ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

မခင်မှီသည် ဆီမီးခွက်ရောင်နှင့် ညှိုးနွမ်းပန်းလျနေသော ကိုရဲမြင့်၏ မျက်နှာကို ကရုဏာမျက်လုံးဖြင့်  ငေးကြည့်ကာ  ခေါင်းညိတ်ပြရှာသည်။

“အစ်ကို့သဘောကတော့  ညီမတို့ဟာ  ခုလို  တို့တွေနဲ့   တောထဲ တောင်ထဲလိုက်နေရ၊  အစ်ကို  တစ်စုံ တစ်ခုဖြစ်ရင်လည်း  ညမအိပ်ရ၊ နေ့မနားရ၊ ခုလို ပြုစုကြရနဲ့ ညီမတို့ပင်ပန်းတာကို အစ်ကို မကြည့်ရက် လို့ ပြောမိတာပါကွယ်”

“အစ်ကို့ကို ညီမတို့ ပြုစုကြရတယ်ဆိုတာ ညီမတို့အပေါ် အစ်ကို စောင့်ရှောက်ခဲ့တဲ့ ကျေးဇူးအပုံ တစ်ရာပုံ တစ်ပုံမရှိသေးပါဘူး အစ်ကို ရယ်။ အစ်ကို့အတွက်ဆိုရင် ညီမ ဘယ်လိုပဲ ပြုစုရ၊ ပြုစုရ မပင်ပန်း ပါဘူး အစ်ကို၊ ညီမတို့အပေါ်မှာ အစ်ကို့ကျေးဇူး ကြီးမားလွန်းပါတယ်”

ကိုရဲမြင့်သည် ဝမ်းသာအားရနှင့်  မခင်မှီ၏မျက်နှာကို  စူးစူးရဲရဲ တစ်ချက်ကြည့်ပစ်လိုက်၏။  ကိုရဲမြင့်၏  စူးရှသောအကြည့်ကြောင့် မခင်မှီက မျက်လွှာချလိုက်သည်။

“ညီမစကားကို ကြားရတာ အစ်ကို သိပ်ဝမ်းသာတာပဲ ညီမရယ်၊ ခုလို အစ်ကို့ကို ညီမပြုစုရတာ ပင်ပန်းတယ်လို့ သဘောမထားဘူးဆို ရင် အစ်ကို တစ်သက်...”

“မထားပါဘူး အစ်ကို၊ မထားပါဘူး။ ညီမတို့အပေါ်မှာ အစ်ကို့ ကျေးဇူးတွေ ကြီးမားလှပါတယ်။ ကဲ ဒီချင်းပြုတ်ရည်လေး သောက်လိုက်ပါဦး အစ်ကို၊ ညီမ နောက်ထပ်ကျိုထားတာ သွားယူလိုက်ပါဦးမယ်”

ကိုရဲမြင့်စကားမဆုံးခင် ချင်းပြုတ်ရည် နောက်ထပ်ကျိုထားသော မီးဖိုဆောင်သို့ မခင်မှီ ထသွား၏။ ကိုရဲမြင့်မှာ ပြောလိုသောစကား ကို မပြောရဘဲ တစ်ပိုင်းတစ်စနှင့် သက်မချ၍ ကျန်ရစ်ရသည်။

“ရော့ အစ်ကို၊ ဒီချင်းပြုတ်ရည်ပူပူကို မှုတ်သောက်လိုက်ပါဦး”

မကြာမီပင် မခင်မှီသည် ကိုရဲမြင့်ရှေ့သို့ ကရားတစ်လုံးနှင့် ရောက် လာပြန်သည်။

“ဟင် ညီမ၊ အစ်ကိုမေးတာကို ညီမ ဘယ်လိုအဖြေပေးမလဲဟင်”

“ဘာကိုလဲ အစ်ကို”

“ဟို ဟို၊ သြော် ဒီလိုပါ၊ ညီမက အစ်ကို့ကို ခုလိုပြုစုရတာကို ပင်ပန်း တယ်ရယ်လို့ သဘောမထားပါဘူး ဆိုရင် အစ်ကို့ကို တစ်သက်လုံး ခုလိုပဲ ညီမ ပြုစုယုယသွားနိုင်ပါ့မလားဆိုတာ အစ်ကိုသိချင်လို့ပါ”

အကြိမ်ကြိမ်အခါခါပြောမည်၊ မေးမည်ဟု ကြိုးစားလာခဲ့သော ကိုရဲမြင့်စကားမှာ ဤတစ်ခါတော့ စိတ်ဓာတ်ကလည်း အကြီးအကျယ် ကျ၊ နေထိုင်၍ကလည်း မကောင်းဘဲ အပြင်းဖျားနေသဖြင့် အားငယ် စွာ ဖွင့်အန်လိုက်သည်။

ကိုရဲမြင့်၏စကားကြောင့် မခင်မှီ၏မျက်နှာမှာ ရှက်ရှက်နှင့် နီရဲ၍ သွားလေသည်။

“ဟင် ညီမ၊ အစ်ကိုပြောလိုက်တာ စိတ်ဆိုးသွားပြီလားဟင်။ အမှန် က ဒီစကားကို အစ်ကို ပြောဖို့ ရည်ရွယ်ခဲ့တာဟာ ဟိုအရင် မန်းချောင်း နားမှာ တွေ့ကြတုန်းကပါ ညီမရယ်။ ဒါပေမဲ့ အစ်ကို နောက်ကျသွား ခဲ့တယ်။ ဒါတွေကတော့ ထားလိုက်ပါတော့လေ။ ခု အစ်ကိုပြောတာ ညီမကို စိတ်အနှောင့်အယှက်ပေးသလိုဖြစ်သွားလေပြီလား ညီမရယ်”

“ဟင့်အင်း၊ မဖြစ်ပါဘူး အစ်ကို”

“ဒီလိုဆိုရင် ညီမ အစ်ကို့ကို တစ်သက်လုံးပြုစုစောင့်ရှောက်သွား မှာပေါ့နော်”

“ဝမ်းသာလိုက်တာ ညီမရယ်”

မခင်မှီက ခေါင်းညိတ်ပြလိုက်သဖြင့် ကိုရဲမြင့်သည် ဝမ်းသာအားရနှင့် မခင်မှီကို လှမ်းဖက်လိုက် လေသည်။

“ဖေဖေ၊ အစ်ကိုငြိမ်းနဲ့ အစ်ကိုလင်းတို့ဆီက စာလာတယ်။ ဓာတ်ပုံ တွေလည်း ပါလာတယ်။ ဒီတစ်ခါ အစ်ကိုငြိမ်းကြီးက စစ်ယူနီဖောင်းနဲ့ ရိုက်ထားတဲ့ပုံလည်း ပါတယ် ဖေဖေ။ မေမေ့ကိုလည်း သမီး ပြပြီးပြီ။ အစ်ကိုငြိမ်းကြီးက စစ်ယူနီဖောင်းနဲ့ သိပ်ကြည့်ကောင်းတာပဲ”

ညနေ လမ်းလျှောက်ရာကပြန်လာသော ဦးကျော်ရွှေအား တင်တင် မြိုင်က ဝမ်းသာအားရ ပြေးထွက် လာပြီး ပြော၏။

ဆက်လက်ဖော်ပြပါမည်။