နာတာရှည်နာကျင်မှုလျှော့ချခြင်း

နာတာရှည်နာကျင်မှုလျှော့ချခြင်း

နာကျင်မှုက ခဏတာဖြစ်ရင်တောင် မသက်မသာနဲ့ခံစားရခက်ပြီး နာတာရှည်ခံစားရသူတွေမှာ ဆိုဖွယ်ရာ မရှိပါဘူး။ အသက်ကြီးသူတွေမှာ အရိုးအဆစ်ရောင်ရမ်း နာကျင်မှုတွေကို နာတာရှည်ခံ စားရတတ် ပါတယ်။ နေ့ဘက်မှာ ခံစားရတာထက် ညဘက်မှာနာကျင်မှုတွေခံစားရတဲ့အခါ အိပ်ပျော်ဖို့ ခက်ခဲလာပါတယ်။ ညစဉ်ရက်ဆက်ဖြစ်လာတဲ့အခါ အိပ်ရေးပျက်များလာပြီး နာကျင်တာရော အိပ်ရေးပျက်တာ ပါပေါင်းပြီး ဝေဒနာပိုဆိုးလာစေတဲ့အပြင်  စိတ်ပိုင်းဆိုင်ရာမှာလည်း  စိတ်ဓာတ်ကျတာ တွေ ဖြစ်လာပါတယ်။   နာကျင်မှုသက်သာစေဖို့  အကိုက်အခဲပျောက်ဆေးတွေကို နေ့စဉ်မှီဝဲနေမယ် ဆိုရင်လည်း ဆေးရဲ့ဘေးထွက် ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် နာကျင်မှုဝေဒနာ ခံစားရတာတွေ သက်သာစေဖို့ ဆေးဝါးတွေသောက်သုံးမယ့်အစား ဘေးထွက်ဆိုးကျိုးမရှိတဲ့ နည်းလမ်းတွေကို အသုံးပြုသင့်ပါတယ်။

လေ့ကျင့်ခန်းနေ့စဉ် ပြုလုပ်သင့်ပါတယ်။ လူတိုင်း နေ့စဉ် နာရီဝက်ကနေ  တစ်နာရီကြာ အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး ပြုလုပ်သင့်ပါတယ်။ အရိုးအဆစ်တွေနာကျင်တာကြောင့် လေ့ကျင့်ခန်း မလုပ်ဘဲနေရင် ကြွက်သားထုထည်နဲ့ဆွဲဆန့်အားကို လျော့နည်းစေပါတယ်။ ကိုယ်နဲ့ သင့်တော်တဲ့လေ့ကျင့်ခန်းကို လုပ်ဆောင်တာကြောင့် Ardosons ထွက်စေပြီး နာကျင်မှုကို တားဆီးပေးတဲ့အပြင်   စိတ်ခံစားမှုကောင်းစေပါတယ်။    နာကျင်မှုသက်သာစေဖို့   ခန္ဓာကိုယ်ခုခံအား မြှင့်တင်ပေးတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းကို ဆရာဝန်ရဲ့ အကြံဉာဏ်ရယူပြီး ပြုလုပ်သင့်ပါတယ်။

အာဟာရမျှတစွာစားသင့်ပါတယ်။ နာတာရှည်နာကျင်မှုခံစားနေရရင် အာဟာရညီညွတ် မျှတစွာ စားသုံးမှုကလည်း နာကျင်မှုတွေသက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ ကောက်နှံတစ်ခုလုံးပါအစားအစာ (ကွေကာ)၊ အဆီနည်းပရိုတင်းနဲ့ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေကို မှန်မှန်စားရင် ခန္ဓာကိုယ်မှာ သကြားဓာတ်ကို ထိန်းထားနိုင်ပြီး ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပါတယ်။ ဒါ့ပြင်  အစာချေဖျက်ဖို့ လည်း ကူညီပေးပါတယ်။ ဝင်လေ၊ ထွက်လေရှုမှတ်သင့်ပါတယ်။ ဝင်လေသိ၊  ထွက်လေ သိမှန်မှန် ပြုလုပ်ပေးရင် စိတ်က ဘယ်မှမပြေးနိုင်တော့ဘူး။ ခန္ဓာကိုယ်မှာ နာတာရှည်နာကျင်မှုတွေ ခံစားရတာကြောင့် စိတ်အလိုမကျမှုတွေဖြစ်နေနိုင်ပါတယ်။  စိတ်တည်ငြိမ်ဖို့ ဝင်လေ၊ ထွက်လေကို ရှုမှတ်နေသင့်ပါတယ်။ စိတ်ဖိစီးမှုလျော့နည်းစေတဲ့ နည်းလမ်းတွေက ခန္ဓာကိုယ်ကိုပြေလျော့စေပြီး နာကျင်မှုကို သက်သာစေပါတယ်။

တစ်နေ့တာအတွင်း နာကျင်မှုအကြိမ်အရေအတွက်ကို မှတ်သားသင့်ပါတယ်။ ကိုယ့်ရဲ့လုပ်ကိုင် ဆောင်ရွက်မှုနဲ့အတူ ဘာလုပ်ရင် နာကျင်မှုခံစားရတယ်၊ ဘယ်လိုနေတဲ့အခါ နာကျင်မှု သက်သာ စေတယ် ဆိုတာတွေကို သေသေချာချာရေးမှတ်ထားပြီး ဆရာဝန်နဲ့ပြသတဲ့အခါ မှတ်သားထားတာ တွေကိုပြောပြပြီး ဆွေးနွေးတိုင်ပင်ကာ ဆရာဝန်ညွှန်ကြားချက်တွေ လိုက်နာသင့်ပါတယ်။

အရက်မသောက်သင့်ပါဘူး။  တချို့က အကိုက်အခဲပျောက်စေဖို့ ညဘက်ထမင်းမစားမီ အရက်သောက် တတ်တယ်။ အရက်နှစ်ပက် ညစားမစားခင်သောက်တာက နှလုံးသွေးကြော ရောဂါကို ကာကွယ်နိုင် ပေမယ့် အရက်ကစွဲပါတယ်။ အသည်းတစ်ခုမှာတင် အသည်းအဆီဖုံးရောဂါ၊အသည်းရောင်ရောဂါ၊ နာတာရှည်အသည်းရောင်ရောဂါ၊ အသည်းမှာအမှတ်စွဲထင်ခြင်း၊ အသည်းကြွပ်ဆတ်နာ၊ အသည်း ကင်ဆာ ဖြစ်စေလို့  အရက်မသောက်သင့်ပါဘူး။  ညဘက်အိပ်စက်အနားယူတာက ခန္ဓာကိုယ်နာကျင်မှု တွေကို လျော့နည်းစေပါတယ်။ အရက်သောက်တာက အိပ်ပျော်စေပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှုမရှိဘဲ  ပြန်နိုးလာတတ်ပါတယ်။ အရက်သောက်တာက ခန္ဓာကိုယ်ကို အနားရစေတဲ့ အိပ်စက်မှုကို မရရှိနိုင်ပါဘူး။ တချို့အရက်သောက်ရင်း အိပ်ပျော်သွားပေမယ့် နိုးလာတဲ့အခါ တစ်ကိုယ် လုံး နာကျင်ကိုက်ခဲပြီး မျက်လုံးကြောင်ပြီး မအိပ်စက်နိုင်တော့ဘူး။ အရက်သောက်ရင် ထပ်ပြီးအိပ်ပျော် သွားပါတယ်။ နေ့စဉ်ဖြစ်လာတဲ့အခါ အရက်မသောက်ဘဲမနေနိုင်၊ အလုပ်မှာအာရုံနည်းပါးပြီး စားဝတ် နေရေး ခက်ခဲလာစေပါတယ်။

စိတ်နဲ့ခန္ဓာကိုယ်ကို အနားပေးသင့်ပါတယ်။ ကိုယ့်စိတ်နဲ့ခန္ဓာကိုယ်ကို အနားပေးတာကြောင့်  နာကျင်မှုကို လျှော့ချနိုင်ပါတယ်။ ကိုယ်ချစ်ခင်ရင်းနှီးတဲ့သူတွေနဲ့အတူဆုံပြီး ညစာစားတာ၊ မိသားစု စုံစုံညီညီ ညစာစားတာ၊ ညနေခင်းမှာ လေကောင်းလေသန့်ရတဲ့နေရာမှာ သက်သောင့် သက်သာလမ်း လျှောက်ပေးတာ၊ နှိပ်နယ်မှုခံယူတာတွေက စိတ်နဲ့ခန္ဓာကိုယ်ကို အနားပေးတာကြောင့် နာကျင်မှုတွေ သက်သာစေနိုင်ပါတယ်။

ဆေးလိပ်၊ ကွမ်း ဖြတ်သင့်ပါတယ်။ ဆေးလိပ်နဲ့ကွမ်းမှာ နီကိုတင်းအခြေခံ ဆေးရွက်ကြီးသုံး စွဲထားတာ ကြောင့် လူကိုစွဲလမ်းစေပါတယ်။ ကြာရှည်ကွမ်းစား၊ ဆေးလိပ်သောက်မယ်ဆိုရင် ခံတွင်းကင်ဆာ၊ လျှာကင်ဆာ၊ ပါးစောင်ကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာ ဖြစ်စေတာကြောင့် ဆေးလိပ်၊ ကွမ်း ဖြတ်သင့်ပါတယ်။ တချို့သူတွေက  ဆေးလိပ်သောက်တာကြောင့် စိတ်ဖိစီးမှုနဲ့နာကျင်မှုတွေကို ယာယီသက်သာစေတယ်လို့ မှားယွင်းထင်မြင်တတ်ကြပါတယ်။ တကယ်တော့ ဆေးလိပ်သောက်တာက အနာကျက်နှေးတာ၊ သွေးလှည့်ပတ်မှုနှေးကွေးစေတာနဲ့ အရိုးကြားမှာရှိတဲ့ အဝိုင်းပြားလေးတွေပျက်စီးစေတာကြောင့် ခါးနာတာကိုဖြစ်စေပါတယ်။ ဆေးလိပ်ကို အီးစီးကရက်နဲ့ မဖြတ်သင့်ဘူး။ အီးစီးကရက်မှာ နီကိုတင်းပါဝင်ပြီး လိုချင်တဲ့ရနံ့နဲ့ ဓာတုပစ္စည်း ပါဝင်တာကြောင့် ဆေးလိပ်ထက်ပိုပြီး အန္တရာယ်များပါတယ်။ ဒါကြောင့် ပီကေဝါးခြင်း၊ သကြားလုံး ငုံခြင်းတို့နဲ့ ဖြတ်နိုင်ပါတယ်။

ဆေးလိပ်ဖြတ်လိုက်တာကြောင့် နာကျင်မှုတွေသက်သာစေပါတယ်။ အာရုံလွှဲသင့်ပါတယ်။ နာကျင်တဲ့ အပေါ်မှာပဲ အာရုံရောက်နေတာကြောင့် နာကျင်မှုကို ပိုသိနေတာမျိုးလည်းဖြစ်တတ်ပါတယ်။ တခြား လုပ်ငန်းကိစ္စတွေအပေါ် အာရုံလွှဲလိုက်ရင် ကိုယ့်ရဲ့နာကျင်မှုကို သတိမထားမိဘဲ မေ့မေ့ပျောက် ပျောက်ဖြစ်နေတတ်ပါတယ်။ ကိုယ့်ဝါသနာနဲ့ကိုက်ညီတဲ့ အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်သင့်ပါတယ်။ နာကျင်မှုအတွက် အထောက်အကူမဖြစ်ရင်တောင် ဘဝရဲ့ အရည်အသွေးကို မြှင့်တင်ပေးတာကြောင့် ဘဝမှာနေပျော်စေပါတယ်။

ဆေးဝါးတွေရဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေကို သိအောင်လုပ်သင့်ပါတယ်။ ကိုယ်သောက်သုံးနေရတဲ့ ဆေးဝါးတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေအားလုံးကို သိထားသင့်ပါတယ်။ နေ့စဉ်နေထိုင်မှုဘဝကို ပုံမှန်ရရှိစေဖို့၊ နာကျင်မှုသက်သာစေဖို့ ဆေးဝါးတွေကို အလွန်အကျွံမသောက်သင့်ပါဘူး။ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးရှိတာကြောင့် ဆေးကြောင့်ရရှိလာမယ့် ဘေးထွက်ဆိုးကျိုးတွေကိုသိရှိပြီး   ဆရာဝန် ညွှန်ကြားချက် အတိုင်းသာ သောက်သုံးသင့်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေက အစာမရှိဘဲ သောက်သုံးရင် အစာအိမ်ကိုဒုက္ခပေးတာကြောင့် အစာစားပြီးမှ သောက်သင့်တဲ့ဆေးဝါးလား၊ အစာမစားခင် သောက်သင့်တဲ့ ဆီးချိုဆေးဝါးလားဆိုတာကို သိသင့်ပါတယ်။   ညွှန်ကြားချက် မရှင်းလင်း ပါက ဆရာဝန်ကို  ပြန်မေးသင့်ပါတယ်။  တစ်နေ့   ဘယ်နှကြိမ်လောက် သောက်သင့်သလဲ ဆိုတာကိုပါ မေးကြည့်သင့်ပါတယ်။ ဥပမာ- Aspirin သွေးကျဲဆေးသောက်သူတွေ သတိထားသင့်ပါတယ်။

ညအိပ်ချိန် ၆ နာရီကနေ ၈ နာရီကြာ အပြည့်အဝအိပ်စက်သင့်ပါတယ်။ ညအိပ်ရေးဝတာက နာကျင်တဲ့ ခံစားရမှုတွေ ပြေပျောက်စေပြီး လူကိုလန်းဆန်းစေပါတယ်။ မအိပ်ခင် ကော်ဖီ၊ လက်ဖက်ရည် မသောက်သင့်ပါဘူး။ မွန်းလွဲ ၂ နာရီနောက်ပိုင်း ကော်ဖီ၊ လက်ဖက်ရည်မသောက်သင့်ပါဘူး။ အိပ်ရာထဲမှာ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ မယူဆောင်ထားသင့်ပါဘူး။ ဖြစ်နိုင်ရင် နှိုးစက်မလိုတဲ့ နိုးထခြင်းက အိပ်ရေးဝစေပါတယ်။ အိပ်ရေးဝရင် နာတာရှည်နာကျင်မှုတွေ  တဖြည်းဖြည်း ပျောက်ကင်း စေပါတယ်။ အိပ်မပျော်ရင် ဆရာဝန်ညွှန်ကြားတဲ့အိပ်ဆေး   (Valium 5 mg)  ညစဉ် သောက်သုံး သင့်ပါ တယ်။      ။                                    

 

ဒေါက်တာလွင်သန့်