ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

အမှန်က ခင်ခင်ငြိမ်းလည်ပင်းတွင် အမြဲဆွဲပေးထားသော ဤဆွဲကြိုးကို ကိုရဲမြင့် မှတ်မိပါ၏။ ခင်ခင်ငြိမ်းကို ချီပွေ့နမ်းမိတိုင်း ဤဆွဲကြိုး နှင့်ပတ်သက်၍ လွန်ခဲ့သော မိုးညတစ်ညက သူ့အား ဗိုလ်ညိုခနဲ့ခဲ့သော စကားကိုပင် အမြဲအမှတ်ရစေသည်။ ထို့ကြောင့်လည်း ကိုရဲမြင့်သည် မခင်မှီအပေါ်၌ မည်မျှပင် စိတ်တိမ်းညွတ်ခဲ့သော်လည်း အတတ်နိုင်ဆုံး တော့ စောင့်ထိန်းခဲ့လေသည်။

မခင်မှီအား သူသည် တွယ်တာသနားမိရာက ချစ်ခဲ့မိသည်မှာလည်း အမှန်ပင်။ သို့သော် ကိုရဲမြင့်၏ သဘောမှာမူ မခင်မှီအား လူသိရှင်ကြား တရားဝင် လက်မထပ်နိုင်သေးသမျှ ကာလပတ်လုံး ကျူးကျူး လွန်လွန် မဖြစ်မိအောင် ထိန်းသိမ်းနေထိုင်ခဲ့၏။

စခန်းရှိ အများအမြင်မှာ မခင်မှီသည် ကိုရဲမြင့်၏ ဇနီးဟု မြင်နေကြသော်လည်း အမှန်တကယ်မှာမူ   ဟန်ဆောင်နေကြခြင်းသာတည်း။

“ကဲ ညီမရေ၊ သမီးလေးကို ချီပါဦး။ အစ်ကို ဟိုဘက်တဲကိုသွားပြီး ခရီးထွက်မယ့် ရဲဘော်တွေကို သွားကြည့်လိုက်ဦးမယ်”

မခင်မှီနှင့် နီးနီကပ်ကပ်နေလျှင် တစ်စုံတစ်ခုအတွက် စိတ်အနှောင့် အယှက်ဖြစ်မည် စိုးသဖြင့် တမင် ရှောင်ထွက်လာခဲ့လေသည်။

သူ၏ရဲဘော်တွေကို ခရီးထွက်ရန် အသင့်ပြင်၍ တွေ့ရသောအခါ ကိုရဲမြင့်သည် မိမိတဲစခန်းသို့ ပြန်လာ၏။

“ကဲ ဒေါ်ဒေါ်၊ ညီမ ကျွန်တော် ခရီးထွက်လိုက်ဦးမယ်။ တကယ်လို့ ဒီကြားထဲ ကျွန်တော်မပြန်ခင် စခန်းပြောင်းကြရင်လည်း အရင်အတိုင်းပဲ လိုက်သွားလိုက်ကြပါ။ ရဲဘော်၊ ရဲမေတွေက အဒေါ်တို့၊ ညီမတို့ကို နေရာ ချထားပေးပါလိမ့်မယ်”

ကိုရဲမြင့်သည် စေတုတ္တရာဘက်သို့ ခရီးထွက်လာသောအခါ မခင်မှီ တို့သားအမိမှာ မျက်ရည်ဝဲ၍ ကျန်ရစ်ခဲ့ကြသည်။ စခန်းသည်လည်း မှောင်နှင့် မည်းမည်း ကျန်နေခဲ့၏။

ထိုအမှောင်ထဲတွင် ပိုးနှံကောင်များ၏ တစီစီမြည်နေသံကိုပင် ကိုရဲမြင့်သည် မခင်မှီ၏ တသဲ့သဲ့ ရှိုက်လိုက်သံလေလားဟု စိတ်ထဲ ထိထိခိုက်ခိုက် ဖြစ်လာလေသည်။

အချိန်မှာ နံနက် ကိုးနာရီခန့် ရှိလေသည်။

ဗိုလ်ထွန်းလင်းသည် အရှိန်ပြင်းစွာ မောင်းချလာသော  ဂျစ်ကားကို ဆရာကြီးဦးကျော်ရွှေ၏ အိမ်ရှေ့တွင် ထိုးရပ်လိုက်သည်။ ပြီး ဗိုလ်ထွန်း လင်းနှင့် တပ်ကြပ်ထွန်းငြိမ်းတို့သည် ဂျစ်ကားပေါ်မှ ပြိုင်တူဆင်းလိုက် ကြ၏။

“ဟော့ ဟိုင်း ဘယ်က စစ်သားတွေလဲကွ”

စစ်ဝတ်စုံအပြည့်နှင့် အိမ်ပေါ်သို့ ရှေ့ဆင့်၊ နောက်ဆင့် တက်လိုက် လာကြသော ကိုထွန်းငြိမ်းတို့ ညီအစ်ကိုကို မြင်ရသဖြင့် ဆရာကြီးက ဝမ်းသာအားရနှင့် နှုတ်ဆက်လိုက်သည်။

“ဟင် ကိုလင်းတို့၊ အစ်ကိုငြိမ်းတို့ပဲ”

ကျောင်းသွားရန် ပြင်ဆင်နေသော တင်တင်မြိုင်သည် အပြင်က သူ့ ဖေဖေအသံကြားသဖြင့် ထွက်ကြည့်သည်။ အပြင်ဧည့်ခန်းတွင် ကိုထွန်း ငြိမ်းတို့ ညီအစ်ကိုကို တွေ့ရသောအခါ ရုတ်တရက် ဝမ်းသာအားရဖြစ် သွား၏။

“ဖေဖေ၊ မေမေ အစ်ကိုငြိမ်းတို့၊ အစ်ကိုလင်းတို့ ရောက်နေကြတယ်”

“ဟေ၊ ဟုတ်လား”

မီးဖိုထဲတွင် နံနက်စာ ချက်ပြုတ်နေသော ဒေါ်ခင်ခင်မြိုင်မှာလည်း ကိုထွန်းငြိမ်းတို့ ညီအစ်ကိုတွေ ရောက်နေကြသည် ဆိုသဖြင့် အပြင်သို့ ကမန်းကတန်း ပြေးထွက်လာလေသည်။

ဗိုလ်ထွန်းလင်းနှင့် တပ်ကြပ်ထွန်းငြိမ်းတို့မှာ ဆရာကြီးမိသားစုအတွက် ယူဆောင်လာကြသော လက်ဆောင် ပစ္စည်းတွေကို ဆရာကြီးရှေ့က ခုံပေါ်တွင် စုပုံတင်လိုက်ကြကာ ကုလားထိုင်လွတ်များတွင် ဝင်ထိုင် လိုက်ကြသည်။

“မင်းတို့ ဘယ်တုန်းက ရောက်ကြလဲ”

“ဒီနေ့ မနက်ပါပဲ ဆရာကြီး။ ဆရာကြီးနဲ့ ဒေါ်ဒေါ်တို့၊ ညီမတို့အားလုံး နေကောင်းကြပါတယ်နော်”

တပ်ကြပ်ထွန်းငြိမ်းက ဆရာကြီးတို့ မိသားစုတွေ၏ မျက်နှာကို တစ်ယောက်စီ လိုက်ကြည့်ကာ မေးလိုက်၏။  

ဆက်လက်ဖော်ပြပါမည်။