ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

ဟုတ်ကဲ့ ဖေဖေ၊ မေမေ၊ ညီမတို့အားလုံး နေကောင်း ကြပါတယ် အစ်ကို၊ ခု အစ်ကိုတို့ ဘယ်ကလာကြတာ

လဲဟင်

ပြောရမှာတော့ အရှည်ကြီးပဲ ညီမရယ်၊ မြစ်ကြီးနား၊ မန္တလေး၊ မန္တလေးက ဒီကိုဆိုပါတော့

မြိုင်ရေ ကိုယ့်ကို ရေတစ်ခွက်လောက်

ဟဲ့ သမီး၊ ဧည့်သည်က ပြောရတယ်တော့။ နင့် အစ်ကိုတွေအတွက် ကော်ဖီလေးဘာလေးလုပ်လေ

ဗိုလ်ထွန်းလင်းက    တင်တင်မြိုင်၏မျက်နှာကို မမှိတ်မသုန်ငေးကြည့်ကာ     ရေတောင်းလိုက်သဖြင့် ဒေါ်ခင်ခင်မြိုင်က  တင်တင်မြိုင်ကို  ကော်ဖီဖျော်ရန် ပြောလိုက်သည်။

အစ်ကိုတို့က မမျှော်လင့်ဘဲရောက်လာကြတော့ သမီးလည်းဝမ်းသာလို့    အမှတ်တမဲ့ဖြစ်သွားတယ် မေမေ။ အစ်ကိုတို့ နံနက်စာစားပြီးမှ သွားကြရမယ် နော်။ မြိုင်လည်း ကျောင်းမသွားတော့ဘူး၊ ခွင့်တင်လိုက်မယ်}}

တင်တင်မြိုင်က ပြောပြောဆိုဆိုနှင့် ကော်ဖီဖျော်ရန် နောက်ဖေးဘက်ဝင်သွားသည်။

နံနက်စာမဟုတ်ဘူး၊ ညနေစာပါ ဒီမှာပဲစားကြ၊ အေးအေးဆေးဆေးစကားပြောကြရတာပေါ့

ဒေါ်ခင်ခင်မြိုင်၏စကားအဆုံးမှာ တပ်ကြပ်ထွန်း ငြိမ်းက သူ့ညီဗိုလ်ထွန်းလင်း၏မျက်နှာကို ဖျတ်ခနဲ တစ်ချက်လှည့်ကြည့်လိုက်သည်။

ထမင်းတော့မစားတော့ဘူး    ဒေါ်ဒေါ်ရယ်။ ဒေါ်ဒေါ်တို့၊ ဆရာကြီးတို့ကို သိပ်တွေ့ချင်လို့ ခဏဝင် ကြတာပါ

အိုကွယ် ရောက်ပြီးမှတော့ အေးအေးဆေးဆေး ပေါ့၊   သုံးလေးနှစ်နေမှ  ကိုယ့်မြို့ကိုယ့်ရွာ  တစ်ခါလာတာ ဘာလို့လော

တပ်ခွဲမှူးအမိန့်နဲ့ ကျွန်တော်တို့ ဒီနေ့ပဲ စစ်ထွက် ရမှာမို့လို့ဒေါ်ဒေါ်

ဗိုလ်ထွန်းလင်းပြောသည်မှာ အမှန်ပင်ဖြစ်သည်။

သူတို့သည်  ဤနေ့ညနေ၌  ပန်းတိမ်းငဖဲဘက် စစ်ထွက်ကြရပေမည်။ ဤနေ့ညနေတွင် ရိုးမတောင် ခြေရှိ ရဲဘော်ဖြူတို့၏ ကမြည်းကန်စခန်းကို တိုက်ခိုက် သိမ်းပိုက်ကြရမည်ဖြစ်လေသည်။

သူတို့ညီအစ်ကိုအား တပ်ခွဲမှူးက ဤတာဝန်ပေး လိုက်ခြင်းမှာ ဤနယ်၊ ဤဒေသ၌ သူတို့ညီအစ်ကိုက နယ်ကျွမ်းသဖြင့် ဖြစ်လေသည်။

မင်းတို့ကလည်းကွယ်၊ ကိုယ့်မြို့ပေါ်မှ ခြေမချရ သေး၊ ခရီးထွက်ရမယ်ဆိုတော့ မလွယ်ပါလား

ဗိုလ်၊ အေး၊ မောင်လင်းပြောတာဟုတ်ပါတယ် ဒေါ်ဒေါ်။ ကျွန်တော်တို့စစ်သားတွေဟာ အမိန့်ကို တိတိကျကျနာခံရပါတယ်

တပ်ကြပ်ထွန်းငြိမ်းက   တပ်ထဲတွင်ပြောနေကျ စကားအတိုင်း နှုတ်ကျိုးနေ၍ သူ့ညီအား ]ဗိုလ်}ဟု မှားပြီးမှ မောင်လင်းဟု ပြန်ပြောသည်ကို ဒေါ်ခင် ခင်မြိုင်မှာ ပြုံးလိုက်မိသော်လည်း ဦးကျော်ရွှေကမူ မျက်နှာတစ်ချက်ညှိုးသွားသည်။

အင်း...ညီက  ဗိုလ်၊  အစ်ကိုက  အကြပ် ကောင်းကြရောပေါ့ကွာ

တစ်ချိန်လုံး သူ့တပည့်နှစ်ယောက်ကို တွေကြည့် ကာ နှုတ်ဆိတ်နေသော ဆရာကြီး၏စကားက ခုမှ ပေါ်ထွက်လာသည်။ ဆရာကြီး၏ရင်ထဲတွင် သူတို့ ညီအစ်ကိုအတွက်    မည်မျှဝမ်းနည်းကြေကွဲခြင်းဖြစ် နေသည်ကိုမူ မမေးဘဲနှင့် သိသာ၏။

ကဲ  ကိုလင်း၊  ဘာဟင်းဝယ်ချက်ရမလဲပြော၊ အစ်ကိုငြိမ်းရော   ဘာဟင်းစားချင်လဲဟင်၊   ညီမ ဒေါ်စိန်ပုကို ဈေးလွှတ်လိုက်မယ်။ စစ်သားဆိုတော့ ပဲကလည်းပါမှဖြစ်မယ်ပေ့ါနော် ကိုလင်း

လင်ပန်းထဲက ကော်ဖီနှစ်ခွက်ကို သူတို့ညီအစ်ကို ရှေ့ တစ်ယောက်တစ်ခွက်စီချပေးရင်း သူတို့ညီအစ်ကို တွေ   နံနက်စာစားကြလိမ့်မည် အထင်နှင့်ပြောလာသော   တင်တင်မြိုင်၏စကားကို ကြားရသောအခါ တပ်ကြပ်ထွန်းငြိမ်း၏ ရင်ထဲမှာ အလိုလိုဆို့သွားလေ သည်။

တင်တင်မြိုင်မှာ နောက်ဖေးမီးဖိုဆောင်ထဲ ကော်ဖီ သွားဖျော်နေသဖြင့် ဗိုလ်ထွန်းလင်းတို့ ပြောနေကြသည့် စကားကို မကြားမိလိုက်ပေ။      

ဆက်လက်ဖော်ပြပါမည်။