အမေရိကန်က အီရန်စစ်ရေယာဉ်တစ်စင်းအား ဆိုက်ဘာတိုက်ခိုက်

 

အမေရိကန်က အီရန်စစ်ရေယာဉ်တစ်စင်းအား ဆိုက်ဘာတိုက်ခိုက်

 

    အမေရိကန်စစ်ဘက်သည် ပင်လယ်နီအတွင်းရှိ အီရန်စစ်ရေယာဉ် တစ်စင်းအား ဆိုက်ဘာတိုက်ခိုက်ခဲ့ကြောင်း  အမည်မဖော်လိုသည့်   အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ NBC သတင်းဌာနက    ထုတ်ပြန်သည်။

ဆိုက်ဘာတိုက်ခိုက်ခံရသည့် အီရန်စစ်ရေယာဉ်မှာ MV Behshad အမည်ရှိ စစ်ရေယာဉ်ဖြစ်ပြီး ယင်းသင်္ဘောသည် ယခုနှစ် ဇန်နဝါရီလမှစ၍ အာဖရိကဦးချိုဒေသ၌ စစ်ရေးအရ စတင်လှုပ်ရှား လာခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်စစ်ဘက် အနေဖြင့် ယင်းစစ်သင်္ဘော၏ ထောက်လှမ်းရေးသတင်း ရယူစုဆောင်းနိုင်မှု စွမ်းရည်ကို လျှော့ချနိုင်ရန်အတွက် ဆိုက်ဘာတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ  ဆိုက်ဘာတိုက်ခိုက်မှုသည် ယခုနှစ် ဇန်နဝါရီလနှောင်းပိုင်းက ဂျော်ဒန်နိုင်ငံအတွင်းရှိ အမေရိကန်စစ် အခြေစိုက်စခန်း တစ်ခုအား မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အမေရိကန်က လက်တုံ့ပြန်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း NBC သတင်းဌာနက ဖေဖော်ဝါရီလ၁၅ ရက်တွင် ဖော်ပြသည်။ ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ် အခြေစိုက်စခန်း တိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သည် သုံးဦးသေဆုံးပြီး အခြား ၄၀ ခန့် ဒဏ်ရာ ရရှိသွားကြောင်းသိရသည်။