ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

    ကိုထွန်းငြိမ်း  စစ်ထဲဝင်သွားသည်မှာ တစ်နှစ်ကျော်သွားလေပြီ။ ထိုတစ်နှစ်အတွင်း ကိုထွန်းငြိမ်းသည် စစ်ယူနီဖောင်းနှင့်  ဓာတ်ပုံရိုက်၍  တင်တင်မြိုင်ဆီကို တစ်ခါမှမပို့ဖူးပေ။ သင်တန်းဆင်းပြီးတုန်း ကပင် စစ်ဝတ်စစ်စားနှင့် ဓာတ်ပုံတစ်ပုံ ပို့ပါဟု တင်တင်မြိုင်က အကြိမ်ကြိမ်အခါခါ မှာဖူးသည်။ သို့သော် မည်သည့်အကြောင်းကြောင့် မသိ၊ စစ်ဝတ်စုံနှင့် ဓာတ်ပုံမရိုက် ချင်ဟုပြောကာ တစ်ခါမှ ဓာတ်ပုံမထည့်ဖူးပေ။   ထို့ကြောင့်  တင်တင်မြိုင်ဆီတွင် ကိုထွန်းလင်း၏ စစ်ဝတ်စစ်စားနှင့် ဓာတ်ပုံ တွေကသာ ပလူပျံနေခဲ့သည်။ ကိုထွန်းငြိမ်း ၏ ပုံဆို၍ကား တစ်ပုံမှမရှိပေ။

ဤသည်မှာလည်း အမှန်က အပြစ်မဆို သာပေ။ ကိုထွန်းငြိမ်းနှင့် ကိုထွန်းလင်းတို့ မှာ စစ်သားချင်း အတူတူပင်ဖြစ်လင့်ကစား စစ်ထဲဝင်သွားကြချင်းမှာ  မတူခဲ့ကြ။ ကိုထွန်းလင်းသည် စစ်တိုက်ချင်၍၊ စစ်သား ဖြစ်ချင်၍၊  သူပုန်သူကန်တွေ  မတရား ဗိုလ်ကျနေသည်ကိုခံပြင်း၍ စစ်ထဲဝင်သူ ဖြစ်၏။ ကိုထွန်းငြိမ်းအနေမှာကား မလွှဲ မရှောင်သာ၍ စစ်ထဲဝင်သွားရသူဖြစ်ပါသည်။

ထို့ကြောင့်လည်း ကိုထွန်းငြိမ်းခမျာမှာ ယခု စစ်သားဖြစ်နေသော်လည်း စစ်ကို စိတ်နာလျက်ရှိသည်။   ထို့ကြောင့်လည်း တင်တင်မြိုင်ဆီကို ကိုထွန်းငြိမ်းက စစ်ဝတ် စစ်စားနှင့်  ဓာတ်ပုံရိုက်မပို့ခြင်းဖြစ်လေသည်။

ယခုတော့ ကိုထွန်းငြိမ်းသည် မည်သို့ စိတ်ကူးပေါ်သည်မသိ၊ တင်တင်မြိုင်ဆီကို စစ်ဝတ်စစ်စားနှင့် ဓာတ်ပုံပို့လိုက်လေပြီ။ သူသည် ယခုတော့ စစ်သားလုံးလုံး ဖြစ်သွား ပါပြီဟု ဆိုလိုက်၊ ပြောလိုက်လေခြင်းလား၊ သို့မဟုတ် စစ်သားဘဝကို လုံးဝခံယူလိုက် ပြီဆိုသောသဘောလား ဤသည်ကိုတော့ တင်တင်မြိုင်မှာ ခွဲခြားဝေခွဲမရနိုင်ပါချေ။

သို့သော်   မည်သို့သဘောပင်ဖြစ်စေ  တင်တင်မြိုင်တို့အနေမှာမူ ကိုထွန်းငြိမ်း၊ ကိုထွန်းလင်းတို့ဆီက စာလာသည်။ ဓာတ်ပုံ ပါသည်။ ရှေ့တန်းတစ်နေရာတွင် ကျန်း ကျန်းမာမာရှိနေကြသည်ဆိုလျှင် ဝမ်းသာ ကြည်နူးကြရသည်သာ။

“ဟင်  ဟုတ်လား သမီး၊ မောင်ငြိမ်း စစ်ဝတ်စစ်စားနဲ့ပုံ ဖေဖေ့ပြပါဦး”

“ဒီမှာလေ ဖေဖေ၊ ညီအစ်ကိုနှစ်ယောက် တွဲရိုက်ထားတဲ့ပုံရော၊ တစ်ယောက်တစ်ပုံစီ ရိုက်ထားတဲ့ပုံရော အစုံပဲ။ သမီးဆီ ပို့လိုက် ကြတာ”

“အေးဟ   ငါ့တပည့်ကြီးက   စစ်ယူနီဖောင်းနဲ့လည်း     ကြည့်ကောင်းတာပဲ၊ မောင်လင်းတော့ နည်းနည်းပိန်သွားသလို ပဲ”

ဦးကျော်ရွှေက ကိုထွန်းငြိမ်း၊ ကိုထွန်းလင်းတို့၏ဓာတ်ပုံတွေကို သေသေချာချာ ကြည့်ကာ မှတ်ချက်ချသည်။

“မပိန်ပါဘူး အဖေရယ်၊ သူက မျက်နှာကို တမင်တည်ထားလို့ပါ။ ကြည့်ပါလား၊ သူ့မျက်နှာက  ဒီလိုပဲ  အမြဲတည်နေတာပဲ”

“နို့ နေစမ်းပါဦး သမီးရယ်၊ မောင်ငြိမ်း တို့ ညီအစ်ကိုတွေ ခုလိုဓာတ်ပုံတွေ၊ ဘာ တွေတွဲပြီးရိုက်ပို့ရအောင်   ဘယ်မှာများ တွဲမိကြပါလိမ့်။ မောင်ငြိမ်းက ရှမ်းပြည်နယ်မှာ၊ မောင်လင်းက ကချင်ပြည်နယ် ရှေ့တန်းမှာ မဟုတ်ဘူးလား”

“ဒီလိုလေ အဖေ၊ အစ်ကိုငြိမ်းစာထဲမှာ ပါပါတယ်။  ဟိုတစ်နှစ်လောက်ကတော့ သင်တန်းပြီးတာနဲ့ အကြပ်ရာထူးနဲ့ အစ်ကို ငြိမ်းက  ရှမ်းပြည်နယ်ဘက်ကို  ရှေ့တန်း ထွက်ရတာ”

“အေးလေ၊  အဲဒါ  ဖေဖေသိပါတယ်။ မောင်ငြိမ်းက ခုလည်း ရှမ်းပြည်နယ် ရှေ့ တန်းမှာပဲမဟုတ်လား”

“မဟုတ်တော့ဘူး ဖေဖေရယ်၊ အစ်ကို ငြိမ်းက ခု တစ်ရစ်တိုးပြီး ကချင်ပြည်နယ် ကိုပြောင်းရတယ်တဲ့။ အဲဒီမှာ အစ်ကိုငြိမ်း တို့တပ်ကဗိုလ် ကျဆုံးသွားလို့ အစ်ကိုထွန်း လင်းက    လာအုပ်ချုပ်ရတယ်တဲ့။   အဲဒါကြောင့် ခု သူတို့ညီအစ်ကိုတွေ တစ်တပ်တည်း အတူဖြစ်နေကြတာ”

“အေး  ညီက စစ်ဗိုလ်၊   အစ်ကိုက တပ်ကြပ် ကောင်းပါ့ကွာ။ စစ်စစ် ပြည်တွင်းစစ်ဟာ အားလုံးကို ကမောက်ကမ ကပြောင်းကပြန်ဖြစ်အောင် မွှေနေတာပါ ကလား”

ဦးကျော်ရွှေမှာ ကိုထွန်းငြိမ်း၊ ကိုထွန်းလင်းတို့၏ ဓာတ်ပုံတွေကို  စိုက်ကြည့်ကာ စိတ်မသက်မသာစွာ ညည်းညူရှာသည်။

တင်တင်မြိုင်အနေမှာမူ ကိုထွန်းငြိမ်း၊ ကိုထွန်းလင်းတို့ဆီက စာလာသောနေ့တိုင်း အိပ်မပျော်ဖြစ်ရသည်။ ရှေ့တန်းရောက် နေသော ချစ်သူ ကိုထွန်းလင်းနှင့် ကိုထွန်း ငြိမ်းတို့ ဘေးမသီ ရန်မခ ကျန်းမာချမ်း သာကြပါစေကြောင်းကိုလည်း    နေ့စဉ် ဆုတောင်းရလေသည်။

စစ်သားတွေ၊ စစ်ဗိုလ်တွေကိုမြင်တိုင်း ကိုထွန်းလင်း၊ ကိုထွန်းငြိမ်းတို့ကို သတိရ လျက်ရှိလေသည်။

 

ဆက်လက်ဖော်ပြပါမည်။