မုံရွာမြို့နယ်နှင့် ဘားအံမြို့နယ်တို့ရှိ ကျေးရွာများသို့ တပ်မတော်ကလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိဟု မဟုတ်မမှန် သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

 

မုံရွာမြို့နယ်နှင့် ဘားအံမြို့နယ်တို့ရှိ ကျေးရွာများသို့ တပ်မတော်ကလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိဟု မဟုတ်မမှန် သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈ ရက်      

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊  ညောင်ပင်ရွာကို ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် တပ်မတော်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ၇ ဦး ထိခိုက်ဒဏ်ရာရပြီး  ၂ ဦး စိုးရိမ်ရဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်တွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          တပ်မတော်အနေဖြင့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ နေရာများသို့ ပစ်ခတ်တိုက် ခိုက်ခြင်းများ လုပ်ဆောင်မှုမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ အများပြည်သူ နေထိုင်ရာ မြို့၊ ရွာများအတွင်း အဓမ္မဝင်ရောက်၍ ခိုအောင်းလှုပ်ရှားခြင်း၊ ရွာသားများကို လူသားဒိုင်းအဖြစ် အသုံးပြုတိုက်ခိုက်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးထိခိုက် ဒဏ်ရာရခြင်းများဖြစ်ပေါ်လျက်ရှိပါသည်။ ယခု ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင်လည်း ညောင်ပင်ရွာသို့ တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုမရှိဘဲ လုပ်ကြံဝါဒဖြန့် ရေးသားထားသော သတင်းအမှားသာဖြစ်သည်ကို သက်ဆိုင်ရာနယ်မြေလုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

          အလားတူ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင်လည်း ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ရေအေးရွာကို တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့သည်ဟု မဟုတ်မမှန် ရေးသားဖော်ပြထားရှိ သည်ကိုတွေ့ရှိရပြီး မြေပြင်စုံစမ်းသိရှိရသော သတင်းများအရ ၎င်းနေ့တွင်  တပ်မတော်၏ နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်သည့်အဖွဲ့အား အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခြင်းများ ဖြစ်ပွားခဲ့ကြောင်းသိရှိရပြီး ၎င်းဖြစ်စဉ်ကို  အကြမ်းဖက်အားပေးပြည်ဖျက် မီဒီယာများက မဟုတ်မမှန် သတင်းများထုတ်လွှင့်ကာ အများပြည်သူ အထင်အမြင်လွဲမှား စေရန် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။