေဆီကိုကူးစက်စေတဲ့ ဗိုင်းရပ်တစ်မျိုးပါ။

လူအများစုကတော့ ဇီကာဗိုင်းရပ်ကူးစက်ခံရရင် ရောဂါလက္ခဏာကြီးကြီးမားမားမပြပါဘူး။ တချို့ဆိုရင် ရောဂါလက္ခဏာ လုံးဝမပြတဲ့သူတွေတောင်ရှိပါတယ်။

ဒါပေမဲ့ ကိုယ်ဝန်ဆောင်တွေမှာရောဂါပိုးကူးစက်ခံရရင် အဲဒီရောဂါပိုးက သန္ဓေသားဆီကိုကူးစက်စေပြီး မွေးလာတဲ့ ကလေးအနေနဲ့ ဦးခေါင်းဖွံ့ဖြိုးမှု မရှိတော့တာ၊ တခြားကိုယ်လက်အင်္ဂါ ပုံစံမမှန်တာမျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ဇီကာဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်းကစပြီး လျော့နည်းကျဆင်း သွားပေမယ့် တချို့နေရာတွေမှာတော့ ဒေသတွင်းကပ်ရောဂါအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံနဲ့ဒေသပေါင်း ၈၉ နေရာမှာ ဇီကာဗိုင်းရပ်ကူးစက်မှုရှိနေတယ်ဆိုတဲ့   ထုတ်ပြန်ချက်တွေ ရှိနေပေမယ့်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာ အနေနဲ့ကျတော့ ခြေရာခံလိုက်ဖို့ အခက်အခဲတွေရှိနေပါတယ်။

ဇီကာဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု လျော့နည်းကျဆင်းသွားတယ်ဆိုသော်ငြားလည်း သူ့အတွက်ကာကွယ်ဆေး ဒါမှဟုတ် ရောဂါကူးစက်ခံရရင် ကုသနိုင်မယ့် ကုသဆေးမထွက်ပေါ်သေးပါဘူး။  ဒါကြောင့် သူ့ကိုလည်း ဖြစ်လာနိုင်တဲ့ကမ္ဘာ့ကပ်ရောဂါတစ်ခုအဖြစ်သတ်မှတ်ထားတာပါ။

Lassa ရောဂါ

Lassa ရောဂါဆိုတာ ပြင်းထန်ပြီးပျံ့နှံ့လွယ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဲဒီရောဂါကိုအဓိကဖြန့်ဖြူးသူက အာဖရိကကြွက်တွေပါ။

လက်ရှိအချိန်မှာဆိုရင်လည်း အနောက်အာဖရိကဒေသမှာရှိတဲ့ ဘီနင်၊ ဂါနာ၊ ဂီနီ၊ လိုက်ဘေးရီးယား၊ မာလီ၊ ဆီယာရာလီယွန်နဲ့ နိုင်ဂျီးရီးယား နိုင်ငံတို့မှာ ဒေသတွင်းကပ်ရောဂါတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။

သူ့ရဲ့ပုံစံက အီဘိုလာတို့လိုမျိုး ကူးစက်ရောဂါဖြစ်ပေမယ့်လည်း သေဆုံးမှုနှုန်းမှာကျတော့ အီဘိုလာထက် အလွန်နည်းပါးပါတယ်။

ဒါပေမဲ့ ဆီယာရာလီယွန်နဲ့လိုက်ဘေးရီးယားတို့လိုမျိုးဒေသတချို့မှာဆိုရင် ဆေးရုံတက်ရောက်ကုသမှု ခံယူရသူများအနက် ၁၀ ရာခိုင်နှုန်းမှသည် ၁၆ ရာခိုင်နှုန်းက Lassa ရောဂါကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် ဒီရောဂါဟာ ပြည်သူတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ်  များစွာသောသက်ရောက်မှုရှိစေတာကို တွေ့ရမှာပါ။

အဲဒီရောဂါကူးစက်ပျံ့နှံ့မှုနည်းလမ်းက အာဖရိကကြွက်တွေရဲ့ကျင်ကြီး၊ ကျင်ငယ်တွေပေကျံနေတဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ၊ စားသောက်ဖွယ်ရာတွေကနေ ကူးစက်တာဖြစ်ပါတယ်။ လူအချင်းချင်း ကူးစက်မှုကျတော့ ခန္ဓာကိုယ်တွင်းကထွက်တဲ့ အရည်တစ်မျိုးမျိုးနဲ့ ထိတွေ့မိခြင်းကြောင့်ဖြစ်ပါတယ်။

သူနဲ့ပတ်သက်တဲ့ သတင်းကောင်းတစ်ခုက Ribavirin ဆိုတဲ့ ပိုးသတ်ဆေးကို အသုံးပြုပြီး  ရောဂါကိုကုသလို့ရနေပြီဆိုတာပါပဲ။  ဒါပေမဲ့သတင်းဆိုးတစ်ခုက အဲဒီဗိုင်းရပ်ဟာ မျိုးရိုးဗီဇပြောင်းပြီး ပိုးသတ်ဆေးကို ခံနိုင်ရည်ရှိတဲ့ရောဂါပိုးအဖြစ်ကို  ပြောင်းလဲသွားနိုင်ခြေ ရှိနေသေးတာကြောင့် ကမ္ဘာ့ကပ်ရောဂါကိုဖြစ်ပေါ်စေနိုင်တဲ့ ရောဂါတစ်မျိုးအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

X ရောဂါ

ကျွန်တော့်အနေနဲ့ အထက်မှာပြောခဲ့တဲ့အတိုင်းပါပဲ။ Xရောဂါဆိုတာ ဘာဖြစ်လာနိုင်မယ်မှန်း မသိနိုင်သေးတဲ့ရောဂါကို မှန်းဆပြီး ပြောနေရတာ ဖြစ်ပါတယ်။ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ထွက်ပေါ်လာမယ် ဆိုတာကိုလည်း မခန့်မှန်းနိုင်သေးပါဘူး။

မကြာသေးမီက သိပ္ပံပညာရှင်တွေထုတ်ပြန်တဲ့ သတိပေးချက်တစ်ရပ်မှာ အာတိတ်ဒေသရဲ့ မြေအောက် အလွှာမှာရှိတဲ့ အေးခဲဗိုင်းရပ်တွေဟာ ကမ္ဘာကြီးပူနွေးမှုကြောင့် မြေပြင်လွှာအပေါ်ဘက်ကို ရောက်ရှိ လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီဗိုင်းရပ်တွေကြောင့် ကမ္ဘာ့ကပ်ရောဂါအထိကိုဖြစ်လာနိုင်စေမယ်လို့လည်း သိပ္ပံပညာရှင်များက သတိပေးထားပါသေးတယ်။

လက်ရှိအချိန်မှာ သိပ္ပံပညာရှင်များက အာတိတ်ဒေသမြေအောက် အလွှာကနေ ထွက်ပေါ်လာနိုင်မယ့် ရောဂါပိုးတွေကို ခြေရာခံစောင့်ကြည့်နိုင်စေမယ့် ကွန်ရက်တစ်ခုကိုဖွဲ့စည်းဖို့ ပြင်ဆင်နေကြတာပါ။

ဒါကြောင့် စာဖတ်ပရိသတ်များအနေနဲ့ ဖြစ်ပေါ်နေဆဲရောဂါများနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ကမ္ဘာ့ကပ်ရောဂါကို   သတိရှိရှိနဲ့ကာကွယ်နိုင်စေဖို့ ကျွန်တော့်အနေနဲ့ရေးသားလိုက်ရပါတယ်။

Ref: IE