မိုးလေဝသခန့်မှန်းချက်များနှင့် ကြိုတင်သတိပေးချက်များအပေါ် သိမြင်နားလည်မှု စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မိုးလေဝသခန့်မှန်းချက်များနှင့် ကြိုတင်သတိပေးချက်များအပေါ် သိမြင်နားလည်မှု စွမ်းဆောင်ရည် မြှင့်တင်ခြင်း  သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ  ၂၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မိုးလေဝသ ခန့်မှန်းချက်များနှင့် ကြိုတင်သတိပေးချက်များအပေါ် သိမြင်နားလည်မှု စွမ်းဆောင်ရည်မြှင့်တင်ခြင်း (Capacity Building Training for Forecast Translation) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူအရာရှိများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိကျသေချာသည့် ကြိုတင်သတိပေးချက်များသည် ဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်  (WMO)က ပြောကြားထားကြောင်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူ ဘောင်(၂၀၁၅-၂၀၃၀)အရ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများ၌ Global Target (၇)ခု  ချမှတ် ဆောင်ရွက်နေကြပြီး ၎င်းထဲမှ ဆန်ဒိုင်းမူဘောင်၏ Target G ဖြစ်သည့် Early Warning and Risk Information အရ ၂၀၃၀ ပြည့်နှစ်တွင် ဘေးအန္တရာယ် ပေါင်းစုံအတွက် ကြိုတင် သတိပေး စနစ်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ သတိပေးအချက်အလက်များ၊ အကဲဖြတ်မှုများကို လူတိုင်းရယူ အသုံးချနိုင်ရေး  ဦးတည်အကောင်အထည်ဖော်  ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင် သွားနိုင်ရန် ၂၀၂၂ ခုနှစ်၌ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား၏ ဆောင်ပုဒ်အဖြစ် “ကြိုတင် သတိပေး ထုတ်ပြန်ချက် ဆောလျင်ဆောင်ရွက်အားလုံးအတွက် - Early Warning and Early Action For All'' ဟူ၍ အသိ ပညာပေးမြှင့်တင်မှု ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊  ကြိုတင်သတိပေးချက်များကို ရှင်းလင်းစွာ နားလည်သဘောပေါက်ပြီး လိုအပ်သော စီမံခန့်ခွဲမှုများကို လုပ်ဆောင်ခြင်းသည် ဝန်ကြီးဌာန၏ မူဝါဒလမ်းစဉ်ကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်အတွက် အထောက်အပံ့ တစ်ခုလည်းဖြစ်စေ ကြောင်း၊ တက်ရောက် လာကြသည့် သင်တန်းသား၊ သင်တန်းသူများက သင်တန်း တွင်ပို့ချသည့် ဘာသာရပ်ဆိုင်ရာ အခြေခံဗဟုသုတများကို ဂရုတစိုက် လေ့လာကြရန် မှာကြားလို ကြောင်း ပြောကြား သည်။

ဆက်လက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်ရန် မိုးလေဝသနှင့်  ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ သဘာဝဘေးကြိုတင်သတိပေးချက်များ ထုတ်ပြန်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်ပြန်လိုက်သည့် ကြိုတင်သတိပေးချက်များကို သဘာဝဘေးနှင့် ပတ်သက်ပြီး စီမံခန့်ခွဲသူများ၊ အမှန်တကယ်အသုံးပြုသူများက ကောင်းမွန်စွာနားလည်ပြီး ထိရောက်စွာ တုံ့ပြန်နိုင်ရေးအတွက် အသုံးချနိုင်ရန် အလွန်အရေးပါ သည့်အတွက် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့   ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သင်တန်းသားအရာရှိ ၃၁ ဦးတက် ရောက်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၂ ရက်အထိ နှစ်ရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။          

 (သတင်းစဉ်)