ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

သူသည်ပင် ဤမျှခံစားရလျှင် ချစ်သူ၏ စကားက ဗိုလ်ထွန်းလင်း၏ရင်ကို မည်မျှ လှုပ်ခတ်သွားလေမည်မသိတော့။

“သမီးအစ်ကိုတွေက ဒီကနေ့ပဲစစ်ထွက် ရမယ်တဲ့သမီး”

“ဟင် ကိုလင်းတို့ ဒီကနေ့ပဲစစ်ထွက်ရမယ်”

အသံတိမ်တိမ်နှင့် ပြောလိုက်သော အမေ့အသံကြောင့်  တင်တင်မြိုင်၏အသံ မှာလည်း အက်၍ငိုသံပင်ပါ သွားသည်။

“ဟုတ်တယ် ညီမရယ်၊ ကိုယ်တို့ ခုပဲ သွားရမယ်။ မြို့မှာ တစ်နာရီ၊ နှစ်နာရီပဲ နားခွင့်ရတယ်။ ညီမနဲ့ ဒေါ်ဒေါ်ရော၊ ဆရာ ကြီးကိုရော တွေ့ချင်၊ ကန်တော့ချင်လွန်း လို့ တမင်ခွင့်တောင်းဝင်လာကြတာ”

ဤတစ်ခါတော့ သူ့ညီ ဗိုလ်ထွန်းလင်း မှာ ရင်ဆို့နေပြီဆိုသည်ကို အတပ်သိသဖြင့် တပ်ကြပ်ထွန်းငြိမ်းက ဝင်ပြောရသည်။

တင်တင်မြိုင်နှင့် ဗိုလ်ထွန်းလင်းမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ စက္ကန့်များစွာ တွေငေး နေကြသည်။

“အင်း စစ်သားဆိုတာ ဒီလိုပေါ့ကွာ၊ တာဝန်နဲ့အမိန့်ကို တစ်သဝေမတိမ်းလိုက် နာကြရတာကိုး။ ကဲ မင်းတို့ ကော်ဖီသောက် ကြလေ”

ညီအစ်ကိုနှစ်ယောက်မှာ ဆရာကြီး၏ အမိန့်အတိုင်း ကော်ဖီကိုသာ ခေါင်းငုံ့၍ တကျိုက်ကျိုက် မျိုချ နေကြသည်။

တင်တင်မြိုင်နှင့်   ဒေါ်ခင်ခင်မြိုင်တို့မှာ လည်း ကိုယ့်အတွေးနှင့်ကိုယ် နှုတ်ဆိတ် မျက်ရည်ဝဲသွားကြ၏။

“ညီမမြိုင်မှာ  ကလေးတွေ တော်တော် များသလား”

“ရှင်”

“သြော် ညီမမြိုင်က ဆရာမဖြစ်နေတော့ ကျောင်းမှာ ကလေးတွေ တော်တော်များ လားလို့မေးတာပါ”

စိတ်မကောင်းစရာများကို မတွေးလို၊ မကြားလိုတော့သဖြင့် တပ်ကြပ်ထွန်းငြိမ်း က တင်တင်မြိုင်ကို တမင်စလိုက်သည်။

သူ့အနေမှာ ညီဗိုလ်ထွန်းလင်းနှင့် တင် တင်မြိုင်တို့ ဤသို့ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်သက်နေကြလျှင် ပို၍ဝမ်းနည်းနေကြ မည့်အရေး တွေးမိသဖြင့် တမင်လုပ်ပြော၊ နောက်ရခြင်းဖြစ်သည်။

အမှန်မှာ ဤယနေ့၌ ရင်ထဲကလည်း နာကျင်နေ၏။ သို့သော် သူ့ညီနှင့်တင်တင် မြိုင်တို့ကိုညှာကာ မချိသွားဖြဲလုပ်လိုက်ရ ပါလေသည်။

“အစ်ကိုငြိမ်းကတော့ လုပ်ပြီ”

တင်တင်မြိုင်မှာလည်း တပ်ကြပ်ထွန်း ငြိမ်းအား နှုတ်ခမ်းစူပြရသော်လည်း မျက် လုံးအစုံကတော့ ဗိုလ်ထွန်းလင်းဆီ၌သာ။ သူ့အနေမှာ သုံးနှစ်တာမျှကွဲကွာနေရသော ချစ်သူကို ကြည့်မဝ၊ ရှုမဝ ဖြစ်နေရှာသည်။

ဗိုလ်ထွန်းလင်းအနေနှင့်လည်း တင်တင် မြိုင်ကိုကြည့်ကာ ရင်ထဲနာကျင်နေသည်။ သုံးနှစ်တာမျှ ကွဲကွာနေရသော မိမိချစ်သူကို တွေ့ရပြီး၊ မြင်ရပြီးဖြစ်သော်လည်း ပြောလိုသောစကားကိုပင်    လွတ်လွတ် လပ်လပ်ပြောဆိုရန် အချိန်မရပါချေ။

ဒီလိုနှင့် တစ်နာရီတည်းဟူသောအချိန် သည် ကုန်လွန်သွားခဲ့လေသည်။

ဗိုလ်ထွန်းလင်းသည် သူ၏လက်မှနာရီ ကိုမြှောက်ကြည့်ကာ ဆတ်ခနဲ မတ်တတ် ထရပ်လိုက်သည်။

“ကဲ ဆရာကြီးနဲ့ ဒေါ်ဒေါ်တို့၊ ကျွန်တော် တို့ ကန်တော့ခဲ့ပါတယ်”

သူ့ညီက ဒူးတုပ်၍ ဆရာကြီးအား ရှိခိုး လိုက်သောအခါ တပ်ကြပ်ထွန်းငြိမ်းမှာလည်း သူ့ညီ ဗိုလ်ထွန်းလင်းနည်းတူ ဆရာ ကြီးနှင့် ဒေါ်ခင်ခင်မြိုင်တို့ကို ကန်တော့ လိုက်ရလေသည်။

သို့သော် တပ်ကြပ်ထွန်းငြိမ်းက အလိုက် သိသည်။ ဆရာကြီး၊ ဒေါ်ခင်ခင်မြိုင်တို့ကို ခွင့်တောင်းကာ အိမ်ပေါ်က ဦးဆုံးဆင်း လာ၏။ ဆရာကြီးနှင့် ဒေါ်ခင်ခင်မြိုင်တို့၏ ဆုပေးသံကိုပင် ဆုံးအောင် နားမထောင်ခဲ့တော့။ လေးတွဲ့သောခြေလှမ်းကို တစ်လှမ်းချင်းလှမ်းဆင်းလာသော ဗိုလ်ထွန်း လင်း၏ နောက်က တင်တင်မြိုင်ကလည်း ဆင်းလိုက်ပို့ရှာသည်။

“ကိုလင်း”

အိမ်ရှေ့ ခြံစည်းရိုးနားအရောက်တွင် တင်တင်မြိုင်က ဆို့နင့်ကြေကွဲနေသော အသံအက်အက်နှင့် ဗိုလ်ထွန်းလင်း၏လက် တစ်ဖက်ကို ဆွဲတွဲကာခေါ်လိုက်သည်။

ဗိုလ်ထွန်းလင်းသည် ရီဝေနွမ်းလျသော မျက်လုံးအစုံနှင့် တင်တင်မြိုင်ကို အသံ တိတ်ငုံ့ကြည့်လိုက်သည်။     နှုတ်ကသာ တစ်စုံတစ်ရာ အသံထွက်မလာသော်လည်း သူ၏ ရင်ထဲမှာမူ တရှိုက်မက်မက်ငိုကြွေး နေ၏။ ချစ်သူနှင့်စကားပင် အားရပါးရ မပြောခဲ့ရသော သူ့ဘဝကို ကြေကွဲဝမ်းနည်း နေသည်။

ဆက်လက်ဖော်ပြပါမည်။