သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ စစ်မှုထမ်းကြစို့

သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ စစ်မှုထမ်းကြစို့

မြန်မာနိုင်ငံရဲ့ ပထဝီဝင်အနေအထားအရ ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည်ဖော်ဖို့ စတင် လမ်းညွှန်ခဲ့သူကတော့  ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါတယ်။  သူ့ရဲ့မိန့်ခွန်းတိုင်းလိုလိုမှာ  အမြဲတမ်း စစ်အင်အား ခိုင်မာတောင့်တင်းရေးကို ပြောခဲ့တာဖြစ်ပါတယ်။ ထင်ထင်ရှားရှားပြောစကားကတော့ အားလုံးသိပြီးဖြစ်တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က မိန့်ခွန်းဖြစ်ပါတယ်။ “အရွယ်ရောက်သူမှန်သမျှ စစ်မှုမထမ်း မနေရဆိုတော့ အတင်းဥပဒေနဲ့ စစ်ထဲကိုထည့်ရလိမ့်မယ်။ နှစ်နှစ်တန်သည်၊  သုံးနှစ်တန် သည် စစ်ထဲဝင်ရမယ်” ဆိုတဲ့စကားဟာ မကွယ်လွန်မီ တစ်ပတ်ခန့်အလိုမှာ ပြောခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားပြီးနောက် လွတ်လပ်ရေးရပြီးချိန်မှာ မြန်မာနိုင်ငံရဲ့အခြေအနေဟာ သူတစ်လူ ငါတစ်မင်းလို့ပြောရမယ့် အနေအထားရောက်ခဲ့ပါတယ်။

သောင်းကျန်းသူ အမျိုးအစားစုံလင်ပြီး ကွန်မြူနစ်အဖြူအနီ၊ ရဲဘော်ဖြူ၊ ရဲဘော်ဝါစသည်ဖြင့်  အရောင်တွေ စုံလွန်းလို့ ရောင်စုံသောင်းကျန်းသူလို့ ခေါ်ခဲ့ကြရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း  ၁၉၆၄ ခုနှစ် တပ်မတော်တပ်မှူးများညီလာခံမှာ ပြည်သူ့စစ်မဟာဗျူဟာကိစ္စ စတင်ဆွေးနွေးခဲ့ပြီး ၁၉၆၇ ခုနှစ်မှာ ပြည်သူ့စစ်မဟာဗျူဟာကို လက်ခံရေးဆွဲခဲ့ပါတယ်။ အဲဒီမတိုင်မီ ၁၉၅၉ ခုနှစ်ကတည်းက “ပြည်သူ့စစ်မှုထမ်းဥပဒေ” ကိုပြဋ္ဌာန်းခဲ့ပါတယ်။   နောက်နှစ်ပေါင်း  ၅၀ ကျော်ပြီးတဲ့နောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်မှာ ယခင်ရှိထားပြီးသားဖြစ်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကိုပြင်ဆင်ကာ ဥပဒေအမှတ် (၂၇/၂၀၁၀)အဖြစ် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေကို အခုအခါ ၁၄ နှစ်ခန့်ကြာမြင့်ပြီးတဲ့နောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်အာဏာ တည်စေခဲ့တာ ဖြစ်ပါတယ်။ ဒါကပြည်သူ့စစ်မှုထမ်းဥပဒေ ဖြစ်ထွန်းလာခြင်းရဲ့ သမိုင်းကြောင်း အကျဉ်းချုပ်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် အရေးအခင်းကြီး ဖြစ်ပွားပြီးတဲ့နောက်မှာ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖော်ကြရပါတယ်။ ဒီမိုကရေစီစနစ်နဲ့ကိုက်ညီတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲကြရပါတယ်။ နိုင်ငံရဲ့ အသက်သွေးကြောလို့ ဆိုနိုင်တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၈၅ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည်   နိုင်ငံသား တိုင်း၏ တာဝန်ဖြစ်သည်ဟု   ပြဋ္ဌာန်းထားသလို  ပုဒ်မ ၃၈၆ မှာ  နိုင်ငံသားတိုင်းသည်  ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်။ ပုဒ်မ ၃၃၉ မှာတော့ နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။ ပုဒ်မ ၃၄၀ မှာ တပ်မတော်သည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူ တစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့ စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်ဟု အတိအလင်း ပြဋ္ဌာန်းထားပါတယ်။

ပြည်သူတစ်ရပ်လုံးက၊ အရွယ်ရောက်သူအားလုံးက ငါ့နိုင်ငံတော်ကို ငါတို့ကာကွယ်ရတာဟာ  မွေးရာပါ တာဝန်ဖြစ်တယ်လို့  သိနေကြရပါမယ်။  ဒီကနေ့  တပ်မတော်မှာ ဝင်ရောက်အမှုထမ်းနေတဲ့ သူတွေဟာ ကိုယ်ပိုင်ဆန္ဒသဘောထားနဲ့ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေကြတာ ဖြစ်ပါတယ်။ မိမိတို့ကို ကာကွယ်ပေးနေတဲ့တပ်မတော်၊ နိုင်ငံအတွက်မရှိမဖြစ်တဲ့တပ်မတော်ကို  ပုံရိပ်ကျဆင်းအောင်၊ ပြည်သူတွေ အထင်အမြင်လွဲအောင် လုပ်ဆောင်နေသူတွေရှိနေတာ နိုင်ငံတော် ကာကွယ်ရေး အင်အား ယုတ်လျော့အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ အခု ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်တာဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဟာ နိုင်ငံသားအားလုံးရဲ့တာဝန်ဖြစ်တယ်ဆိုတာကို  ပြသလိုက်တာပါပဲ။

လက်ရှိတပ်မတော်မှာ တာဝန်ထမ်းဆောင်နေသူတွေဟာလည်း ပြည်သူတွေရဲ့ သားသမီးတွေပါပဲ။ အခုဒီဥပဒေအရ တာဝန်ထမ်းဆောင်ကြရမယ့်သူတွေကလည်း ပြည်သူတွေရဲ့ သားသမီးတွေပါပဲ။    လစာ၊ စရိတ်၊ ခံစားခွင့်အားလုံး တစ်ပြေးညီပေးထားမှာလေ။ စစ်မှုထမ်းဖို့ အလှည့်ကျလာရင် နိုင်ငံ အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကျရာတာဝန်ထမ်းဆောင်နိုင်ရမှာပေါ့။ တပ်မတော်ထဲမှာက မိမိတို့ရဲ့ တတ်ကျွမ်းထားတဲ့ ပညာရပ်တွေအလိုက် ထမ်းဆောင်ရမှာပါ။ ကျွမ်းကျင်ရာ၊ လိမ္မာရာဆိုစကားလိုပဲ။  ရိုးသားကြိုးစားပြီး သတ်မှတ်ကာလကို ကျေပွန်အောင် ထမ်းဆောင်လိုက်ရင် တာဝန်ကျေပွန်တဲ့ နိုင်ငံ့သား ကောင်း၊  သမီးကောင်းအဖြစ် ဂုဏ်ယူနိုင်ပြီလေ။ ငါလုပ်နိုင်ခဲ့ပြီဆိုတဲ့ ပီတိနဲ့ပေါ့။

ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့စပ်လျဉ်းလို့ ပြည်သူလူထုအတွင်း အသိအမြင်၊ နားလည်မှုလွဲမှားစေဖို့၊  ထင်ယောင်ထင်မှားဖြစ်စေဖို့ ပြည်ဖျက်မီဒီယာတွေက သွေးထိုးလှုံ့ဆော်မှုတွေ၊ သတင်းအတု၊ သတင်း အမှားတွေ ထုတ်လွှင့်နေတာကြောင့် အခုဆိုရင် နိုင်ငံချစ်တဲ့ သတင်းမီဒီယာတွေကနေ ရှင်းလင်း ပြောကြားမှုတွေ၊ အသိပညာပေး ဆောင်းပါးတွေ ရေးသားနေကြတာဖြစ်ပါတယ်။ မမှန်မကန်ဝေဖန်မှုနဲ့ သွေးထိုးလှုံ့ဆော်နေ သူတွေရဲ့အရင်းအမြစ်ဟာ မြန်မာနိုင်ငံမတည်မငြိမ်ဖြစ်ရေး၊ ပျက်သုဉ်းရေးကိုသာ အစဉ်တစိုက် ဦးတည်နေတာ ဖြစ်ပါတယ်။ အခုလိုမျိုး ပြည်သူအများစုက ထောက်ခံပြီး ပြည်သူ့ စစ်မှုထမ်းဥပဒေကိုကြိုဆိုတဲ့ တစ်ခဲနက် ဆန္ဒထုတ်ဖော်မှု မြင်ကွင်းတွေ မြင်ရတဲ့အခါ သူတို့ရဲ့ ဦးတည်ချက်တွေ မအောင်မြင်မှန်း သိနေကြပြီ။ အဲဒီတော့ မစားရတဲ့အမဲ သဲနဲ့ပက်ဆို သလိုပါပဲ။

နိုင်ငံတော်ကိုပြည်တွင်း၊ ပြည်ပရန်တွေကနေ ကာကွယ်ဖို့အတွက် ကိုယ့်နိုင်ငံနဲ့ကိုက်ညီတဲ့   စစ်မဟာ ဗျူဟာကို ကျင့်သုံးကြရမှာ ဖြစ်ပါတယ်။  နိုင်ငံတော်တော်များများမှာလည်း   ဒီလိုပဲကျင့်သုံး နေကြတာ ဖြစ်ပါတယ်။  မြန်မာ့သမိုင်းကိုပြန်ကြည့်ရင် ပုဂံခေတ်ကစလို့  ကုန်းဘောင်ခေတ်နှောင်းအထိ  ရာစုနှစ် များစွာ အမြဲတမ်း တပ်မတော်ရယ်လို့ မရှိခဲ့ပါဘူး။  ဘုရင့်နေပြည်တော်အရပ်လေးမျက်နှာကို စောင့်ကြပ် ကြရတဲ့ စစ်သူရဲ  ၄၀၀၀ နဲ့  တပ်မှူးလေးဦးတို့ကလွဲရင်  တိုင်းပြည်အတွက် စစ်မက်အရေးပေါ် ပေါက်တဲ့ အခါမှသာ ရဲရင့်ကျန်းမာသန်စွမ်းသူတွေကို ဆင့်ခေါ်၊ စုရုံး၊ ဖွဲ့စည်းတိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ လိုအပ်သလို အဆင်သင့် ဆင့်ခေါ်နိုင်ဖို့အတွက်  မြို့ပြကြီးငယ်အလိုက် ထောင်ပြုမြို့၊ ရာပြုမြို့၊  ဆယ်ပြုမြို့စတဲ့ မြို့ပြများကို တည်ထားခဲ့တာဟာ ပထမမြန်မာနိုင်ငံတော် တည်ထောင်ခဲ့တဲ့  ပုဂံခေတ် အနော်ရထာမင်းက စတင်ခဲ့တာဖြစ်ပါတယ်။ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် စတဲ့ ခေတ်တွေတစ်လျှောက်လုံး ပြည်သူတွေဟာ သာမန်အချိန်မှာ ကုန်သွယ်လယ်လုပ်တဲ့ သူတွေ ဖြစ်ကြပေမယ့်  စစ်ရေးစစ်ရာ ပေါ်ပေါက်လာတဲ့အခါများမှာတော့ စစ်သည်တော်တွေ ဖြစ်လာကြရပါ တယ်။

ဒီကနေ့ လူငယ်မောင်မယ်တွေရဲ့ ကျောင်းသင်ခန်းစာတွေမှာ အနီးဆုံးခေတ်ကာလဖြစ်တဲ့ ဗမာ့ လွတ်လပ်ရေး တပ်မတော်ပေါ်ပေါက်လာတဲ့အချိန်ကို ပြန်လည်မြင်ကြည့်လိုက်ပါ။   တပ်မတော်ထဲမှာ စစ်မှုထမ်းဖို့ သူ့ထက်ငါ အလုအယက်စာရင်းပေး တာဝန်ထမ်းဆောင်ကြလို့ ဗမာ့လွတ်လပ်ရေး တပ်မတော်ဟာ  စတင်ဖွဲ့စည်းချိန်က အင်အား ၂၀၀ သာရှိခဲ့ပေမယ့် အင်အားငါးသောင်းအထိ ဖြစ်လာ ခဲ့တာဟာ အဲဒီအချိန် အဲဒီကာလကလူငယ်မောင်မယ်တွေရဲ့ နိုင်ငံတော် ကာကွယ်ရေး စိတ်ဓာတ် ပြင်းထန်ခြင်းကို သိမြင်နိုင်ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့ကာလ ပြည်တွင်းသောင်းကျန်းမှု၊ ပြည်ပက တရုတ်ဖြူ ကူမင်တန်ကျူးကျော်မှုတွေ ဖြစ်နေတဲ့အချိန်တွေမှာ “လေ့ကျင့်ရင်းတိုက်၊ တိုက်ရင်း လေ့ကျင့်” မျိုးချစ်စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်ခဲ့ကြလို့ ဒီကနေ့တိုင် မြန်မာနိုင်ငံ တည်ရှိနေတာဖြစ်ပါတယ်။

နိုင်ငံတော်ကာကွယ်ရေးဆိုတာ နိုင်ငံသားအားလုံးရဲ့ မွေးရာပါတာဝန်ပါပဲ။ ဒါကမြန်မာတစ်နိုင်ငံတည်းရဲ့ ခံယူချက် မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံတိုင်းရဲ့ ယုံကြည်ချက်၊ ခံယူချက်ပါပဲ။ မြန်မာနိုင်ငံမှာတော့  ပိုလို့တောင်လိုအပ်တယ်လို့ ပြောနိုင်ပါတယ်။  ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးပေါင်း ၁၀၀ ကျော် နေထိုင်နေလို့ပါပဲ။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတာ နိုင်ငံသားတိုင်းက အသိစိတ်ဓာတ်နဲ့ လုပ်ဆောင်ရမယ့် အမျိုးသားနိုင်ငံရေး ဖြစ်ပါတယ်။  ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အမျိုးသားစစ်မှုထမ်းစနစ် (National Service) ဟာ နောင်အနာဂတ်ကာလများတိုင် ဆက်လက် ဆောင်ရွက်သွားရမယ့် လုပ်ငန်းဖြစ်ပါတယ်။ နိုင်ငံသားတိုင်း စစ်ပညာ၊ နိုင်ငံတော်ကာကွယ်ရေး ပညာတတ်မြောက်ထား ကြမှသာ နိုင်ငံတော်ရဲ့ အနာဂတ်လှပနေမှာ ဖြစ်ပါတယ်။

နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကို အလေးထားတဲ့အနေနဲ့ ပြည်သူတိုင်း စစ်ပညာတတ်မြောက် ကြရမယ်။ စစ်မှုထမ်းအတွေ့အကြုံရှိရမယ်။ အချိန်မရွေး ကာကွယ်နိုင်ရမယ်။ ဒါဆိုရင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုတာ ကမ္ဘာတည် သရွေ့ တည်တံ့ခိုင်မာနေမှာ ဖြစ်ပါတယ်။ စစ်မှုထမ်းခြင်း ဆိုတာ နိုင်ငံတော်အတွက်ဖြစ်သလို  မိမိအတွက်လည်း ဖြစ်ပါတယ်။  စစ်မှုထမ်းတစ်ဦးအတွက် အကြို လေ့ကျင့်မှုတွေကြောင့် ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းလာမယ်။ နိုးကြားဖျတ်လတ်မှုရှိလာမယ်။ စည်းကမ်း စနစ်တကျ နေထိုင်သွားလာတတ်မယ်။ စိတ်ဓာတ်ခိုင်မာမှုနဲ့ ဇွဲသတ္တိတွေပြည့်ဝလာမယ်။ မိမိကိုယ်ကို ယုံကြည်မှုတွေ တိုးပွားလာမယ်။ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်တတ်တဲ့ စိတ်ဓာတ်တွေ ကိန်းအောင်း လာမယ်။  အမိန့်နာခံတတ်မှုရှိလာသလို  အမိန့်ပေးတတ်သူလည်း ဖြစ်လာမယ်။ အများနဲ့ အတူ စည်းလုံးညီညွတ်စွာ နေထိုင်တတ်လာမယ်။ တပ်ထဲရောက်တဲ့အခါမှာ အသိမိတ်ဆွေ တွေတိုး လာပြီး ရဲဘော်ရဲဘက်စိတ် ရှိလာမယ်။

ရဲဘော်ရဲဘက်စိတ်ဆိုတဲ့ ကိုယ့်ဆွေမျိုးသားချင်းတွေထက် ပိုမိုခင်မင်တွယ်တာလာတဲ့စိတ်ရှိလာမယ်။ မေတ္တာတရားတွေ၊ သံယောဇဉ်တရားတွေ၊ သစ္စာစောင့်သိမှုတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ အဲဒီက တစ်ဆင့် အဓိကအရေးကြီးဆုံးဖြစ်တဲ့ နိုင်ငံကိုချစ်တဲ့စိတ်၊   မျိုးချစ်စိတ်တွေကိန်းအောင်းလာပါလိမ့်မယ်။   ထို့အတူ ကိုယ်ချင်းစာနာစိတ်တွေ  ဖြစ်ပေါ်လာပါလိမ့်မယ်။ ရှေးအစဉ်အဆက်က စစ်သည်တော်ကြီး များရဲ့ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်မှုအပေါ်   ကိုယ်ချင်းစာနာစိတ်  ဖြစ်လာပါလိမ့်မယ်။ သူတို့တွေ  ဒီလိုထမ်းဆောင်ခဲ့လို့ ငါတို့နိုင်ငံတော်ကြီးတည်တံ့နေတာ၊ ဒီတာဝန်ကို ငါတို့ဆက်လက် ထမ်းဆောင်ခွင့်ရတာဟာ   ဂုဏ်ယူဖို့ အလွန်ကောင်းပါလားဆိုတဲ့ ပီတိစိတ်တွေ ဖြစ်ပေါ်လာပါလိမ့်မယ်။

နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားအားလုံးဟာ မိမိတို့နေထိုင်တဲ့ နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တာကိုသာ မြင်တွေ့လိုသူတွေဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ မနေဘဲ ပြည်ပမှာသွားရောက်နေထိုင်တဲ့ အဖျက်သမားတွေကတော့ သူတို့နေထိုင်တဲ့ နိုင်ငံမဟုတ်လို့၊ နေထိုင်ခွင့်မရတော့လို့ နိုင်ငံမတည်မငြိမ်ဖြစ်နေလည်း သူတို့ကိုထိခိုက်တာ မဟုတ်ဘူးလေ။ အဲဒီတော့ အမျိုးမျိုးသော သွေးခွဲထိုးနှက် နှောင့်ယှက်တာတွေ လုပ်ဆောင်နေတာဟာ တကယ်တော့ အဆန်း မဟုတ်ပါဘူး။ သူတို့ကြောင့်ဘဝပျက်သွားရတဲ့ မိသားစုတွေကသာ သနားစရာတွေပါ။ ဒီမိုကရေစီ စနစ်ကို တည်ဆောက်တဲ့နိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု မရှိမဖြစ်လိုအပ်ပါတယ်။ တည်ငြိမ်အေးချမ်းမှ ပြည်သူတွေရဲ့ လူမှုစီးပွားရေး ဆောင်ရွက်လို့ရမှာပါ။

ပြည်ဖျက်မီဒီယာအချို့နဲ့ တိုင်းပြည်သစ္စာဖောက် အကြမ်းဖက်အဖွဲ့အစည်းတွေက အခုလိုမျိုး နိုင်ငံအတွက် ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မဟုတ်မမှန်သတင်းအချက်အလက်တွေနဲ့ အကြောက်တရားတွေ ဖြစ်ပေါ်အောင် အမျိုးမျိုးမှိုင်းတိုက်နေတာဟာ  ပြည်သူတွေစည်းလုံးညီညွတ်စွာ နိုင်ငံတော်ကာကွယ်ရေးမှာ ပါဝင်လာမှာ ကြောက်ရွံ့နေလို့ပါပဲ။ ပြည်သူတွေစည်းလုံးမှုရှိလေလေ  အကြမ်းဖက်အဖျက်သမား နိုင်ငံ့သစ္စာဖောက်အတွက် နေရာကျဉ်းလေလေ ဖြစ်လာတော့မှာပါ။  မြန်မာနိုင်ငံမှာ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်လိုတဲ့ လူငယ်မောင်မယ်တွေ အများကြီး ရှိပါတယ်။ လက်ရှိတပ်မတော်မှာ တာဝန်ထမ်းဆောင်သူအားလုံးက မျိုးချစ်စိတ်အပြည့်နဲ့  မိမိတို့ရဲ့ သဘောဆန္ဒအလျောက် ဝင်ရောက်စစ်မှုထမ်းနေကြသူတွေဖြစ်သလို  အခုဥပဒေအရ စစ်မှုထမ်းမယ့် သူတွေလည်း အများကြီး ပေါ်ထွက်လာမှာပါ။

အခုပေါ်ထွက်လာတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေက နိုင်ငံသားတိုင်းအတွက် စစ်မှန်တဲ့ခံယူချက်တွေကို   မှတ်ကျောက်တင်ပေးမယ့်အပြင် နိုင်ငံကြီးသားပီသသူတွေအဖြစ်   ရေးထိုးမှတ်တမ်းတင်နိုင်မယ့်အခွင့် အလမ်းဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အရန်တပ်ဖွဲ့ ဥပဒေတွေဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေ ကောင်းကျိုးအတွက်  ထုတ်ပြန်တာဖြစ်ပါတယ်။   နိုင်ငံသားတိုင်း  နိုင်ငံတော်ကာကွယ်ဖို့ တာဝန်ရှိတဲ့ အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အရင်ကတည်းက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲဒီဥပဒေနဲ့ ပတ်သက်လို့ နိုင်ငံတော်အစိုးရအနေနဲ့ တွက်ချက်ချင့်ချိန် ဆောင်ရွက်သွားမှာဖြစ်ပြီး  သတ်မှတ် အသက် အပိုင်း အခြားအတွင်းမှ သင့်တင့်လျောက်ပတ်တဲ့ အင်အားကိုသာ တာဝန်ထမ်းဆောင်စေမှာ ဖြစ်ပါတယ်။ အရန်တပ်ဖွဲ့ဥပဒေနဲ့ ပတ်သက်လို့လည်း စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမှာ မဟုတ်ပါဘူး။  ခေါ်သင့်ခေါ်ထိုက်သူတွေကိုသာ ပြန်လည်ခေါ်ယူ တာဝန်ပေးအပ်သွားမှာဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်မံအသိပေးလိုသည့် အချက်များနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၂၁ ရက် နေ့ထုတ် နိုင်ငံတော်အဆင့် သတင်းစာများတွင် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နိုင်ရန်အတွက် အကျုံးဝင် သည့်အင်အား ၁၃ သန်းရှိကြောင်း၊ ထိုထဲတွင်အမျိုးသားအင်အား ၆ သန်းကျော်ရှိကြောင်း ထိုအမျိုးသား အင်အား၆ သန်းထဲမှ ၁ ရာခိုင်နှုန်း ခြောက်သောင်းနီးပါးခန့်သာ ခေါ်ယူမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက  ပြောကြား ထားပါတယ်။ ထို့ပြင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ ခေါ်ဆိုသည့်နေရာတွင် အမျိုးသမီးများကို စစ်မှုထမ်း ရန် အတွက် လတ်တလောခေါ်ယူရန် အစီအစဉ်မရှိသေးကြောင်း နိုင်ငံတော်အဆင့် သတင်းစာများတွင် ဖော်ပြထားသည်သာမက SACINFOTEAM က မိုဘိုင်းဖုန်းများမှတစ်ဆင့် စာတို(SMS)ပေးပို့၍ အသိပေး အကြောင်းကြားလျက်ရှိပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ဖော်ပြထားတဲ့ အသက်အပိုင်းအခြားနဲ့ အကျုံးဝင်နေတဲ့ နိုင်ငံသားတိုင်း အနေနဲ့ လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။ 

ပြည်သူ့စစ်မှုထမ်းဥပဒေ  အခန်း(၄)မှာ ပြည်သူ့ စစ်မှုထမ်းတို့၏ ခံစားခွင့်များကို ပြဋ္ဌာန်းပေး ထားပြီး ဖြစ်ပါတယ်။ စစ်မှုထမ်းဆောင်နေစဉ်အတွင်း   တပ်မတော်မှာ သတ်မှတ်ထားတဲ့ အဆင့်အလိုက်လစာနဲ့ စရိတ်အတိုင်း ခံစားခွင့်ပေးထားပါတယ်။ သတ်မှတ် စစ်မှုထမ်းကာလပြီးသွားရင် အရင်ထမ်းဆောင်ခဲ့တဲ့ အလုပ်အကိုင်မှာ သတ်မှတ်ထားတဲ့ အတိုင်း အလုပ်ရှင်က ပြန်ခန့်ထားပေးရမှာပါ။ ဆိုလိုချင်တာက နိုင်ငံတော်ကာကွယ်ရေးမှာ ပါဝင်ဆောင်ရွက်ရလို့ မိမိတို့အတွက် ကောင်းကျိုးတွေသာ တိုးပွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ နိုင်ငံသားတိုင်း သတ္တိရှိရှိရဲရဲဝံ့ဝံ့ စစ်မှုထမ်းဆောင်ကြရန်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါတယ်။   ။

ဘုန်းမောင်ဝင်း(ဖျာပုံ)