၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများနှင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား

 

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများနှင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား

ရန်ကုန်  ဖေဖော်ဝါရီ  ၁၇

 

ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသည့်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား တည်ခင်းဧည့်ခံသည့်ဂုဏ်ပြုညစာစားပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည်  ယနေ့ ညနေပိုင်းတွင်    ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ်(၁၅) မိုးကောင်းလမ်းရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သတင်းနှင့်မီဒီယာလုပ်ငန်း(မြဝတီ) (MWD MediaCentre)တွင် ကျင်းပသည့်  ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူများနှင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား   တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ချီးမြှင့်သည်။

ရှေးဦးစွာ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ   အခမ်းအနားကျင်းပခဲ့သည့်မှတ်တမ်း   Video Clip အားပြသသည်။

ဆက်လက်၍   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများနှင့် အခမ်းအနားကြီး ဖြစ်မြောက်အောင် ပါဝင်ကူညီပေးခဲ့ကြသူများကို ဂုဏ်ပြုခြင်းအခမ်းအနားဖြစ်ကြောင်း၊   အခမ်းအနားကြီး ဖြစ်မြောက်အောင် ဌာနဆိုင်ရာအသီးသီးနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများပါဝင်သည့် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ  ၁၇  ခုကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြကြောင်း၊  ယခုလို လုပ်ငန်းကော်မတီနှင့်   ဆပ်ကော်မတီအသီးသီးမှာ ပါဝင်ကူညီပေးခဲ့ကြသည့် သူများကိုလည်း ကျေးဇူးတင်ရှိကြောင်း၊  အဲဒီ အခမ်း အနားကြီးမှာ ရုပ်ရှင်တစ်သက်တာဆုသုံးဆုနှင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကိုးဆု စုစုပေါင်း ၁၂ ဆုကို ချီးမြှင့်ခဲ့ကြောင်း၊ ထူးချွန်ဆုများကို ၂၀၂၃ ခုနှစ်အတွင်းမှာ ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကား ၃၅ ကားထဲကမှ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးက အကဲဖြတ်အမှတ်ပေးပုံစံများနှင့်အညီ ရွေးချယ်ခဲ့ကြကြောင်း။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ယခင်နှစ်က စတင်ထည့်သွင်းခဲ့သည့် အစီအစဉ်တစ်ခုဖြစ်သည့် အကောင်းဆုံးဝတ်စားဆင်ယင်မှုဆုကို      ယခုနှစ်တွင်လည်း ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်း၊  ယခုနှစ် အခမ်းအနားကြီးကို တက်ရောက်ခဲ့ကြသည့် အနုပညာရှင်၊ အတတ်ပညာရှင်များနှင့်တကွ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များ၊ နိုင်ငံတစ်ဝန်းက TV ဖန်သားပြင်ပေါ်ကနေ ကြည့်ရှုနေကြသည့် သူများအားလုံးက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားသည် နိုင်ငံတကာအဆင့်မီ ဆောင်ရွက်ခဲ့သည်လို့ မှတ်ချက်ပြုကြသည်ကို  ကြားသိရသည့်အတွက်  များစွာ ဂုဏ်ယူဝမ်းမြောက်မိကြောင်း။

ထူးချွန်ဆု ချီးမြှင့်ခြင်းခံရသူများ အနေနှင့်လည်း ဂုဏ်ယူဝမ်းမြောက်နေတာတွေ့ရသည့်အတွက် ဝမ်းသာပီတိ ဖြစ်ရကြောင်း၊ ယခုနှစ် ထူးချွန်ဆုရရှိသူတွေထဲမှာ လူငယ်အနုပညာရှင်တွေ ပါဝင်လာသည့်အတွက် မြန်မာ့ရုပ်ရှင်လောက တစ်ခေတ်ဆန်းသစ်ရန် အားသစ်လောင်းသည့်အနေအထားမျိုး တွေ့ရကြောင်း၊  မျိုးဆက်သစ် အနုပညာ ရှင်လူငယ်များအနေဖြင့်      အားကျပြီး မြန်မာ့ရုပ်ရှင်လောကကြီး ယခုထက်မက တိုးတက်အောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းပေးကြောင်း ပြောကြားသည်။

ထို့နောက်      ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်     ဦးစိုးသိန်းက ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ကျေးဇူးတင်စကားပြောကြားပြီး ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုစိစစ်အကဲဖြတ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်မြင့်ဦးက ဆုရွေးချယ်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက်    ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ပါဝင်ပံ့ပိုး ကူညီသူများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကာ ထူးချွန်ဆု ရရှိသူများကိုယ်စား ရုပ်ရှင်တစ်သက်တာဆုရှင်  အကယ်ဒမီ ဒေါ်နွဲ့နွဲ့စန်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။