အမေရိကန်၏ အင်ဒို - ပစိဖိတ်မဟာဗျူဟာက ဒေသတွင်းငြိမ်းချမ်းရေးကို နှောင့်ယှက်နေ

 

အမေရိကန်၏ အင်ဒို - ပစိဖိတ်မဟာဗျူဟာက ဒေသတွင်းငြိမ်းချမ်းရေးကို နှောင့်ယှက်နေ

အမေရိကန်၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာသည်  ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို နှောင့်ယှက်နေသည့် ပထဝီနိုင်ငံရေး ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုဖြစ်ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) သတင်းဌာနက ဖေဖော်ဝါရီလ ၁၈ ရက်တွင် ဖော်ပြထားသည်။

အဆိုပါ မဟာဗျူဟာကို အကောင်အထည်ဖော်ပြီးနှစ်နှစ်အတွင်း လက်ရှိမြင်တွေ့နေရသော ဒေသတွင်း အခြေအနေသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က   အကောင်အထည်ဖော်လျက်ရှိသည့်      လွတ်လပ် ပွင့်လင်းပြီး ချမ်းသာကြွယ်ဝမှုနှင့် တည်ငြိမ်မှုရှိသော ဒေသတစ်ခုဖန်တီးရေးဟူသော အမည်ဖြင့် လုပ်ဆောင်မှု၏ ရယ်ဖွယ်ကောင်းသော အခြေအနေဖြစ်နေသည်ကို   တွေ့ရမည်ဖြစ်ကြောင်း သတင်းဌာနက တင်ဆက်ထားသော ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ထို့ပြင် အင်ဒို-ပစိဖိတ်မဟာဗျူဟာသည် ဒေသတွင်းလွတ်လပ်မှုနှင့်ပွင့်လင်းမှုအစား ပိတ်ဆို့မှုနှင့်  ထိပ်တိုက်တွေ့ဆုံရေးကိုသာ ဆောင်ကြဉ်းလာကြောင်း  ဆောင်းပါးတွင် ဆက်လက်ဖော်ပြထားသည်။

အလားတူ အင်ဒို - ပစိဖိတ်မဟာဗျူဟာ၏အဓိကဦးစားပေးမျှော်မှန်းချက်မှာ ဒေသတွင်းရှိ အမေရိကန်ကို ဆန့်ကျင်သောနိုင်ငံများ၏ လွတ်လပ်ရေးကို ထိန်းချုပ်ရန်နှင့် ပြိုင်ဘက်ကင်း အနေအထားကို ရယူရန်ဖြစ်ကြောင်း ဆောင်းပါးရှင်   ရီကျီဝန်းကရေးသားထားသည်။

အမေရိကန်သည် ဧကဝင်ရိုးလွှမ်းမိုးရန်နှင့် ၎င်း၏ကိုယ်ကျိုးစီးပွားကို ဆောင်ကြဉ်းရန်တို့အတွက် အင်ဒို-ပစိဖိတ်ဒေသကို ပထဝီနိုင်ငံရေးကစားရာ စစ်တုရင်ခုံတစ်ခုအဖြစ်သာ အသုံးပြုနေခြင်းဖြစ်ကြောင်း ဆောင်းပါးရှင်က ရေးသားထားသည်ကိုတွေ့ရသည်။

ဆောင်းပါးရှင်ရီကျီဝန်းသည်  မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန  အမေရိကန်ရေးရာလေ့လာမှုဌာနမှ    သုတေသီတစ်ဦးဖြစ်ကြောင်း သိရသည်။

Ref: Xinhua