မန္တလေးပဲနှမ်းဈေးကွက်တွင် တရုတ်နှစ်သစ်ကူးပွဲတော်ကာလအပြီး နှမ်း မြေပဲဆန်နှင့် ပဲတီစိမ်းတို့ အရောင်းအဝယ်ကောင်းမွန်

မန္တလေးပဲနှမ်းဈေးကွက်တွင် တရုတ်နှစ်သစ်ကူးပွဲတော်ကာလအပြီး နှမ်း မြေပဲဆန်နှင့် ပဲတီစိမ်းတို့ အရောင်းအဝယ်ကောင်းမွန်

မန္တလေး၊ ဈေးကွက်စီးပွားရေး

မန္တလေးပဲ၊ နှမ်းဈေးကွက်တွင် တရုတ် နှစ်သစ်ကူးပွဲတော်ကာလအပြီး၌   နှမ်း၊ မြေပဲဆန်နှင့်  ပဲတီစိမ်းတို့   အရောင်း အဝယ်ကောင်းမွန်လျက်ရှိကြောင်း မန္တလေး မြို့ရှိ ပဲ၊  နှမ်းကုန်သည်များ၏ပြောပြချက် အရ သိရသည်။

အဆိုပါဈေးကွက်၌ တရုတ်နှစ်သစ်ကူး ပွဲတော်ကာလဖြစ်သည့်အတွက် အရောင်း ပါးနေခြင်းဖြစ်ကာ ပွဲတော်ကာလပြီးသည့် နောက်ပိုင်းမှသာ ဝယ်ယူမှုပြန်လည်ကောင်း မွန်လာခြင်းဖြစ်သည်။

“မန္တလေးပဲ၊ နှမ်းဈေးကွက်အတွင်း တရုတ်နှစ်သစ်ကူးပွဲတော်ကာလမှာ ဝယ်လက်တွေ   ခေတ္တရပ်နား ထားကြတာပါ။ ပွဲတော်ကာလပြီးတဲ့အခါမှ ဝယ်လက်တွေ ဈေးကွက်ထဲကို အသီးသီးပြန်ရောက်လာ ကြတာပါ။ လက်ရှိမှာတော့ နှမ်း၊ မြေပဲဆန် နဲ့ ပဲတီစိမ်းတို့ကို အမြောက်အမြားဝယ်ယူ ပြီး တရုတ်နိုင်ငံကို တင်ပို့နေပါတယ်” ဟု  မန္တလေးမြို့ရှိ  စိုးဝင်းမြင့်ပွဲရုံပိုင်ရှင်  ဦးစိုးဝင်းမြင့်က ပြောသည်။

ထိုသို့ တရုတ်နိုင်ငံမှ ဝယ်လိုအားမြင့် တက်လာမှုကြောင့် ယခုအခါ မန္တလေးပဲ၊ နှမ်းဈေးကွက်အတွင်း  နှမ်း၊ မြေပဲဆန်နှင့် ပဲတီစိမ်းများသည်  ယခင်နှစ်ကာလတူထက်  ဈေးကောင်းပိုမိုရရှိကာ အရောင်း အဝယ်ကောင်းမွန်လျက်ရှိကြောင်း၊ ယခင် နှစ်ကာလတူက  မြေပဲဆန်နီ  တစ်ပိဿာလျှင် ငွေကျပ် ၆၃၀၀ သာဈေးရှိခဲ့ပြီး ယခု နှစ်တွင် မြေပဲဆန်နီတစ်ပိဿာလျှင် ငွေ ကျပ်  ၈၇၀၀  ခန့်  ဈေးရရှိကြောင်း  သိရ သည်။

ထို့အတူ ယခင်နှစ် တရုတ်နှစ်သစ်ကူး ပွဲတော်ကာလပြီးချိန်က မြေပဲဆန် S1 တစ်ပိဿာလျှင် ငွေကျပ် ၆၅၀၀ ဈေးရှိခဲ့ ပြီး ယခုအခါ မြေပဲဆန် S1 တစ်ပိဿာ လျှင် ငွေကျပ် ၉၀၀၀ အထိ ဈေးရှိလာ ကြောင်း၊ ပဲတီစိမ်းဈေးနှုန်းမှာလည်း ယခင် နှစ်က သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၄၅၀၀၀ ဈေးရှိခဲ့ပြီး  ယခုအခါ ပဲတီစိမ်း သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ်  ၁၈၅၀၀၀ အထိ ဈေးရှိလာကာ အရောင်း အဝယ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။                      

ဆောင်းဦး