NATO တပ်ဖွဲ့ဝင်အချို့ ယူကရိန်းဘက်မှပါဝင်တိုက်ခိုက်ပေးနေဟု ရုရှားပြော

 

NATO တပ်ဖွဲ့ဝင်အချို့ ယူကရိန်းဘက်မှပါဝင်တိုက်ခိုက်ပေးနေဟု ရုရှားပြော

လက်ရှိဖြစ်ပွားနေသော    ရုရှား-ယူကရိန်းပဋိပက္ခတွင် NATO တပ်ဖွဲ့ဝင်အချို့သည်  ကြေးစား စစ်သည်များအဖြစ် ဟန်ဆောင်ကာ  ယူကရိန်းဘက်မှ ပါဝင်တိုက်ခိုက်ပေးနေကြောင်း ရုရှားထိပ်တန်းကာကွယ်ရေး တာဝန်ရှိသူတစ်ဦးကပြောသည်။

ဒွန်းဘတ်ဒေသရှိ အက်ဒီးကာမြို့ကို ရုရှားတို့သိမ်းပိုက်နိုင်ပြီးနောက်  ရုရှားဒုတိယစစ်ဦးစီးအရာရှိချုပ်က ယခုကဲ့သို့ ပြောလာခြင်းဖြစ်သည်။

အမေရိကန်နှင့် မဟာမိတ်များအနေဖြင့် ယူကရိန်းသို့စစ်လက်နက်ပစ္စည်းများအပြင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ၊ ထောက်လှမ်းရေး သတင်းအချက်အလက်များဖြင့် ပံ့ပိုးပေးလျက်ရှိသည်။

သို့သော် အမေရိကန်နှင့် မဟာမိတ်များပေးပို့သော စစ်လက်နက်ပစ္စည်းတချို့ကိုအသုံးပြုနိုင်ရေးအတွက်  အရည်အချင်း ပြည့်မီသော  ယူကရိန်းမှမဟုတ်သည့် စစ်သည်များ လိုအပ်ကြောင်း အဆိုပါဗိုလ်ချုပ်ကြီးက ဆက်ပြောသည်။

NATO စစ်သည်များက ကြေးစားစစ်သည်များအဖြစ်    ဟန်ဆောင်ကာ စစ်ဆင်ရေးများတွင် ပါဝင်နေကြောင်း၊ ၎င်းတို့က လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ နည်းဗျူဟာမြောက်ဒုံးကျည်များနှင့် အတွဲလိုက်ဒုံးပစ် လောင်ချာများကို ထိန်းချုပ်ကာ တိုက်ခိုက်ရေးတပ်ဆွယ်များတွင် ပါဝင်နေကြောင်း ရုရှားဗိုလ်ချုပ်ကြီးက ဆိုသည်။

ရုရှားတပ်ဖွဲ့အနေဖြင့် တိကျတိုက်ခိုက်မှုတစ်ခုတွင် ပြည်ပစစ်သည်အယောက် ၆၀ ကျော်ကို ချေမှုန်းလိုက်နိုင်ကြောင်း၊ ၎င်းတို့အနက်အများစုမှာ ပြင်သစ်စကားပြောသူများဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက   ဇန်နဝါရီလလယ်တွင် ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ဖြစ်ပွားသော ရုရှား-ယူကရိန်းပဋိပက္ခနောက်ပိုင်း ယူကရိန်း၌သေဆုံးသော ပြည်ပကြေးစားစစ်သည် ၅၉၀၀ ကျော်ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။

တစ်ချိန်တည်းမှာပင် ယူကရိန်း၏ အဆင်အခြင်မဲ့သောတန်ပြန်တိုက်စစ်တစ်ခုတည်း အတွင်းမှာပင် ၎င်းတို့ဘက်မှ ထိခိုက်ဒဏ်ရာရသေဆုံးသူ ၁၆၀၀၀၀  ခန့်ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref: RT