ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ(၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

 

တိုင်းပြည်အနာဂတ်အတွက်ပညာရေးသည် အဓိကလိုအပ်ချက်ဖြစ်၊ ယခုကဲ့သို့ အဖျက်အမှောင့် နှောင့်ယှက်ဖျက်ဆီးမှုများဖြင့် ပညာရေးကိုဟန့်တားပြီး နိမ့်ကျအောင်လုပ်ဆောင်နေသည်များကို အားလုံးက ဝိုင်းဝန်းဆန့်ကျင် တားဆီးကြရမည်ဖြစ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ(၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ချစ်ကြည်လေးစားအပ်ပါသော ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှမများခင်ဗျား

ယနေ့ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့သည် (၇၆)နှစ်မြောက် ချင်း အမျိုးသားနေ့ဖြစ်ပါသည်။ ချင်းတိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်အခါသမယတွင် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီး၌ ရောက်ရှိနေကြသော ချင်းတိုင်းရင်းသားများနှင့်အတူ တိုင်းရင်းသား ပြည်သူများ အားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံ ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

ချင်းတိုင်းရင်းသားများအပါအဝင် ပြည်ထောင်စုဖွားတိုင်းရင်းသား အားလုံးတို့သည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် မိသားစုပမာ စည်းလုံးညီညွတ်စွာ ယှဉ်တွဲနေထိုင်လာခဲ့ကြရာ ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကြီး ကမ္ဘာ့အလယ်တွင် သိက္ခာရှိရှိခံ့ညားထည်ဝါစွာရပ်တည် နိုင်ခဲ့ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် မတတ်သာ၍ ဆုံးရှုံးခဲ့ရသည့် လွတ်လပ်ရေးကိုလည်း ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပြန်လည်ရယူနိုင် ခဲ့ပါသည်။

ဗြိတိသျှကိုလိုနီတို့၏ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံခဲ့ရစဉ်က ခုခံတော်လှန်ခဲ့ကြသည့် ချင်းတိုင်းရင်းသား ခေါင်းဆောင်များဖြစ်သော ဗိုလ်ခိုင်ကမ်း၊ ဗိုလ်ကြွမ်ဘိခ်၊ ဗိုလ်လာလ်လွဲ၊ ဗိုလ်ထောင်လင်းတို့သည်လည်းကောင်း၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြိုးပမ်းခဲ့စဉ်က ဦးလှူရ်မှုန်၊ ဦးထောင်ဇာခုပ်၊ သီရိပျံချီဦးထောင်ကျင်းထန်၊ ဦးကီးယိုမန်း၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်) သတိုးမဟာစည်သူ ဦးဝမ္မသူးမောင်တို့သည်လည်းကောင်း၊ လွတ်လပ်ရေးရပြီးခါစ ပြည်တွင်း ဆူပူသောင်းကျန်းမှုများကို ချေမှုန်းတိုက်ခိုက်ခဲ့ကြသည့် ဒုတိယဗိုလ်မှူးကြီး ဟရန်ထီးယို၊ ဗိုလ်ကြီးသူရ အောင်ဆန်းသူရိယတိုက်ချွန်းတို့သည်လည်းကောင်း နိုင်ငံတော်နှင့် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် အသက်၊ သွေး၊ ချွေးများပေးဆပ်ခဲ့ကြသော နိုင်ငံတော်နှင့် တပ်မတော်အတွက် ထာဝရဂုဏ်ယူလေးစားနေရသည့် ချင်းတိုင်းရင်းသား မျိုးချစ် သူရဲကောင်းများပင် ဖြစ်ခဲ့ကြပါသည်။

ချင်းအမျိုးသားနေ့အဖြစ် ရွေးချယ်သတ်မှတ်ခဲ့သည့် ဖေဖော်ဝါရီလ (၂၀)ရက်နေ့သည် နယ်ချဲ့ တော်လှန်ရေး ချင်းတိုင်းရင်းသားခေါင်းဆောင် များနှင့် ချင်းတိုင်းရင်းသားပြည်သူများက ကန်ပက်လက် မြို့၌ အင်္ဂလိပ် ကိုလိုနီအုပ်ချုပ်ရေးအကြီးအကဲများကို ဆန့်ကျင်မောင်းထုတ်ခဲ့သည့် သမိုင်းဝင်နေ့ ရက်တစ်ရက်ပင်ဖြစ်ပါသည်။  ထို့ပြင်  ၁၉၄၈ ခုနှစ်၊ ဖလမ်းမြို့၊ လူထုအစည်းအဝေးပွဲမှ ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းကာ ဒေသန္တရဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးဖော် ဆောင်ပေး နိုင်ခဲ့သောနေ့မှာလည်း ဖေဖော်ဝါရီလ (၂၀) ရက်နေ့ပင် ဖြစ်ပါသည်။   

ချင်းအမျိုးသားနေ့သည် ချင်းတိုင်းရင်းသားများက ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့်အတူ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးတိုက်ပွဲများနှင့် ပဒေသရာဇ် စနစ်ဖျက်သိမ်း ရေး၊ တောင်တန်းမြေပြန့် တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေး၊ တိုက်သူကြီး အုပ်ချုပ်သည့် စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးရေးတို့ကို  တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး နှင့်ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် ဖော်ဆောင်ခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။

လက်ရှိအခြေအနေတွင် ချင်းပြည်နယ် နေရာဒေသအချို့အပါအဝင် နိုင်ငံ၏ နေရာအနှံ့အပြား၌ ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံကိုပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာရှိနေခြင်းမှာ နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားလှပါသည်။

စည်းလုံးညီညွတ်မှုပြိုကွဲပြီး လွဲမှားသည့်အယူအဆ၊ ကိုယ်ကျိုးအတ္တများဖြင့် လက်နက်စွဲကိုင်ကာ အချင်းချင်းအပြန်အလှန် တိုက်ခိုက်နေကြရင်းလဲပြိုသွားပြီး အချုပ်အခြာအာဏာ ဆုံးရှုံးရသည့် ဘဝသို့ ရောက်သွားနိုင်သည်ကို သတိပြုကြရန် လိုပါသည်။ ထိုအဖြစ်မျိုးမရောက်စေရန်အတွက် တစ်ခုတည်း သော လိုအပ်ချက်မှာ ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်ပါသည်။

ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား ရာစုနှစ်ပေါင်းများစွာ ဖြစ်တည်ခဲ့ပြီးဖြစ် သည့် သံယောဇဉ်တရားနှင့် ချစ်ခင်ရင်းနှီးမှုတို့ကို ဖြိုခွဲဖျက်ဆီးလျက်ရှိသည့် ပြည်တွင်းပြည်ပ အဖျက်အင်အားစုတို့၏ အချင်းချင်းမုန်းတီးစေရန် သွေးခွဲရန်တိုက်ပေးနေခြင်း၊ ကျဉ်းမြောင်းသည့် လူမျိုးရေးအယူဝါဒ သွတ်သွင်းပေးနေခြင်းတို့ကို သတိပြုကာကွယ်ကြရန် လိုအပ်ပါသည်။ အပြုနှင့် အဖျက်တို့မှ ဖြစ်ပေါ်လာသည့် အကျိုးနှင့်အပြစ်၊ အဆိုးနှင့်အကောင်းတို့ကို ဆင်ခြင်သုံးသပ်ပြီး အမှန်နှင့် အမှားကို ခွဲခြားရှုမြင်ကြရန် လိုအပ်မည်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည်ထောင်စုတည်ဆောက်ရေးဟူသော နိုင်ငံရေး ရည်မှန်းချက်(၂)ရပ်နှင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံစေရေးဟူသော အမျိုးသားရေး ရည်မှန်းချက် (၂)ရပ်ကို ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းရည်မှန်းချက်များ အောင်မြင်ရေးအတွက် ဦးတည်ချက် (၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အဓိကရည်မှန်းချက်မှာ အရေးပေါ် ကာလဆောင်ရွက်ရန် ရှိသည်များပြီးစီးပါက ပြည်သူ့ဆန္ဒနှင့်အညီ လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော် တာဝန်လွှဲပြောင်း ပေးအပ်ရန်ပင်ဖြစ်ပါသည်။  ထိုသို့ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအလိုက် အဓိကလိုအပ်ချက်မှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရေးပင် ဖြစ်ပါသည်။

နိုင်ငံတည်ငြိမ်အေးချမ်းလျှင် တိုင်းရင်းသားပြည်သူအားလုံးအေးချမ်း သာယာစွာဖြင့် လူမှုစီးပွားဘ ဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး မိမိတို့၏ သားသမီးများသည်လည်း အေးချမ်းစွာ ပညာသင်ကြား နိုင်ကြမည် ဖြစ်ပါသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်    ပြည်ထောင်စုကို တည်ဆောက်ရာတွင် တိုင်းရင်းသား ပြည်သူအားလုံး အသိပညာ၊ အတတ်ပညာ၊  ပင်ကိုအရည်အသွေး၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ပြည့်စုံရန်လိုအပ်ပါသည်။

သို့သော်လည်း တိုင်းရင်းသားဒေသများ၊ မြို့ပြနှင့်အလှမ်းဝေးသော ကျေးလက်များတွင် ဘာသာစကား အခက်အခဲများ၊ ပညာရေးအားပေးမှု အားနည်းချက်နှင့် အခြားသောစိန်ခေါ်မှုများကြောင့် ပညာရည် နိမ့်ကျမှုများ၊ ပညာမသင်ယူနိုင်မှုများရှိနေသည်ကို တွေ့ရပါသည်။ ယခုအခါ ချင်းပြည်နယ်အပါအဝင် ဒေသအချို့တွင် လက်နက်ကိုင်အကြမ်းဖက်မှုများ၊ နှောင့်ယှက်ဖျက်ဆီးမှုများ၊ ခြိမ်းခြောက်မှုများကြောင့် ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် ဒေသခံတိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများ များစွာ နစ်နာဆုံးရှုံးလျက်ရှိပါသည်။

တိုင်းပြည်အနာဂတ်အတွက် ပညာရေးသည် အဓိကလိုအပ်ချက် ဖြစ်ပါသည်။ ယခုကဲ့သို့ အဖျက်အမှောင့် နှောင့်ယှက်ဖျက်ဆီးမှုများဖြင့် ပညာရေးကိုဟန့်တားပြီး နိမ့်ကျအောင် လုပ်ဆောင်နေသည်များကို အားလုံးက ဝိုင်းဝန်းဆန့်ကျင် တားဆီးကြရမည်ဖြစ်ပါသည်။  အနာဂတ် လူငယ်များ ပညာရည် မြင့်မားရေး၊ အမျိုးသားရေး စရိုက်လက္ခဏာများ ထိန်းသိမ်းနိုင်ရေးနှင့် တိုးတက်ပြောင်းလဲနေသည့် ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ရေးအတွက် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ဖြစ်စေရန် နိုင်ငံတော်က ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက် ရှိသလို တိုင်းရင်းသားပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားလိုပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ချင်းပြည်နယ်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍများအပါအဝင် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကဏ္ဍအလိုက်အစီအမံများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။  ပညာရေးကဏ္ဍနှင့်ပတ်သက်၍ အခြေခံကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေး ခြင်းနှင့် အဆင့်တိုးမြှင့်ပေးခြင်း၊ ပညာရေးဆိုင်ရာအဆောက်အအုံများပြုပြင်ပေးခြင်းနှင့်  အသစ်ဆောက် လုပ်ပေးခြင်း၊ စက်မှုသက်မွေးပညာကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ ဘာသာရပ်သင် ဆရာ၊ ဆရာမများ ပိုမိုခန့်ထားပေးလျက်ရှိပြီး တိုင်းရင်းသားဒေသများတွင် သင်ကြားရေးလက်ထောက် ဆရာ၊ ဆရာမများနှင့် တိုင်းရင်းသား ဘာသာစကားသင်ကြားရေး ဆရာ၊ ဆရာမများကိုလည်း ခန့်ထားပေး လျက်ရှိပါသည်။ KG+9 အထိ မသင်မနေရ ဘက်စုံပညာရေးစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ချင်းပြည်နယ်အတွင်း အခြေခံပညာတတ်မြောက်မှုနှင့် တန်းစဉ်ကူးပြောင်းမှုများ မြင့်မား တိုးတက်လာရေးနှင့်  လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြမည် ဆိုပါက ချင်းပြည်နယ်သည် ဘက်စုံကဏ္ဍမှ ဖွံ့ဖြိုးတိုးတက်သည့်  ပြည်နယ်တစ်ခု ဖြစ်လာမည် ဖြစ်ပါသည်။

ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှု အတွက် ဆေးရုံ၊ ဆေးပေးခန်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့် ဆရာဝန် လိုအပ်မှုဖြည့်ဆည်း ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါသည်။ ဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန် စေရန်အတွက်  ပြည်မနှင့်လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်သော အဝေးပြေးလမ်းများနှင့် ပြည်နယ်တွင်းလမ်းများကို တိုးချဲ့ဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ချင်းပြည်နယ်မှ နိုင်ငံရပ်ခြားအထိရေကြောင်း ခရီးဖြင့် ဆက်သွယ်သွားလာနိုင်မည့် ကုလားတန်မြစ်ဝှမ်းဖွံ့ဖြိုးရေးနှင့် ပလက်ဝမြို့ ဆိပ်ကမ်းတည်ဆောက်ခြင်း တို့ကိုလည်း ဆောင်ရွက်ပေး လျက်ရှိပါသည်။

လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ ချင်းပြည်နယ်ရှိ ပြည်သူများမျှော်လင့်တောင့်တနေသော မဟာဓာတ်အား လိုင်းမှ ချင်းပြည်နယ်အနှံ့ လျှပ်စစ်မီးရရှိရေးကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထို့ပြင် မိမိတို့ဒေသလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသထွက်ကုန်များနှင့် စိုက်ပျိုး မွေးမြူရေးကို အခြေခံသော အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း စနစ်တကျထိရောက်အောင်  အကောင်အထည်ဖော်ကြရန်လိုအပ်ပါသည်။

၂၀၂၃ ခုနှစ်၊ မေလ(၁၄)ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း မုန်တိုင်းမိုခါကြောင့်  ချင်းပြည်နယ် အတွင်းရှိ  အချို့မြို့နယ်များတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။   နိုင်ငံတော်အစိုးရအနေဖြင့် မုန်တိုင်းဖြတ်သန်းရာဒေသများ၌   ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင် ကြိုတင်စီမံဆောင်ရွက်ခဲ့ ပါသည်။ ထို့ပြင် ဒေသခံပြည်သူများအတွက် စားနပ်ရိက္ခာများကြိုတင်စုဆောင်းထားပြီး မုန်တိုင်း ဝင်ရောက်နိုင်သည့် ခန့်မှန်းနေရာများအလိုက် သတိပေးခြင်းနှင့် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း တို့ကြောင့် မုန်တိုင်းအင်အားကြီးမားသော်လည်း ထိခိုက် ဆုံးရှုံးမှုနည်းပါးခဲ့ပါသည်။                      

မုန်တိုင်း တိုက်ခတ်ပြီးချိန်မှစ၍ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ တပ်မတော်နှင့် ချင်းပြည်နယ် အစိုးရ အဖွဲ့တို့၏ အနီးကပ်ကြီးကြပ်မှု၊ ပြည်တွင်းပြည်ပနိုင်ငံများမှ စေတနာရှင်များ၏လှူဒါန်းမှု၊ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခဲ့ရာ (၂)လ အတွင်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိပြီဖြစ်ပါသည်။ မိမိတို့ ရည်မှန်းထားသည့်အတိုင်း ပိုမိုကောင်းမွန်သော အခြေအနေတစ်ရပ်သို့ ရောက်ရှိရန်  ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသည်။   နိုင်ငံတော်အစိုးရက ချင်းပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းသင့်ဒေသများတွင် ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်(၁၀၀၂ ဒသမ ၀၂) သန်း ထောက်ပံ့ပေးခဲ့ပါသည်။  ဤသည်မှာ ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားပြည်သူများအပေါ် တိုင်းရင်းသား ညီနောင်အချင်းချင်း   မိသားစုစိတ်ဓာတ်၊   စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်နှင့်  ပြည်ထောင်စုစိတ်ဓာတ်တို့ကို   ပြသနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ထို့ပြင် ဒေသဖွံ့ဖြိုးရေးနှင့်  အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်ရေးအတွက် ချင်းပြည်နယ်တွင် တီးတိန်ခရိုင်နှင့် ပလက်ဝခရိုင်တို့ကိုလည်း တိုးချဲ့ဖွဲ့စည်းပေးခဲ့ ပါသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုနှင့် နိုင်ငံတော် တည်ဆောက်ရေးအတွက် အရေးပါသည့် အလျောက် တည်ငြိမ်အေးချမ်းမှုကို ဆက်လက် ထိန်းသိမ်းပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးကို ချင်း တိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော် အစိုးရနှင့်အတူ လက်တွဲ ကြိုးပမ်းဖော်ဆောင်ကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

ချင်းတိုင်းရင်းသားများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ် စိတ်ဓာတ်ကိုအခြေခံ၍ ချင်းပြည် နယ်၏ အကျိုး၊ ပြည်ထောင်စု၏ အကျိုးကို ထမ်းဆောင်နိုင်ကြပါစေကြောင်းနှင့် အစဉ်ထာဝရအေးချမ်း သာယာပျော်ရွှင် ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း (၇၆)နှစ်မြောက် ချင်းအမျိုးသား နေ့ကိုဂုဏ်ပြုလျက် သဝဏ်လွှာပေးပို့ အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မမင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

            ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ