ချောင်းသာကမ်းခြေအပန်းဖြေခရီးသွားရောက်ခဲ့သည့် တပ်မတော်သား အရာရှိ၊ စစ်သည် များ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ

ချောင်းသာကမ်းခြေအပန်းဖြေခရီးသွားရောက်ခဲ့သည့် တပ်မတော်သား အရာရှိ၊ စစ်သည် များ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ ၂၁ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ဖေဖော်ဝါရီလ ၁၆ ရက် မှ ၂၁ ရက်နေ့ထိ အပန်းဖြေခရီးသွားရောက်ခဲ့သည့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ တပ်မတော်ဆေးရုံ၊ ဆေးခန်းများ၌ တက်ရောက် ကုသ၍ ပြန်လည်ကောင်းမွန်လာသော တပ်မတော်သား အရာရှိ၊ စစ်သည်များသည် ယနေ့ ညနေပိုင်းတွင် မော်တော်ယာဉ်များဖြင့် ချောင်းသာကမ်းခြေမှ ရန်ကုန်မြို့သို့  ပြန်လည်ရောက်ရှိကြသည်။

အပန်းဖြေခရီးသွားရောက်ခဲ့ကြသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များသည် ချောင်းသာကမ်းခြေရှိ ချောင်းသာအပန်းဖြေဧည့်ရိပ်သာမှ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာကြရာ  အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ရင်းရင်းနှီးနှီးနှုတ်ဆက်ပို့ဆောင်ကြပြီး ရန်ကုန်မြို့သို့ ရောက်ရှိချိန်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူတို့က နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

အဆိုပါတပ်မတော်သား အရာရှိ၊ စစ်သည်များသည် အပန်းဖြေခရီးစဉ် ကာလအတွင်း ချောင်းသာကမ်းခြေ၌ လမ်းလျှောက်ခြင်း၊ ကိုယ်လက်ကျန်းမာရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ သဲသောင်ပြင်၌ ဘောလုံး၊ ဘော်လီဘောနှင့် ခြင်းလုံး အားကစားများ ဆောင်ရွက်ခြင်း၊ အနားယူအပန်းဖြေခြင်းများ ဆောင်ရွက်ကြသည်။

ထို့အတူ ပုသိမ်မြို့ရှိ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၊ လောကနန္ဒာ စေတီတော်နှင့် နှီးဗုဒ္ဓရုပ်ရှင်တော်မြတ်အား ဖူးမြော်၍ အလှူငွေများလှူဒါန်းခြင်း၊ ချောင်းသာမြို့ရှိ သဲဖြူကျွန်း ရေလယ်ဘုရား၊ ဆုတောင်းပြည့်ဇမ္ဗူပတိရုပ်ပွားတော်၊ ဒီပါအေးမြ မဟာနဂါးရုံဘုရားနှင့် အနန္တဇိနလောကမာန်အောင် စေတီတော်မြတ်ကြီးတို့အား ဖူးမြော်ကြည်ညိုခြင်း၊ ချောင်းသာမြို့ ဒေါနတောင်တောရ ကျောင်းတိုက်သို့ အလှူငွေများ လှူဒါန်းခြင်း၊ ချောင်းသာမြို့၏ ဒေသအစားအစာဖြစ်သည့် သရက်တော ထိုးမုန့်လုပ်ငန်းနှင့်  ရွှေသာယာမြို့မဈေး၊ ကျောက်မောင်နှမကမ်းခြေ၊ ရွှေသောင်ယံမြို့ Sea & Lake ရှိ ကျောက်စိမ်းပြတိုက်၊ သစ်သားပန်းပုပြတိုက်၊ ဒီရေတောတံတား၊ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းသမိုင်းပြခန်း၊ ရွှေမြင်းပျံပုသိမ် ဟာလဝါလုပ်ငန်းနှင့် မြတ်ကျောင်းတော် ပုသိမ်ထီးလုပ်ငန်း စသည့် အထင်ကရ နေရာများသို့လည်း သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။