သင့်ကလေး ခွေးကိုက်ခံရလျှင်

‌ခွေးတွေ၊ ကြောင်တွေ အကိုက်ခံရရင်  ဘာတွေကို စောင့်ကြည့်ရမလဲ ?

ယမန်နေ့မှအဆက်

ခွေးတို့၊  ကြောင်တို့ အကိုက်ခံခဲ့ရရင် အကိုက်ခံရတဲ့ ခွေး၊ ကြောင်တွေမှာ  ခွေးရူးရောဂါ ရဲ့လက္ခဏာတွေရှိ၊ မရှိ ကြည့် ရပါမယ်။  ခွေးရူးဖြစ်ရင်တော့  ခွေးက ဂနာမငြိမ် ပြေးလွှားနေပြီး  တွေ့တဲ့လူ၊   ခွေးတိုင်းကို ကိုက်တတ် ပါတယ်။ သွားရည် တများများ ကျနေတတ်ပါတယ်။ လူလိုပဲ ရေနဲ့ပက်ရင် တက်သလို ဖြစ်တတ် ပါတယ်။ ရေကြောက် ပါတယ်။  နောက် လက္ခဏာတစ်မျိုးကတော့   ဘာမှမလှုပ်မရှားဘဲ  ငြိမ်နေတာ၊ မှိန်းနေတာ လည်း ဖြစ်တတ် ပါတယ်။ ဒီလို လက္ခဏာတွေရှိတာ  ခွေးရူးလို့   သံသယဖြစ်စရာရှိ ရင်တော့ ခွေးရူး ကာကွယ် ဆေး သာမက  ကုဆေး  (Rabies Immunoglobulin) ကိုပါ ထိုးရပါတယ်။

တကယ်လို့   ခွေးကို စောင့်မကြည့်နိုင်ဘူး၊ ဘယ်က ခွေးမှန်းမသိဘူး ဆိုရင်ရော ဆရာ တကယ်လို့ ခွေးက ဘယ်က မှန်းမသိဘူး၊ ဘယ်သူ့ ခွေးမှန်းလည်း မသိဘူး၊ စောင့်ကြည့်ဖို့ မဖြစ်နိုင်ဘူး ဆိုရင်တော့   ကျွန်တော်တို့ နိုင်ငံ လိုမျိုးမှာ    ခွေးရူး ကာကွယ်ဆေး ထိုးထားတာ အကောင်းဆုံးပါပဲ။

ခွေးရူး ကာကွယ်ဆေးက ဝယ်လို့ ရပါသလား ?

ခွေးရူးကာကွယ်ဆေးက ဝယ်လို့ရပါတယ်။ ယခုအခါမှာ ကုမ္ပဏီ နှစ်ခုလောက်က ခွေးရူး ကာကွယ်ဆေးကို သွင်းထားတာ ရှိပါတယ်။ ဒီကာကွယ်ဆေးတွေက ထိရောက်မှုလည်းရှိပြီး အန္တရာယ်လည်း နည်းပါတယ်။ ဒါပေမဲ့ ကုန်ကျ စရိတ်ကတော့ အတော်လေးများပါတယ်။ 0.5 cc ပါတဲ့ဆေးတစ်လုံးကိုတစ်သောင်းပတ်ဝန်း ကျင်လောက် ကုန်ကျပါတယ်။

ဘယ်နေရာမှာထိုးရပါသလဲ ထိုးနိုင်တဲ့နည်း စနစ်နှစ်မျိုး ရှိပါတယ်။ တစ်မျိုးကတော့ အသားဆေး အနေနဲ့ ထိုးတာ ပါပဲ။ အသားဆေး အနေနဲ့ စထိုးတဲ့ရက် သုံးရက်၊ ခုနစ်ရက်၊ ၁၄ ရက်၊ ၂၈ ရက်တွေမှာ  လက်မောင်းမှာ ထိုးလို့ ရပါတယ်။ 

စုစုပေါင်းဆေးငါးလုံးကုန်ပါတယ်။ စထိုးတဲ့ရက်မှာ ဟိုဘက်ဒီဘက် နှစ်လုံးထိုးရပါတယ်။

နောက်တစ်နည်းကတော့ အရေပြားထဲကိုထိုးတဲ့ နည်းပါ။ ဒီနည်းမှာတော့ ဆေးကို လက်မောင်းက အရေပြား ထဲကို ရှပ်ပြီးထိုးရပါတယ်။ ထိုးရတော်တော် ခက်ပါတယ်။ အရေပြားထဲကို တကယ်ဝင်မှ ထိရောက် ပါတယ်။ တကယ်ဝင်ရင် ဆေးဝင်သွားတာနဲ့ အရေပြားပေါ်မှာ  အဖုလေး ပေါ်လာရပါတယ်။ အရေပြား အောက်ကို ရောက်သွား ရင်တော့ အဖုမပေါ်ပါဘူး။

ဒါပေမဲ့  ဒီနည်းနဲ့ထိုးရင်  ကောင်းတဲ့အချက်က စုစုပေါင်း ဆေးနှစ်လုံးပဲကုန်ပါတယ်။ ပထမရက်၊  သုံးရက်၊ ခုနစ်ရက်၊ ရက် ၃ဝ၊ ရက် ၉ဝ တွေမှာ ထိုးပေး ရပါတယ်။ ပထမရက်နဲ့ သုံးရက်မှာ လက်မောင်း နှစ်ဖက်မှာ ထိုးရ ပါတယ်။  နောက်ရက်တွေမှာတော့  တစ်ဖက်ပဲထိုးလို့ရပါတယ်။   ဆေးကုမ္ပဏီတစ်ခုနဲ့ တစ်ခု ထိုးတဲ့ အကြိမ်၊ နေ့ရက် အနည်းငယ်ကွာခြား မှုရှိပါတယ်။

ဒီဆေးတွေကို ဘယ်လိုထားသိုရပါသလဲ ?

အခြား ကာကွယ်ဆေးတွေလိုပဲ ဒီကာကွယ်ဆေး တွေကို ရေခဲသေတ္တာနဲ့အေးအောင် ထားရပါတယ်။ ရေခဲစေတဲ့ အပေါ်ဆုံး ထပ်မှာလည်း မထားရပါဘူး။

ထုတ်လုပ်တဲ့ဆီကနေ လူခန္ဓာကိုယ်ထဲ ရောက်တဲ့အချိန် အထိ သတ်မှတ်ထားတဲ့အပူချိန်မှာ ထားနိုင်မှ ထိရောက်

မှုကို  သေချာစေပါတယ်။ ဒီတော့ မီးပျက်ရင်  ရေခဲဘူးနဲ့ ထားရပါမယ်။ မိမိအိမ်မှာ မထားနိုင်ရင် လည်းဆေးဆိုင်၊  ဆေးရုံ၊ ဆေးခန်းတွေမှာ သိမ်းထား ခိုင်းရပါမယ်။

ဒီကာကွယ်ဆေးက ထိရောက်မှုရှိပါသလား ?

ရှိပါတယ်။ ဒီလိုစနစ်တကျ ကာကွယ်ဆေးထိုးထား လျက်နဲ့ ခွေးရူးရောဂါဖြစ်တာ တစ်ခါမှ မတွေ့ရသေး ပါဘူး။ ကျွန်တော်တို့အနေနဲ့ အပူချိန်ထိန်းသိမ်းမှုကို စနစ်တကျ မလုပ်နိုင်သေးတာတောင် ကာကွယ်ဆေး အချိန်မီ အကြိမ်ပြည့်ထိုးလျက်နဲ့ ခွေးရူးပြန်ရောဂါရတာ မတွေ့ရပါဘူး။

ခွေးရူးကုသဆေးရောရှိပါသလား?

ခွေးရူးကုသဆေးလည်း ရှိပါတယ်။ ''ကုဆေး''လို့ ကျွန်တော်ပြောပေမယ့် ခွေးရူးပြန်ရောဂါကို မဖြစ် အောင် ကာကွယ်တဲ့ပဋိပစ္စည်း (ခုခံအားကိုပေးတဲ့ ပစ္စည်း)ကို ဆိုလိုတာပါ။ ဒါကို လူ၊ မြင်းစတာတွေ ဆီက ထုတ်လုပ်ထားပါတယ်။ လူကထုတ်တဲ့ဆေးကတော့ ပိုကောင်းပေမယ့် အရမ်းဈေးကြီးလို့ ကျွန်တော် တို့နိုင်ငံမှာ တင်သွင်းထားတာ မရှိပါဘူး။ မြင်းကထုတ် တဲ့ဆေးကိုတော့ ဆေးကုမ္ပဏီတစ်ခုက တင်သွင်းထား တာရှိပါတယ်။

ဒီဆေးကို ဘယ်လိုအခါမှာ ထိုးရပါသလဲ?

ဒီဆေးကို ခွေးရူး သို့မဟုတ် ခွေးရူးလို့ သံသယရှိ တဲ့ခွေး၊ ကြောင်အကိုက်ခံရတဲ့အခါမှာ ထိုးရပါမယ်။

တစ်ခါတစ်ရံမှာလည်း ခွေးကိုက်ခံရပြီး ဒီခွေးကို ၁ဝ ရက် စောင့်မကြည့်နိုင်တဲ့အခါမှာလည်း ခွေးရူးလို့  သံသယဖြစ်ရင်  သေချာအောင် ထိုးထားသင့်ပါတယ်။  ကိုယ်အလေးချိန်နဲ့လိုက်ပြီး ဘယ်လောက် ထိုးရမလဲ တွက်ရပါမယ်။ ဒဏ်ရာရဲ့ ပတ်ဝန်းကျင် ဘေးပတ်ဝန်းကျင်ပတ်လည်မှာ ထိုးပေးပြီး ကျန်တဲ့ဆေးကို အသား ဆေး အနေနဲ့ ထိုးပေးရပါမယ်။

ကာကွယ်ဆေးနဲ့ ရောမထိုးရပါဘူး။ ကာကွယ်ဆေး  မထိုးတဲ့ဘက်မှာ ထိုးရပါမယ်။ ဒီဆေးမှာလည်း  ကုန်ကျ စရိတ်တော့ များပါတယ်။   ယခုအခါမှာ အစိုးရဆေးရုံး၊ ဆေးခန်းတွေမှာ အခမဲ့ထိုးပေးနေ ပါတယ်။

ခွေးရူးပြန်ရောဂါဖြစ်မှ ဒီကာကွယ်ဆေးတွေကို စထိုး ရင်ရော ရပါသလား?

မရပါဘူး။ ကျွန်တော်အထက်မှာရှင်းပြခဲ့သလိုပဲ။ ခွေးရူးပြန်ရောဂါဖြစ်ရင်တော့ ဘာကာကွယ်ဆေး၊ ကုဆေးနဲ့မှ ကုသလို့ မရတော့ပါဘူး။ ဒါကြောင့် ခွေးရူး လို့ထင်ရင်၊  သံသယဖြစ်ရင်  ခွေးရူးရောဂါကာကွယ် ဆေးကို  မဖြစ်မနေ  ထိုးရပါမယ်။ ခွေးရူးကိုက်တာ  သေချာရင်တော့  ကာကွယ်ဆေးအပြင်  ကုဆေး (ပဋိပစ္စည်း)ကို လည်း မပျက်မကွက် ထိုးထားသင့်ပါတယ်။

တချို့နိုင်ငံတွေမှာ ခွေးရူးရောဂါဖြစ်ပွားမှုမရှိတော့ ဘူးလို့ သိရပါတယ်။ အဲဒါဘာကြောင့်ပါလဲ ဥရောပနိုင်ငံ အချို့နဲ့ မြောက်အမေရိကတိုက်နိုင်ငံ တွေမှာ ခွေးရူးရောဂါဟာ ပပျောက်သလောက် ရှိနေပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဆီမှာ  ခွေးလေ ခွေးလွင့်  (Stray Dog)  မရှိလို့ပါပဲ။ အိမ်မွေး ခွေးတိုင်း ကိုလည်း  ကာကွယ်ဆေး မှန်မှန် ထိုးထားရပါတယ်။

အခြားနိုင်ငံက တင်သွင်းလာတဲ့ ခွေးတွေကိုလည်း စနစ်တကျ စိစစ်စောင့်ကြည့်ပြီးမှ  တင်သွင်းခွင့်ပြုပါတယ်။  ဒါတောင်  တောရိုင်း တိရစ္ဆာန်တွေမှာ   ဒီရောဂါပိုးက  ရှိနေသေးလို့ အိမ်မွေး တိရစ္ဆာန်တွေကို ကူးလာနိုင်ပါတယ်။    ဒါကြောင့် သူတို့ဆီမှာ  တောရိုင်း သတ္တဝါတွေကို ကာကွယ်ဆေးထိုးဖို့ အစီအစဉ်တွေလုပ်နေ တာ အံ့သြစရာ တွေ့ရပါတယ်။

နိဂုံးချုပ်အနေနဲ့ ဆရာ ဘာများပြောချင်ပါသလဲ ခွေးကိုက်ခံရတဲ့ ပြဿနာဟာ အမြဲလိုလို တွေ့ကြုံ နေရပါတယ်။ ခွေးချစ်သူတွေအနေနဲ့ ခွေးကို စနစ်တကျမွေးမြူပြီး ကာကွယ်ဆေးအပြည့်အဝထိုးထား ရပါမယ်။ ပိုင်ရှင်မဲ့  ခွေးလေ ခွေးလွင့်တွေကိုတော့ စည်ပင်သာယာ အစီအစဉ်နဲ့ ရှင်းလင်းဖို့လိုပါတယ်။ ခွေးကိုက်ခံရရင် အနာကို ရေသန့်သန့်နဲ့ စင်စင် ဆေးကြောပစ်ရပါမယ်။ မေးခိုင် ကာကွယ်ဆေးထိုး ရပါမယ်။ ခွေးရူးကိုက်ခံရတာ သေချာရင်၊ ခွေးရူးလို့ သံသယ ဖြစ်စရာရှိရင် ခွေးရူး ကာကွယ်ဆေးရော၊ ကုဆေး (ပဋိပစ္စည်း) ကိုရော မပျက် မကွက် ထိုးရပါမယ်။

ခွေးရူးလို့မထင်တဲ့ ခွေးကိုက်ခံ ရရင်လည်း ဒဏ်ရာရဲ့ အတိမ်အနက်နဲ့ အကိုက်ခံရတဲ့  နေရာပေါ်မူတည်ပြီး ခွေးရူး ကာကွယ်ဆေးကို ထိုးရပါမယ်။ ခွေးရူး ကိုက်ခံရပြီး ထိထိရောက်ရောက် ကုသမှုမရလို့ ခွေးရူး ပြန်ရောဂါနဲ့   အသက်ဆုံးရှုံးရတဲ့ ကလေးတွေကို  အခုအချိန်ထိ   တွေ့နေရသေးတာတော့ ဝမ်းနည်း စရာပါပဲ။ ခွေးရူးပြန် ရောဂါ ရပြီ ဆိုရင်တော့ ဘယ်လိုမှ ကုသလို့ မရတော့ဘူး ဆိုတာ သတိချပ် စေချင်ပါတယ်။    ။

ပါမောက္ခ - ဒေါက်တာ စောတင်ဝင်း