အမေရိကန်အစိုးရက အစ္စရေးသို့ ပေါင် ၅၀၀ ဗုံးများပေးပို့ရန်စီစဉ်နေ

 

အမေရိကန်အစိုးရက အစ္စရေးသို့ ပေါင် ၅၀၀ ဗုံးများပေးပို့ရန်စီစဉ်နေ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက  ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိသည့် ဗုံးများနှင့် စစ်လက်နက်ပစ္စည်းများကို ပေးပို့ရန်ပြင်ဆင်နေကြောင်း  The Wall Street Journal ကဖော်ပြထားသည်။

ထိုသို့ပေးပို့မည့် ဗုံးများနှင့်စစ်လက်နက် ပစ္စည်းများတွင် MK-82 အမျိုးအစား ပေါင် ၅၀၀ ဗုံးအလုံးရေ ၁၀၀၀ ဝန်းကျင်၊ ဗုံးများအတွက်  တိကျပဲ့ထိန်းပစ္စည်းများနှင့် စနက်တံများပါဝင်နိုင်ကြောင်း ကာကွယ်ရေး တာဝန်ရှိသူများ၏ ပြောဆိုချက်ကို ကိုးကား၍ အဆိုပါ သတင်းဌာနက ဖော်ပြထားခြင်းဖြစ်သည်။

ယင်းကဲ့သို့  စစ်လက်နက်ပစ္စည်းများပေးပို့မှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက သုံးသပ်နေဆဲဖြစ်ကြောင်းနှင့် သတ်မှတ်ချက်များပြောင်းလဲနိုင်ကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

အစ္စရေးနိုင်ငံရှိ   အမေရိကန်သံရုံးက ရေးဆွဲလျက်ရှိသည့် လေ့လာသုံးသပ်ချက်အစီရင်ခံစာအကြမ်းတွင် တွေ့ရှိချက်အရ လက်ရှိဖြစ်ပွားနေသော ဒေသတွင်းပဋိပက္ခများကြောင့် အစ္စရေးအစိုးရအနေဖြင့် အဆိုပါ စစ်လက်နက်ပစ္စည်းများနှင့် ခဲယမ်းများကို  အလျင်စလို လိုအပ်နေကြောင်း ဖော်ပြထားသည်။

ဟားမတ်တို့က     အစ္စရေးဘက်ကို ရုတ်တရက်တိုက်ခိုက်မှုလုပ်ဆောင်ပြီးနောက် အမေရိကန်ဘက်က အစ္စရေး အစိုးရအပေါ် စစ်ရေးအရထောက်ပံ့မှုများ ပိုမိုပေးအပ်လာခြင်းဖြစ်သည်။ ဒီဇင်ဘာလတွင်  ဂျိုးဘိုင်ဒင် အစိုးရအနေဖြင့်  ကွန်ဂရက်၏ဆုံးဖြတ်ချက်ကိုကျော်လွန်ကာ အစ္စရေးသို့တင့်ခဲယမ်း ၁၄၀၀၀ ဝန်းကျင်အထိ အရေးပေါ်ရောင်းချပေးရန် အတည်ပြုခဲ့ကြောင်း သိရသည်။

Ref: RT