အသီးအရွက်နှင့် အသားအရေ

အသီးအရွက်နှင့် အသားအရေ

အသီးအရွက်က အရေပြားကို အကျိုးရှိစေပါတယ်။ အရေပြားကို မြန်မြန်အိုစာမသွားစေဖို့  စားသောက် သင့်တာတွေကကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာပဲ ရှိနေပါတယ်။ အဲဒီအစားအသောက်တွေကို ရွေးချယ် စားသုံးမယ်ဆိုရင် ပါးရေတွန့်တာ၊ ပါးရေတွဲကျနေတာတွေ မဖြစ်အောင် ကာကွယ်နိုင်ပြီး သင့်အရေပြား မှာ အရေးအကြောင်းတွေ ကင်းစင်ပါလိမ့်မယ်။

သုတေသနပြုချက်တွေအရ  ၁၉၈၉ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ အသက် ၇၀ ကျော်အရွယ်တွေရဲ့ အရေပြား၊ အရေးအကြောင်းတွေက သူတို့စားသုံးတဲ့ အစားအစာအမျိုးအစားပေါ်မူတည်ပြီး ကွဲလွဲမှု ရှိတာကို တွေ့ရပါတယ်။ အဲဒီသုတေသနမှာ သြစတြေးလျ၊ တရုတ်၊ ဂရိ၊ ဂျပန်နဲ့ ဆွီဒင်နိုင်ငံက လူပေါင်း ၂၀၀၀ ပါဝင်ပါတယ်။ ဆွီဒင်နိုင်ငံသားတွေက အရေပြားမှာ အရေးအကြောင်းပေါ်တာနည်းပြီး သြစတြေးလျနိုင်ငံသားတွေကတော့ အရေပြားမှာ အရေးအကြောင်းတွေ အဆိုးဆုံးရှိနေပါတယ်။     သူတို့စားသုံးတဲ့ အစားအသောက်တွေကို ဆက်စပ်ကြည့်တဲ့အခါ ဆွီဒင်နိုင်ငံသားတွေက ဟင်းသီး ဟင်းရွက်၊ သံလွင်ဆီ၊ ငါး၊ ပဲတို့ စားတာများပြီး သကြား၊ ထောပတ်၊ မလိုင်စားတာနည်းလို့   အရေပြားအိုစာမှု အတော်နည်းပါတယ်။

အသင့်စားအစားအစာတွေက အရေပြားအပေါ် ထိခိုက်မှုတွေရှိပါတယ်။ လတ်လတ်ဆတ်ဆတ် အသီးအနှံ၊ သစ်ဥသစ်ဖုတွေကို တာရှည်အထားခံအောင်၊ အလွယ်တကူစားသုံးလို့ရအောင်  ပြုပြင်ထား ကြပါတယ်။ မပြုမပြင်တဲ့အစာကို Processed Food လို့ ခေါ်ပါတယ်။ ဥပမာ-မိန်းကလေးတွေ အလွန်ကြိုက်တဲ့ အချဉ်ပေါင်းတွေက သန့်ရှင်းလတ်ဆတ်ရင်တော့ အရေပြားအတွက် ကောင်းမွန်ပါ တယ်။  တကယ်တော့   ပြုပြင်ထားတဲ့  အစားအစာတွေမှာ  မူလအာဟာရဓာတ်တွေ လျော့နည်းသွားတဲ့ အပြင် ဓာတုပစ္စည်းတွေ ပါဝင်နေတာကြောင့် အန္တရာယ်ရှိပါတယ်။ ဓာတုဆိုးဆေးတွေပါတယ်။ သကြားပါမယ်။  တိရစ္ဆာန်တွေရဲ့အဆီပါမယ်။ တာရှည်အထားခံတဲ့  ဓာတုပစ္စည်းတွေပါတယ်။ အနံ့၊  အရသာအတွက် ထပ်ဆောင်းထည့်တဲ့ ဓာတုပစ္စည်းတွေပါမယ်။ အသင့်စားအစားအစာတွေ စားသုံးတဲ့ သူတွေက အရေပြားအရွယ် ပိုကျလွယ်တယ်လို့ ဆိုပါတယ်။  အရေပြားတင် ထိခိုက်တာမဟုတ်ပါဘူး။ ဆီးချိုရောဂါ၊ နှလုံးရောဂါ စတဲ့ပြဿနာတွေလည်း ဖြစ်စေပါတယ်။

သောက်သုံးနေတဲ့အချိုရည်မှာ သစ်သီးအနံ့၊ ပါဝါသကြား၊ ဓာတုဗေဒဆိုးဆေး၊ ကာဗွန်ဒိုင် အောက်ဆိုဒ် တွေ ထည့်သွင်းထားတဲ့အပြင် သကြားနဲ့ ဆော်ဒါမပါတာရှားလို့ အရေပြားကို ထိခိုက်စေပါတယ်။

သကြား(Advanced Glycosylation End products-AGE)က အရေပြားရဲ့ကော်လာဂျင်ကို ထိခိုက် ပျက်စီးစေလို့    ပါးရေနားရေတွန့်ပြီး    လျော့ရိလျော့ရဲဖြစ်စေပါတယ်။ အိုစာလွယ်တယ်လို့ ဆိုရပါ မယ်။ အိုစာတာကို AGE လို့ခေါ်တယ်။ အချိုစားရင်  AGE   တွေများလာပြီး  အိုလာတယ်။ ဒါကြောင့်  မအိုချင် သေးရင်  အချိုလျှော့စားသင့်တယ်။   မအိုချင်ရင်  အချိုရှောင်သင့်တယ်။

ဟင်းသီးဟင်းရွက်တွေက အရွယ်တင်နုပျိုစေတယ်။ အသီးအနှံနဲ့ အသီးအရွက်တွေမှာ အဓိက ပါဝင်တာက ဗီတာမင်တွေဖြစ်တယ်။ ဗီတာမင်အီး၊ ဗီတာမင်စီ၊ ဘီတာကယ်ရိုတင်း ဖလေဗိုနွိုက် ဓာတ်တွေနဲ့ အကျိုးပြုဓာတ်ပစ္စည်းတွေ ပါဝင်တယ်။ အဲဒီဓာတ်အများစုက ဓာတ်တိုးဆန့်ကျင် ပစ္စည်း အစွမ်းရှိတာကြောင့် ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်နိုင်ပါတယ်။ ဒီလိုတွန်းလှန်နိုင်တော့ အရေပြား ပျက်စီးမှုနည်းပြီး အရွယ်တင်စေပါတယ်။   သိပ္ပံပညာရှင်တွေက ဓာတ်တိုးဆန့်ကျင်မှုစံနှုန်း   (Oxygen Radical Absorbance Capacity- ORAC) ကိုသတ်မှတ်ပြီး ဘယ်အသီးအနှံ၊  ဘယ်အစားအသောက်က  ဓာတ်တိုးဆန့်ကျင်မှုများတယ်၊ နည်းတယ်ဆိုတာ နှိုင်းယှဉ်ဖော်ပြလေ့ရှိ ပါတယ်။ ORAC များလေ ကောင်းလေဖြစ်ပါတယ်။ ORAC များများပါတဲ့ အသီးအနှံစားလေ အရေပြားပျက်စီးမှုနည်းပြီး အရွယ်တင် လေဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်တွေရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက များပါတယ်။ အသီးအနှံတွေရဲ့ ကောင်းကျိုးကို ပြောရရင် ကုန်နိုင်ဖွယ်မရှိပါဘူး။ ပါဝင်တဲ့ အာဟာရတွေကိုခြုံငုံပြီး Phytonutrients  လို့ခေါ်ပါတယ်။ အဲဒီအာဟာရတွေ ပြည့်ပြည့်၀၀ရရင် လူတွေရဲ့ အထွေထွေကျန်းမာရေးအတွက်  အလွန်ကို အကျိုးပြုစေပါတယ်။ နှလုံးရောဂါ၊ ကင်ဆာရောဂါစတဲ့ ရောဂါကြီးတွေကိုတောင် ကာကွယ် နိုင်စွမ်းရှိပါတယ်။ ဥပမာပေးရရင် ကြက်ဟင်းခါးသီးများများစားရင် ရင်သားကင်ဆာဖြစ်တာ အတော် နည်းပါတယ်။

ဟင်းသီးဟင်းရွက်တွေရဲ့ အာဟာရတန်ဖိုးမပျက်စီးရအောင် ဟင်းသီးဟင်းရွက်စားတဲ့အခါ တတ်နိုင် သမျှ အစိမ်းစားမှ အာဟာရတွေ၊ ဗီတာမင်တွေ ပြည့်ပြည့်၀၀ရရှိနိုင်မှာဖြစ်ပါတယ်။ ပြုတ်တာ၊ ကြော်တာ၊ ကင်တာများများလုပ်လေ အာဟာရတန်ဖိုး လျော့သွားလေဖြစ်ပါတယ်။ တချို့အသီးအနှံ တွေက အခွံခွာမှ အာဟာရတွေ များတတ်သလို တချို့က အခွံခွာစားရင် လျော့သွား တတ်ပါသေးတယ်။

ပြုပြင်မွမ်းမံတာတွေ များများလုပ်လေ အာဟာရတွေ ပျက်စီးလေဖြစ်ပါတယ်။ ရေဒါမှမဟုတ် ဆားရည်နဲ့  ၁၅ မိနစ်စိမ်ပြီး သေသေချာချာ ပွတ်တိုက်ဆေးကြောဖို့ လိုပါတယ်။ အသီးအနှံတွေမှာပါလာတဲ့ ပိုးသတ် ဆေး၊ အသီးအားဆေးတွေရဲ့ အန္တရာယ်ကိုလည်း ကြောက်နေရပါတယ်။

ပါးရေမတွန့်အောင် အရေပြားအတွက် အကျိုးရှိတဲ့အမျှင်ဓာတ်၊ မဂ္ဂနီစီယမ်နဲ့ ပရိုတင်းဓာတ်တွေက ပဲတွေမှာ ပါဝင်ပါတယ်။ ပဲပုပ်နဲ့ပဲပိစပ်က အရေပြားအတွက် အတော်ကောင်းပါတယ်။ သူ့မှာ ဓာတ်တိုး ဆန့်ကျင်မှုအားကောင်းတဲ့ (Phytoestrogen) ဓာတ်ပါဝင်ပါတယ်။ ငါးစားရင်လည်း အရေပြား အတွက် ကောင်းပါတယ်။    

ပင်လယ်ငါးတွေမှာ EPA နဲ့ DHA ဆိုတဲ့ အဖိုးတန်အဆီနှစ်မျိုး ပါဝင်တယ်။ အဲဒီအဆီတွေက အရေပြား အတွက်  အကျိုးရှိရုံတင်မက နှလုံးရောဂါ၊ အဆစ်အမျက်ရောင်၊  လေးဖက်နာရောဂါ စတာတွေ အတွက်ပါ အကျိုးပြုပါတယ်။နောက်တစ်ခုက သံလွင်ဆီ၊ ဟင်းသီးဟင်းရွက်၊ ပင်လယ်ငါး စတဲ့ မြေထဲပင်လယ် အစားအစာတွေကို  မြန်မာနိုင်ငံမှာ စားသုံးမှု အလွန်နည်းပါတယ်။ စပိန်၊ ပေါ်တူဂီ၊ ဂရိ၊ အီတလီ စတဲ့မြေထဲပင်လယ်ကမ်းခြေကနိုင်ငံတွေက အစားများကြသလို အသက်လည်း ရှည်တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ စားအုန်းဆီစားသုံးမှုများ ပါတယ်။ တကယ်တမ်း စားအုန်းဆီ ထုတ်လုပ်တဲ့ နိုင်ငံတွေမှာ ပြည့်ဝဆီစားအုန်းဆီနဲ့ မပြည့်ဝဆီတို့ ထုတ်လုပ်ပါတယ်။  အရှေ့အလယ်ပိုင်း ဒေသကနိုင်ငံတွေ၊ မြေထဲပင်လယ်ကမ်းခြေက နိုင်ငံတွေကတော့ သံလွင်ဆီကိုပဲသုံးပါတယ်။   သံလွင်ဆီက လူကို အကျိုးပြုပါတယ်။ ဆဲလ်၊ ကလာပ်စည်းတွေရဲ့ မျက်နှာပြင်ကို တောင့်တင်း စေပါတယ်။ အစားအသောက်မှာပါတဲ့  ဗီတာမင်အီးကို ခန္ဓာကိုယ်က စုပ်ယူရာမှာလည်း  ကူညီတယ်။  ကိုလက်စထရောကျစေတဲ့အပြင်  နှလုံးရောဂါဖြစ်ပွားမှုကိုလည်း လျော့ပါးစေပါတယ်။

လတ်လတ်ဆတ်ဆတ် သန့်သန့်ရှင်းရှင်း  စားလိုသူတွေက  ဈေးကွက်ကဝယ်လာတဲ့အသီးအနှံတွေကို  ဆားရည်ထဲမှာ ၁၅ မိနစ်စိမ်ပြီး ရေစင်စင်ဆေးပေးရင်ရပါပြီ။  အသား၊ ငါးဆိုရင်တော့ မိနစ် ၃၀၊ ၄၅  မိနစ်စိမ်ပြီး ဆေးကြောပေးရင်ရပါတယ်။ သီးသန့်ရေခဲ သေတ္တာထားသင့်တယ်။ နုပျိုပြီး အသားဖြူစေဖို့ အတွက်တော့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ခရမ်းချဉ်သီး၊ ဖရဲသီး၊ သံပရိုသီး၊ လိမ္မော်သီး၊  တလည်းသီး၊ သခွားသီးတို့ စားပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးက အသားအရေအတွက်   အထောက်ကူပြု တယ်။ သဘာဝနေရောင် ကာခရင်မ်တစ်မျိုးဖြစ်ပြီး အသားအရေကို နေရောင်ခြည်ဒဏ်ကနေ     ကာကွယ်ပေးသလို ကြည်လင်လှပစေတယ်။ ဖရဲသီးက ရေငတ်ပြေအောင်စားလို့ရရုံမက အသားဖြူစေဖို့ လည်း စားနိုင်တယ်။ အသားအရေကြည်လင်စေပါတယ်။ ရေဓာတ်ဖြည့်ပေးသလို အဆိပ်အတောက် တွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။

သံပရိုသီးရဲ့ ဗီတာမင်စီကြွယ်ဝမှုက အသားအရေကိုကြည်လင်စေပြီး ဆဲလ်သေတွေကို  အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ လိမ္မော်သီးမှာ ဗီတာမင်အေနဲ့ ဗီတာမင်စီပါဝင်နေပြီး အသားအရေကို  အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ကီဝီသီး၊ ဂရိတ်ဖရုသီးတို့ကလည်း အသားအရေကို ကြည်လင် စေတဲ့အတွက် စားပေးသင့်ပါကြောင်း အသီးအရွက်နဲ့ ကျန်းမာရေးဆိုင်ရာတွေကို ရေးသားတင်ပြ လိုက်ရပါတယ်။   ။

ဒေါက်တာလွင်သန့်