ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး - ညောင်ဦးမြို့သို့ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

 

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး - ညောင်ဦးမြို့သို့ ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ  ၁၈

 

ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေး ကောင်းမွန်စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်အောင်  ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အထူးကုဘာသာရပ်ဆိုင်ရာကုသမှုများကို    ပြည်သူများ လက်လှမ်းမီရရှိနိုင်ရေးအတွက် ရန်ကုန်/မန္တလေး/နေပြည်တော်မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ    ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ ကွင်းဆင်းကုသမှု အစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ  မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတို့မှ  ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပါဝင်သည့်  အထူးကုဆေးကုသရေး အဖွဲ့သည် ဖေဖော်ဝါရီလ၁၆ရက်နှင့် ၁၇ ရက်တို့တွင် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့်   မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့သို့ သွားရောက်၍  ပြည်သူ့ဆေးရုံကြီး ညောင်ဦးမြို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ အဆိုပါခရီးစဉ်အတွင်း နှလုံးဆေးကုသမှုဆိုင်ရာ လူနာ ၇၁ ဦး၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ  လူနာ   ၉၁ ဦး၊  ဦးနှောက်နှင့်  အာရုံကြောဆေးကုသမှုဆိုင်ရာ လူနာ  ၉၆ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာ လူနာ ၁၂ ဦး၊ အထွေထွေရောဂါ ဆေးပညာဆိုင်ရာ လူနာ ၃၀၂ ဦး၊  အထွေထွေခွဲစိတ်ကုသမှုဆိုင်ရာ လူနာ ၅၂ ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာ လူနာ ၆၄ ဦး၊ ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာလူနာ  ၉၉ ဦး၊ ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာ လူနာ၃၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာ လူနာ ၁၄၆ ဦး၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးလူနာ ၈၁ ဦး၊ မျက်စိရောဂါလူနာ ၁၆၄ ဦး၊ အရိုးအကြောအဆစ်ရောဂါ လူနာ ၁၂၃ ဦး၊ သားဖွားမီးယပ်ရောဂါ လူနာ ၁၄ ဦး၊ အရေပြားရောဂါလူနာ ၁၆ ဦး၊ သွားနှင့် ခံတွင်းရောဂါ၊ ကင်ဆာရောဂါ၊ စိတ်ကျန်းမာရေးလူနာ ရှစ်ဦး စုစုပေါင်း ဒေသခံပြည်သူ ၁၃၇၇ ဦးကို ကြည့်ရှုကုသပေးခဲ့သည်။

အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်တွင် ညောင်ဦးမြို့ပေါ်သာမက မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် (၅ )မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ   လာရောက်ပြသခဲ့ကြပြီး ရောဂါရှာဖွေစမ်းသပ်မှုများ အနေဖြင့် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း   (Echo-cardiography) ၅၀ ၊ အစာအိမ်မှန်ပြောင်း ကြည့်ရှုခြင်း     (OGD Scope)၁၁ ဦး၊  ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ကူးခြင်း ၁၇ ဦး၊ သွေးချိုဓာတ် (HbA1C) တိုင်းတာခြင်း ၈၄ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း  ၂၄၂ ဦး၊   ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ၃၁၂ ဦး၊ Ultrasound ရိုက်ကူးခြင်း ၁၁၇ ဦးနှင့်  နှလုံးစက်ဖြင့်စစ်ဆေးခြင်း (ECG) ၃၆၃ ဦး၊ မျက်စိ ခွဲစိတ်လူနာ ၂၁ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ တစ်ဦး၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာ လူနာနှစ်ဦး၊ ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာလူနာ တစ်ဦး၊ ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာလူနာငါးဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါလူနာခြောက်ဦး  စုစုပေါင်းလူနာ ၁၅ ဦးတို့ကို လိုအပ်သောစစ်ဆေးကုသမှုများ ဆက်လက် ဆောင်ရွက်နိုင်ရန် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကွင်းဆင်းကုသပေးနေမှုကို ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင် အဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၁၆ ရက်တွင်လည်းကောင်း၊  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၁၇ ရက်တွင်လည်းကောင်း  လာရောက်ကြည့်ရှုအားပေးကြပြီး ကုသမှုခံယူကြသောလူနာများကို အားပေးစကားပြောကြားကာ မျက်စိခွဲစိတ်လူနာများအား မျက်မှန်များ၊ ဆေးဝါးပစ္စည်းများနှင့်  အာဟာရအစားအသောက်များ ပေးအပ်လှူဒါန်းကြသည်။

ရန်ကုန်/မန္တလေး/နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super Speciality) ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၏  အထူးကုဆေးကုသရေး ခရီးစဉ်များကို ၂၀၂၃ ခုနှစ်အတွင်း ၁၅ ကြိမ်နှင့် ၂၀၂၄ ခုနှစ်အတွင်း   ရှစ်ကြိမ်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်းနှင့်  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။