ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
အစ်ကို
တစ်ညနေတွင် ခရီးထွက်ရန် အထုပ်အပိုးပြင်နေသော ကိုရဲမြင့်သည် မခင်မှီ၏ခေါ်သံကြောင့် ခေါင်းမော့ကြည့်လိုက်သည်။
မခင်မှီသည် သူ့အား မတ်တတ်က ငုံ့ကြည့်နေ၏။
အစ်ကို ခရီးထွက်မလို့လားဟင်
ဟုတ်တယ် ညီမရယ်၊ အစ်ကို ခရီးထွက်ရဦးမယ်
အဖျားပြတ်တာ တစ်ပတ်တောင်မရှိသေးပါဘူး အစ်ကို
မခင်မှီ၏ ကရုဏာလွှမ်းသောစကားက ကိုရဲမြင့်၏ရင်ကို ချက်ချင်း တင်းကျပ်သွားစေသည်။
မခင်မှီပြောသည်မှာ အမှန်ပင်ဖြစ်ပါသည်။
ရခိုင်ကပြန်လာသော ကိုရဲမြင့်သည် ဤစခန်း၌ တစ်လနီးပါးကြာခဲ့သည်။ ထိုတစ်လအတွင်း ငှက်ဖျားသည် ပေါ်လိုက်၊ ပျောက်လိုက်နှင့် ကိုရဲမြင့်ကို ကြီးစွာဒုက္ခပေးခဲ့လေသည်။ ယခုတစ်ခါ အဖျားပြတ်သွား သည်မှာ လေးရက်သာရှိသေးသည်။
သို့သော် သူ့အနေမှာ ခရီးကမသွား၍မဖြစ်ပေ။ စေတုတ္တရာဘက်တွင် စစ်ရေးအခြေအနေက ဆိုးရွားနေသည်။ ရဲဘော်ဖြူများအနေမှာ အစိုးရ ၏ထိုးစစ်ကို အလူးအလဲခံနေရသည်။ တပ်စခန်းတွေတစ်ခုပြီးတစ်ခု ဆုတ်ခွာပေးနေရသည်။ ကြံ့ကြံ့ခံနေနိုင်သောနယ်မြေမှာ ဗိုလ်ညိုဦးစီး နေသော လက်ပန်နယ်တစ်ဝိုက်သာ ကျန်တော့သည်။ ပန်းတိမ်းငဖဲသည် လည်း အခြေအနေမကောင်းတော့ပေ။
မည်သို့ဆိုစေ ယခုအခါမှာ ရှေ့တန်း၌ ရွပ်ရွပ်ချွံချွံမိုက်မိုက်ကန်းကန်း တိုက်ခိုက်နေသော ဗိုလ်ညိုကိုလည်း ကိုရဲမြင့်သည် သတိတရရှိလှသည်။
အစ်ကို ဘယ်ဘက်ကို သွားရမလဲဟင်
မခင်မှီသည် ကိုရဲမြင့်အနားတွင် လာထိုင်ရင်း ညှိုးငယ်စွာဖြင့် မေးလာ၏။
စေတုတ္တရာဘက်ကို ညီမ
မသွားလို့ရော မဖြစ်ဘူးလားအစ်ကိုရယ်၊ အစ်ကို အဖျားလုံးလုံး လျားလျားပြတ်သေးတာမဟုတ်ဘူး၊ နားနားနေနေ နေပါဦးလား
ငှက်ဖျားပဲ ညီမရယ်၊ သိပ်အရေးမကြီးပါဘူး
လမ်းမှာ ဖျားနေမှာစိုးလို့
မခင်မှီက ကျောပိုးအိတ်ထဲထည့်မဝင်ဖြစ်နေသော ပုဆိုးခေါက် နှစ်ထည်ကို ကူထည့်ပေးရင်း စိုးရိမ်ပူပန်သံနှင့် ပြောသည်။
ကိစ္စက နည်းနည်းအရေးကြီးနေလို့ကွယ်။ အစ်ကို့အတွက် ညီမဘာမှ မစိုးရိမ်ပါနဲ့၊ လမ်းမှာလည်း စခန်းတွေရှိပါတယ်။ ဖျားရင် ဝင်နားသွားလို့ ရပါတယ်
ဟော သမီးလေး
တစ်နှစ်ကျော်အရွယ် သမီးခင်ခင်ငြိမ်းသည် ပါးစပ်ထဲက ဝူးဝူးဝါးဝါး ပြောကာ အပြင်သို့ ထွက်လာသဖြင့် မခင်မှီက လှမ်းချီလိုက်သည်။
ကိုထွန်းငြိမ်း၊ မခင်မှီတို့၏သမီးလေး ခင်ခင်ငြိမ်းကို မြင်လိုက်ရသော အခါ ကိုရဲမြင့်၏ရင်ထဲမှာ မဖော်ပြတတ်သော ဝေဒနာတစ်ခုက လှုပ်ခတ် လာပြန်သည်။
ဟေး...လာသမီး ဦး ဦးဆီ
ကိုရဲမြင့်သည် မခင်မှီကိုယ်ပေါ်က သမီးလေးကို လှမ်းပွေ့ချီကာ နမ်းလိုက်သည်။
ဟင်
ယခင်တစ်နှစ်ကျော်ကာလ သို့မဟုတ် ခင်ခင်ငြိမ်း တစ်လပြည့်သော အထိမ်းအမှတ်အဖြစ် ကိုရဲမြင့်ဆွဲပေးထားခဲ့သော ခင်ခင်ငြိမ်း၏ လည်ပင်းမှ ရွှေဆွဲကြိုးသည် မခင်မှီ၏ ကြယ်သီးနှင့်ငြိကာ ဒုတ်ခနဲ ပြတ်ကျသွား၏။
ဟင် သမီးလေးရွှေကြိုးပြတ်ကျသွားပြီ
ကိုရဲမြင့်အနေမှာ ဤသည်တို့ကို မည်သို့မှ မဥပါဒ်သော်လည်း မခင်မှီ ကတော့ မျက်နှာတစ်ချက်ကွက်ခနဲ ပျက်သွား၏။
ဒီရွှေကြိုးက သမီးတစ်လပြည့်တဲ့နေ့က အစ်ကိုအမှတ်တရပေးခဲ့ တဲ့ ရွှေကြိုးလေးအစ်ကို၊ ခု ပြတ်သွားပြီ
ဟုတ်လား ညီမရယ်၊ အစ်ကိုတော့ အမှတ်တမဲ့ပဲ ပြတ်တော့လည်း ပြန်ဆက်ရင်ရတာပဲကွယ်၊ မဟုတ်ဘူးလားနော်သမီး
မခင်မှီက အသံတုန်တုန်နှင့် ပြောလာသည်ကို ကိုရဲမြင့်မှာ တမင်ပင် အမှုမဲ့၊ အမှတ်မဲ့လုပ်ပစ်လိုက်၏။
ဆက်လက်ဖော်ပြပါမည်။