မြင်းခြံမြို့၊ ရမည်းသင်းမြို့၊ ကျောက်ပန်းတောင်းမြို့နှင့် သရက်မြို့တို့၌ ပြည်သူ့ စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲ ပြုလုပ်

 

မြင်းခြံမြို့၊ ရမည်းသင်းမြို့၊ ကျောက်ပန်းတောင်းမြို့နှင့် သရက်မြို့တို့၌ ပြည်သူ့ စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲ ပြုလုပ်

 

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၁၄

  ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

    အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲများကို ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌လည်းကောင်း၊ ရမည်းသင်း မြို့ရှိ ခရိုင်အားကစားကွင်း၌လည်းကောင်း၊ ကျောင်းပန်းတောင်းမြို့ရှိ မြို့နယ် ဘောလုံးကွင်း၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ သရက်မြို့ရှိ မြို့နယ်အားကစား ကွင်း၌လည်းကောင်း အသီးသီးပြုလုပ်ကြသည်။

    ဦးစွာ သက်ဆိုင်ရာမြို့နယ်များမှ ဒေသခံတိုင်းရင်းသား မျိုးချစ်ပြည်သူ များက သတ်မှတ်နေရာအသီးသီး၌စုဝေးကြပြီး ကျင်းပမည့်နေရာအသီးသီးသို့ ချီတက် ထောက်ခံကြသည်။ ချီတက်ရာလမ်းတစ်လျှောက်တွင် ဒေသခံမျိုးချစ်ပြည်သူများက “ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စစ်ပညာသင်ကြားရန် နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် နိုင်ငံသားတိုင်းတွင် တာဝန် ရှိသည်၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝထောက်ခံကြိုဆိုပါသည်၊ နိုင်ငံတော်ကို ကာကွယ်ဖို့ တစ်မျိုးသားလုံးစစ်မှုထမ်းဆောင်ကြပါစို့၊ နိုင်ငံတော်ကို ပြည်တွင်း/ပြည်ပ အန္တရာယ်များက ကာကွယ်ဖို့  စစ်မှုထမ်းဆောင်ကြပါစို့၊ နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့်  နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေး သည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” စသည့် ကြွေးကြော်သံများကို သံပြိုင် ကြွေးကြော်ခဲ့ကြပြီး သတ်မှတ်နေရာအသီးသီးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပါသည်ဟု တစ်ခဲနက်ဆန္ဒထုတ်ဖော်ဟောပြောကာ ငြိမ်းချမ်းစွာ လူစုခွဲ ခဲ့ကြကြောင်း သတင်းရရှိသည်။