အီရန်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများပေါက်ကွဲမှု နောက်ကွယ်တွင် အစ္စရေးရှိနေဟုဆို

 

အီရန်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများပေါက်ကွဲမှု နောက်ကွယ်တွင် အစ္စရေးရှိနေဟုဆို

အီရန်နိုင်ငံတောင်ပိုင်းရှိ     သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ပေါက်ကွဲမှုနောက်ကွယ်တွင် အစ္စရေးနိုင်ငံရှိကြောင်း အနောက် နိုင်ငံမှတာဝန်ရှိသူအချို့နှင့် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက် ကို ကိုးကား၍ The New York Times သတင်းဌာနကဖော်ပြထားသည်။

အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းများ ပေါက်ကွဲမှုသည် ပြီးခဲ့သည့် သီတင်းပတ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းသို့ တိုက်ခိုက်ခံရခြင်းက အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုများ   မြင့်တက်လာစေမည်ဖြစ်ကြောင်း အနောက်နိုင်ငံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မူလက ယင်းတိုက်ခိုက်မှုကို နေရာများစွာ၌ တစ်ချိန်တည်းတစ်ပြိုင်တည်း လုပ်ဆောင်ရန် စီစဉ်ထားခြင်း ဖြစ်သော်လည်း  ဒရုန်းဖြင့် တိုက်ခိုက်ခြင်း သို့မဟုတ် ဖောက်ခွဲရေးပစ္စည်းဖြင့် ဖောက်ခွဲခြင်းလား ဆိုသည်ကိုမူ မသိရသေးကြောင်း သတင်းစာက ဆက်လက်ဖော်ပြထားသည်။

ဓာတ်ငွေ့ပိုက်လိုင်းများကို     အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့က ရံဖန်ရံခါကင်းလှည့်မှုများ လုပ်ဆောင် နေသည့်အပြင် လုပ်ငန်းစဉ်ကလည်း   ရှုပ်ထွေးမှုရှိသည့်အတွက်    ထိုပိုက်လိုင်းများ တိုက်ခိုက်ခံရခြင်းမှာ အစ္စရေး၏ လက်ချက်ဖြစ်နိုင်ကြောင်း အီရန်တာဝန်ရှိသူများကပြောသည်။

အလားတူ    အစ္စရေးအစိုးရသည် တီဟီရန်မြို့ပြင်ရှိ   ဓာတုပစ္စည်းစက်ရုံပေါက်ကွဲမှုတစ်ခုကိုလည်း  နောက်ကွယ်မှ လုပ်ဆောင်ခဲ့ကြောင်း အနောက်နိုင်ငံများမှ တာဝန်ရှိသူများက ပြောထားသည်။

Ref: Sputnik