ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

“ဟိုမှာတွေ့လား  ကိုလင်း၊ ခု ပွင့်နေတဲ့ ဟို ရွှေတူသစ်ခွတွေဟာ မြိုင် မန္တလေးမှာရှိတုန်းက ကိုလင်း လာပေးတာလေ။ မြစ်ကြီးနားသွားခါနီးမှာလေ၊ မှတ်မိလား”

“မှတ်မိပါတယ် မြိုင်ရယ်၊ အေး သိပ်လှတာပဲနော်”

“မနှစ်ကလည်း ပွင့်တာပဲ၊ ဒါပေမဲ့ ဒီနှစ်လောက် လက်တံလည်း မရှည်ဘူး၊ အပွင့်လည်း မကြီးဘူး”

“ဒီပန်းပင်က ပိုင်ရှင်လာမယ်ဆိုတာသိလို့ ဒီနှစ်မှာ ထူးထူးခြားခြား လက်တံလည်းရှည်၊ အပွင့်လည်း ကြီးနေတယ်လို့ မြိုင်ပြောချင်တယ် မဟုတ်လား”

တင်တင်မြိုင်သည် မျက်ရည်ဝဲနေရာက ဗိုလ်ထွန်းလင်း၏ မျက်နှာကို အပြုံးနှင့်မော့ကြည့်၍ ခေါင်းညိတ်ပြရှာသည်။

“ကိုယ် စစ်ပွဲအောင်လို့ ပြန်လာတော့ ဒီပန်းကိုခူးပြီး ဘုရားမှာ အတူ သွားလှူပြီး ဆုတောင်းကြတာပေါ့ မြိုင်ရယ်နော်”

“မြိုင်ကတော့ အမြဲ ဆုတောင်းနေရသူပါ ကိုလင်းရယ်”

“ကဲ... ဟိုမှာ အစ်ကိုငြိမ်း ကားပေါ်ကစောင့်နေတယ်၊ သွားမယ်နော်”

“ထမင်းတောင်    တစ်နပ်မှမကျွေးလိုက်ရတာ    စိတ်မကောင်းဘူးကွယ်”

“မြိုင်ကတော့ လုပ်ပြီ၊ ကိုယ်ပြန်လာတော့ တစ်နပ်မဟုတ်ဘူး၊ ဒီတစ်ခါ တစ်သက်လုံးကျွေးရတော့မယ် သိလား။ အဲဒီအခါကျမှ ဆရာမကြီးက ငြိုငြင်ရင်တော့ ဒါပဲ”

ဗိုလ်ထွန်းလင်းက    တင်တင်မြိုင်၏နဖူးကို   လက်ညှိုးနှင့် တို့ထိ ကျီစယ်ကာ တပ်ကြပ်ထွန်းငြိမ်းရှိရာ ဂျစ်ကားဆီသို့ ထွက်ခွာသွားလေသည်။

တင်တင်မြိုင်မှာမူ အိမ်ရှေ့ခြံဝတွင် မျက်ရည်ဝဲကာ လက်တပြပြနှင့် ကျန်နေခဲ့ရရှာသည်။

အောင်သပြေတောင်းဆုခြွေ

ဘေးဘယာဝေးကွာ အေးမြစေ

စိန္တေယျာမြတ်ဘုရား ရှေ့မှာလေ

ချစ်ရေးကို အမှုမထားနဲ့လေ

စစ်ရေးကို ဂရုထားလို့နေ

မေ မှာပါရစေ

ချစ်သက်ဝေ သြော်၊ ချစ်သက်ဝေ

စာခွေ ပါးလိုက်ပါရစေ။   ။

ဗိုလ်ထွန်းလင်းဦးဆောင်သော လော်လီကားသုံးစီးသည် မင်းဘူးမြို့မှ ထွက်ခွာလာကြသည်။ အချိန်မှာ နေချစ်ချစ်တောက်ပူနေသော နေ့လယ် ၁ နာရီဖြစ်၏။

ရဲဘော်များသည် ထွက်ခွာရာ လမ်းတစ်လျှောက် သီချင်းဟစ်ဆို လာကြသည်။ အထူးသဖြင့် မိန်းကလေး တစ်ယောက်တလေကို လမ်းတွင်တွေ့ရလျှင် ရဲဘော်များ၏ အသံက ပို၍ကျယ်လောင်သွားတတ်ကြ သည်။

ရဲဘော်များအားလုံးမှာ ပျော်ပျော်ရွှင်ရွှင်နှင့် စစ်ထွက်လာကြသော်လည်း တပ်ကြပ်ထွန်းငြိမ်း၏ ရင်ထဲမှာ ကား တင်းကျပ်လျက်ရှိလေသည်။ မိမိမြို့ရွာ နယ်မြေဘက်ကို စစ်ထွက်လာရသော တပ်ကြပ်ထွန်းငြိမ်း သည် သူ့ဘဝဇာတ်ကြောင်းကို ပြန်ပြောင်းတွေးမိကာ ရင်ထဲအနာကြီး နာလာ၏။

သူ့ကြောင့် အပြစ်မဲ့သော သူ့ဇနီး၊ သူ့သမီး၊ သူ့ယောက္ခမတို့ကို သတ်ပစ်လိုက်ကြသည်ဆိုသော    ရဲဘော်ဖြူများကိုလည်း အကြီးအကျယ် စိတ်ထဲကနာကြည်းလာ၏။

မခင်မှီတို့   သားအမိတွေ၏ ဆိုးရွားသောကံကြမ္မာကို   တွေးမိတိုင်း ရင်နာလာမိသည်။ ထို့ကြောင့်လည်း  နောက်ဆုံးက လော်လီကားပေါ်တွင်   သူ့တပ်စိတ်နှင့်အတူ လိုက်လာရသော   တပ်ကြပ်ထွန်းငြိမ်း၏ မျက်နှာမှာ   တခြားရဲဘော်များကဲ့သို့   လန်းဆန်းရွှင်ပျခြင်း မရှိပါချေ။ သုန်သုန်မှုန်မှုန်နှင့် တွေတွေဝေဝေ သာ လိုက်ပါလာ၏။

မန်းချောင်းအရှေ့ဘက် ကမ်းပါးအရောက်တွင် လော်လီကားသုံးစီးသည် တိုင်ပင်ထားသကဲ့သို့ ပြိုင်တူရပ်သွားကြသည်။ ရဲဘော်ဖြူများက တံတားကို မိုင်းခွဲဖျက်ဆီးထားသဖြင့် ကားတွေမှာ ရှေ့သို့ မသွားနိုင်ကြ တော့ပေ။

“ရဲဘော်တို့အားလုံး ဒီကဆင်းကြ”

သူ့ညီ ဗိုလ်ထွန်းလင်း၏ အမိန့်ပေးသံကြောင့် တပ်ကြပ်ထွန်းငြိမ်း သည် တခြားရဲဘော်များနည်းတူ ကားပေါ်ကခုန်ဆင်းလိုက်သည်။

အချိန်မှာ ညနေ ၅ နာရီနီးပြီဖြစ်သည်။ ပြာမှိုင်းနေသော ရခိုင်ရိုးမ ပေါ်တွင် နေလုံးသည် ရဲရဲနီကာ မေးတင်လျက်ရှိလေသည်။

ဆက်လက်ဖော်ပြပါမည်။