တနိုင်းမြို့နယ်နှင့် ပြင်ဦးလွင်မြို့တို့ရှိ သံဃာတော်များ၊ ဒေသခံပြည်သူများနှင့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

 

တနိုင်းမြို့နယ်နှင့် ပြင်ဦးလွင်မြို့တို့ရှိ သံဃာတော်များ၊ ဒေသခံပြည်သူများနှင့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ ၂၁ ရက်

          ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က တနိုင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊  အထွေထွေရောဂါတို့နှင့် ပတ်သက်၍ အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ၆၀ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများကို နယ်မြေခံတပ်မတော် ဆေးရုံသို့တက်ရောက်ကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တနိုင်းတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

          အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ညံညင်းသာကျေးရွာ၊ သာသနာ့ အောင်မြေကျောင်းတိုက်ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်မှ နယ်မြေခံဆေးကုသ ရေးအဖွဲ့က အဆိုပါကျောင်းတိုက်ရှိ ဂန္ထဝါစကပါလကျောင်းဆောင်၌  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

       ထိုသို့ဆောင်ရွက်ပေးရာတွင် တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ သံဃာ တော် ၂၃၀ ပါးနှင့် ဒေသခံပြည်သူ ၂၀ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ဟောပြော ဆွေးနွေးကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား နယ်မြေခံတပ်မတော် ဆေးရုံသို့ တက်ရောက်ဆေးကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့သည်။

        ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် သာသနာ့အောင်မြေကျောင်းတိုက် ပဓာနနာယက ဆရာတော် သာသနပါလဓမ္မာစရိယ၊ သာသနဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဩဘာသအား ဖူးမြှော်ကြည်ညို၍ သင်္ကန်းနှင့်လှူဖွယ် ပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။