ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

“နေပါ၊ နေပါ ညီမရယ်။  ဒေါ်ဒေါ် အိပ်ရေးပျက်နေ ပါဦးမယ်။ မနှိုးပါနဲ့”

“ဖြစ်ပါ့မလား အစ်ကိုရယ်၊ ဆေးမြီးတိုလေးတော့ တစ်ခွက်တလေသောက်မှ ဖြစ်မယ်ထင်တယ်”

မခင်မှီ၏အသံမှာ စိုးရိမ်သောကနှင့် တုန်ယင်လာ သည်။

“ဖြစ်ပါတယ် ညီမရယ်၊ မိုးလင်းရင် ပျောက်သွားပါ လိမ့်မယ်။ အမ်းမှာလည်း အစ်ကို ဒီလိုပဲ တစ်ခါဖျားခဲ့ ပြီးပြီ”

“ဟင် အစ်ကို။ အမ်းက ငှက်ဖျားမိလာပြီ ထင်တယ်”

“ဟုတ်ချင် ဟုတ်မယ် ညီမရယ်။ ဒါပေမဲ့ မစိုးရိမ် ပါနဲ့၊ မိုးလင်းရင် ပျောက်သွားမှာပါ”

“ဘယ်ဖြစ်မလဲ အစ်ကိုရယ်၊ ငှက်ဖျားမိရင် ချင်းနဲ့ ကွမ်းရွက်ကို ညီမ ကျိုပေးမယ်၊ ခဏနော် အစ်ကို”

သူ့ကြောင့် ညသန်းခေါင်တွင် ပျာယာခတ်နေသော မခင်မှီကို မျက်လုံးတစ်ချက်ဖွင့်ကြည့်ကာ ကိုရဲမြင့်မှာ ရင်ထဲဆို့နင့်လာသည်။

မခင်မှီသည် သူ့အား အစစအရာရာတွင် အစ်ကိုကြီး တစ်ယောက်ကို ညီမငယ်က ပြုစုသကဲ့သို့ လည်းကောင်း၊ သားငယ်ကို မိခင်က ပြုစုသကဲ့သို့ လည်းကောင်း ပြုစု ခဲ့သည်မှာ များလှလေပြီ။

“အစ်ကို ခဏနေဦးနော်။  ညီမ  ဆေးတစ်ခွက်၊ နှစ်ခွက်စာကျိုထားတယ်။ ခဏနေ ဆူတော့မှာပါ”

မခင်မှီသည် မီးဖိုဆောင်ထဲ ပြေး၍ မီးထိုးလိုက်၊ သူ့ဆီပြန်လာပြီး ခြေဆုပ်လက်နယ်ပြုလိုက်နှင့် ဆောက် တည်ရာမရဖြစ်နေရှာသည်။

ကိုရဲမြင့်မှာ  တဟီးဟီးညည်းကာ  ဖျားနေသော် လည်း မခင်မှီ၏ သွက်လက်ချက်ချာပုံ၊ ချိုသာကြည် အေးပြောတတ်ပုံ၊ သူ့အပေါ် ယုယကြင်နာမှုအပြည့်နှင့် ပြုစုရှာပုံတွေကို တသီတတန်းကြီး တွေးနေမိ လေသည်။

“ရော့ အစ်ကို၊ အဲဒါ မှုတ်သောက်လိုက်၊ ခဏတော့ ထဦးနော်၊ ညီမ ထူပေးမယ်”

မခင်မှီသည် ကိုရဲမြင့်ကို ဖေးမထူကာ မှေးထားပေး ၏။

ကိုရဲမြင့်သည် မခင်မှီ၏ ဖောင်းဖောင်းအိအိနှင့် ချစ်စရာကောင်းသော မျက်နှာကို ခဏခဏတွေဝေ ငေးကြည့်ကာ ချင်းပြုတ်ရည်ကို မျိုမကျချင်သလို ဖြစ်လာမိသည်။

“ညီမလည်း  အစ်ကို့အတွက်နဲ့ သိပ်ဒုက္ခများတာ ပဲကွယ်။ ညီမတို့ကို အစ်ကိုခေါ်ထားမိတာ ဒုက္ခပေးဖို့ သက်သက်ခေါ်ထားသလိုဖြစ်နေပါပြီ”

ဒီလို မပြောပါနဲ့ အစ်ကိုရယ်၊ ညီမတို့ကသာ အစ်ကို့ကို ဒုက္ခလိုက်ပေးနေတာပါ။ ဒီစကားက ညီမတို့က ပြောရမယ့်စကားပါ အစ်ကို”

“ဘယ်ဟုတ်ပါ့မလဲ ညီမရယ်၊ ခုဆို ညီမတို့ တောထဲ တောင်ထဲလိုက်နေရတာ တစ်နှစ်နီးပါးရှိပြီ။ ရွာကို မပြန်ချင်ဘူးလားဟင် ညီမ”

မခင်မှီသည် ကိုရဲမြင့်၏ မျက်နှာကို ဖျက်ခနဲတစ်ချက် မျက်လုံးဝင့်ကြည့်ကာ သက်မချမိသည်။ ဤစကား ကို မခင်မှီအနေဖြင့် မည်သို့ဖြေရမှန်း မသိပါချေ။

“ဟင် ညီမ၊ ညီမတို့ ရွာကို မပြန်ချင်ကြဘူးလား ဟင်။ ဒီလိုတောထဲ၊ တောင်ထဲ တို့တွေနဲ့ လိုက်နေရ တာ ညီမတို့ မငြီးငွေ့ကြဘူးလားဟင်”

“ညီမတို့ကို ရွာပြန်ပို့ချင်နေပြီလား အစ်ကို။ ညီမတို့  အနေနဲ့ ရွာပြန်ရင်လည်း ဟို ဟိုမှာ”

“အို ညီမရယ်၊ အစ်ကိုက ညီမတို့ ရွာပြန်ချင်နေပြီ လားလို့ မေးမိတာပါ။ အစ်ကို့သဘောက ညီမတို့ကို ရွာပြန်ပို့ချင်လို့ မေးတာ မဟုတ်ပါဘူး”

မခင်မှီက တစ်ချက်ရှိုက်လိုက်သဖြင့် ကိုရဲမြင့်မှာ ပျာပျာသလဲဖြစ်သွားလေသည်။

“ညီမတို့ကို အစ်ကို ရွာပြန်မပို့တာကလည်း ဟိုမှာ ဗိုလ်ညိုက ညီမတို့ကို ထပ်ပြီးမတော်မတရားပြုကျင့်

မှာ  စိုးလို့ပါကွယ်။ အစ်ကို့သဘောကိုတော့ ညီမတို့ သဘောပေါက်ပါတယ်နော်”

ဆက်လက်ဖော်ပြပါမည်။