အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ သို့မဟုတ် တက်ကြွ၍ ကြံ့ခိုင်မှုရှိပြီး ဆန်းသစ်တီထွင်နိုင်သော ပြည်သူ့ဗဟိုပြု အာဆီယံ- အပိုင်း(၃)

 

အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ သို့မဟုတ် တက်ကြွ၍ ကြံ့ခိုင်မှုရှိပြီး ဆန်းသစ်တီထွင်နိုင်သော ပြည်သူ့ဗဟိုပြု အာဆီယံ- အပိုင်း(၃)

 

ယမန်နေ့မှအဆက် 

နိုင်ငံရေး

    (က) အာဆီယံပူးပေါင်း ဆောင်ရွက်မှုများသည် ယခင်ဆယ်စုနှစ်က  အာဆီယံပဋိညာဉ်တွင်ဖော်ပြပါဝင်သည့် အတိုင်း အဖွဲ့ဝင်နိုင်ငံများ၏    ဘုံသဘောတူညီချက် (Consensus Orientation) အပေါ် အခြေခံဆောင်ရွက်ပြီး   အဖွဲ့ဝင်နိုင်ငံများကို ဗဟိုပြု၍ Member Centric ဖြစ်ခဲ့သော်လည်း  ယခုအခါ  နိုင်ငံတကာ ဥပဒေများပါ  အခြေခံမူများအပေါ် အခြေခံသည့်၊     ဥပဒေစိုးမိုးမှုအပေါ် အခြေခံသော အဖွဲ့အစည်းအဖြစ် ဆက်လက် ရပ်တည်သွားမည့်   Rule Based Institution အဖြစ်သို့  ပြောင်းလဲ ရပ်တည်သွားမည့် အလားအလာရှိကြောင်း တွေ့ရှိရသည်၊

    (ခ)  ကမ္ဘာ့ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် အားပြိုင်မှုများအကြားတွင်  အာဆီယံ ဦးဆောင်သော ယန္တရားများမှတစ်ဆင့် အာဆီယံ၏  အချက်အချာကျမှုနှင့် အရေးပါမှုကို ထိန်းသိမ်းနိုင်ရန်နှင့် ဒေသတွင်းနှင့်   ကမ္ဘာ့အရေးကိစ္စများတွင် အာဆီယံ၏ ရပ်တည်ချက်ကို ထင်ဟပ်စေရေး၊ စည်းမျဉ်းအခြေပြု နိုင်ငံတကာ ဆက်ဆံရေးကို တိုးချဲ့ဆောင်ရွက်မည့် Global ASEAN အဖြစ်သို့ ဦးတည်လာကြောင်း တွေ့ရှိရသည်။

    (ဂ)   အာဆီယံ၏ မျှော်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အင်ဒို-ပစိဖိတ် ဒေသတွင်း အသိုက်အဝန်းတစ်ခု ဖြစ်စေရန်နှင့် အင်ဒို-ပစိဖိတ် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှု၏   ဗဟိုချက်ဖြစ်ပေါ်စေရန်  ရည်ရွယ်ထားကြောင်း တွေ့ရပါသည်၊    အမေရိကန်နိုင်ငံဘက်မှ အာဆီယံအား အင်ဒို-ပစိဖိတ် စီးပွားရေး မူဘောင် (Indo-Pacific Economic Framework -IPEF) အား အကောင်အထည်ဖော် ဆောင်ရွက်ရန်  ကမ်းလှမ်းထားသကဲ့သို့  ASEAN Outlook on the Indo-Pacific (AOIP) အား ထုတ်ပြန်အခြေခံ၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိပါသည်။  အင်ဒို-ပစိဖိတ်ဒေသတွင်း   အာဆီယံ၏ မဟာဗျူဟာရပ်တည်မှု၊   အားပြိုင်မှုနှင့် ရပ်တည်မှု   အခင်းအကျင်း ပြောင်းလဲလာခဲ့သဖြင့် အင်အားကြီးနိုင်ငံများ၏ နိုင်ငံရေး၊  စီးပွားရေးအရ အားပြိုင်ရာ ဒေသမဖြစ်စေရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု (Regional Peace and Stability)) အတွက် မဟာဗျူဟာကျကျ ဆောင်ရွက်နိုင်ရေးသည်     လွန်စွာ အရေးပါသောကြောင့် ချိတ်ဆက်လျက်ရှိပါသည်။     အင်ဒို-ပစိဖိတ်ဒေသ၏ ဗဟိုချက်မ (Hub)အဖြစ်   ဆောင်ရွက်လိုသည့်  သဘောထား ရပ်တည်ချက်ရှိကြောင်း တွေ့ရှိရပါသည်၊

    (ဃ)  ပြင်ပမိတ်ဖက်များနှင့် ဆက်ဆံရေးတွင် အာဆီယံ၏    ဗဟိုအချက်အချာကျမှု (ASEAN Centrality))ကို   ခိုင်မာအားကောင်းလာစေရန်  ဆောင်ရွက်သွားရန် ရှိသော်လည်း အဖွဲ့ဝင်နိုင်ငံများအကြား ခွဲခြားဆက်ဆံမှု မရှိစေရေးကိုမူ ဂရုပြုရန် လိုအပ်မည်ဖြစ်သည်ကို သုံးသပ်တွေ့ရှိရပါသည်၊

    (င)  ပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် အာဆီယံရှိ အဖွဲ့အစည်းများအား  ခိုင်မာအားကောင်းလာစေရေး ဆောင်ရွက်သွားမည်   ဖြစ်သကဲ့သို့ လုပ်ငန်းစဉ်များကိုလည်း ပြင်ဆင်ချမှတ်သွားရန် ရှိပါသည်၊

     (စ)  လျင်မြန်စွာ တိုးတက်ပြောင်းလဲလျက်ရှိသည့် ကမ္ဘာ့အခင်းအကျင်းတွင် အာဆီယံနှင့်  အာဆီယံပြည်သူများ၏ အနာဂတ် လုံခြုံစေရေးအတွက်     ထိရောက်ပြီး ဆန်းသစ်သည့် တုံ့ပြန်မှုများ ဆက်လက်ချမှတ်နိုင်ရန် အတွက် အဖွဲ့ဝင်နိုင်ငံများ အားလုံးအနေဖြင့် အပြောင်းအလဲအပေါ် တုံ့ပြန်နိုင်မှု   (Responsiveness) နှင့် ကြံ့ကြံ့ခံနိုင်ရည်ရှိမှု (Resiliance) ကိုထူထောင်နိုင်ကြရန် အလွန်အရေးကြီး လာသောကြောင့်  ဖြစ်ပေါ်လာနိုင်သည့် အခွင့်အလမ်းနှင့်   စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင်    သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံ၏  အမျိုးသားအကျိုးစီးပွားကို ပိုမိုဦးစားပေး စဉ်းစားသကဲ့သို့ ဒေသတွင်း နိုင်ငံများ၏   အကျိုးစီးပွားကိုလည်း ပေါင်းစည်းစွမ်းအားဖြင့် ညီညွတ်စွာအကျိုး လိုလားစွာ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဖော်ပြလာပါသည်၊ 

    (ဆ)အာဆီယံ မျှော်မှန်းချက် ၂၀၄၅ တွင်အဖွဲ့အစည်းများ ခိုင်မာစေခြင်း (Strengthening Institutions)   နှင့်အတူ  ဆုံးဖြတ်ချက်များ ချမှတ်သည့်လုပ်ငန်းစဉ် (Decision Making Process))၊ အရေးပေါ်နှင့်   သီးသန့် အခြေအနေများတွင် (Urgent and Specific Situations)) များတွင်     အချိန်မီဆုံးဖြတ်ချက်များ ချနိုင်စေရန်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ အရေးပါမှု      (Role of ASEAN Secretariat)) ကို မြှင့်တင်ပေးရန်အချက်တို့ကို အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ တွင် ထည့်သွင်း ရေးဆွဲထားခြင်းသည်  အဖွဲ့ဝင်နိုင်ငံများအကြား     ခွဲခြားဆက်ဆံမှု မဖြစ်ပေါ်စေရေး၊ Double Standard မရှိစေရေးအတွက် သတိချပ်စရာ တစ်ခုပင်ဖြစ်ပါသည်။ 

စီးပွားရေး

    (က) စီးပွားရေးနှင့် စပ်လျဉ်းပြီး   အာဆီယံအနေဖြင့် ကမ္ဘာတွင် စတုတ္ထမြောက်စီးပွားရေးအင်အား အကြီးဆုံးသော ဒေသဖြစ်အောင် ရည်မှန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း လေ့လာမိပါသည်၊

    (ခ) အာဆီယံသည် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့အား ၂၀၂၆ ခုနှစ်နောက်ပိုင်းတွင် ဖွံ့ဖြိုးမှုအနည်းဆုံး   နိုင်ငံများမှ လွတ်မြောက်ရန် (LDCs Graduation)) ရည်မှန်းဆောင်ရွက်နေသဖြင့် အာဆီယံ၌ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံမရှိတော့ (No more LDCs in ASEAN) သည့်အတွက် အမှန်တကယ်လက်တွေ့တွင် ညှိနှိုင်းမှုများ ဆောင်ရွက်ရာ၌ ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေသည့်   အစီအစဉ်များ လျှော့ချရန် ဆွေးနွေးမှုများရှိပါသည်။ သို့သော် ဒေသတွင်း အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးမှုကွာဟချက်များကို လျော့နည်းစေနိုင်မည့် လုပ်ငန်းစဉ်များကို ဆက်လက် ဖော်ဆောင်ရန်နှင့် အားလုံးပါဝင်နိုင်မှုကို မြှင့်တင်နိုင်ရေးနှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို တန်းတူညီမျှရယူ ဆောင်ရွက်နိုင်ရေးကို ဆောင်ရွက်မှသာ အာဆီယံဒေသတွင်းတွင် ညီညွတ်မျှတသည့်  ဒေသတစ်ခု ဖြစ်လာနိုင်မည်မှာ သတိပြုစရာအဖြစ်  လေ့လာတွေ့ရှိရပါသည်၊

    (ဂ) အာဆီယံအနေဖြင့်  ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွင်  အဓိကမောင်းနှင်သူအနေဖြင့် လွှမ်းမိုးဆောင်ရွက်နိုင်ရေးနှင့်  အာဆီယံ၏ ပေါင်းစည်းစွမ်းအား မြှင့်တင်နိုင်ရေးအတွက် ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ချိတ်ဆက်မှုများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး အတွက် ထုတ်ကုန်များ ယှဉ်ပြိုင်နိုင်မှု (Competitiveness) ရှိစေရေး၊ ချိတ်ဆက်မှု (Connectivity) လိုအပ်သည့်ပြင်ဆင်မှုများကို ပြည်တွင်းတွင် “ဥစ္စာရင်လို ဥစ္စာရင်ခဲ” ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

    (ဃ) အာဆီယံအနေဖြင့် မျှော်မှန်းချက်၊ မဟာဗျူဟာများ များပြားသော်လည်း အမှန်တကယ်အကောင်အထည် ဖော်ဆောင်နိုင်မှုမှာ Pilot Project လောက်သာ ဆောင်ရွက်နိုင်မှုများကြောင့် ကွက်ပြည့်အကောင်အထည် ဖော်ဆောင်နိုင်မှုမှာ အလွန်အားနည်းလျက်ရှိကြောင်း သုံးသပ်ပါသည်။ အကြောင်းမှာ ရန်ပုံငွေနည်းပါးခြင်း၊ အာဆီယံမဟုတ်သော အခြားဆွေးနွေးဖက်နိုင်ငံတို့၏ အကူအညီ (Development Partners)) တို့၏ အထောက်အပံ့ကို ရယူဆောင်ရွက်ရခြင်း၊ အခြားသော BRICS အဖွဲ့အစည်းများကဲ့သို့ ဖွံ့ဖြိုးမှုဘဏ် နောက်ခံဘဏ်အဖွဲ့အစည်း မရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း သုံးသပ်ရပါသည်၊ အခြားဆွေးနွေးဖက် နိုင်ငံတို့၏ အကူအညီကို    ရယူခြင်းကြောင့်လည်း    အခြားနိုင်ငံများ၏ လွှမ်းမိုးမှုများ ရှိနိုင်ကြောင်း သုံးသပ်ပါသည်၊ 

    (င) အာဆီယံဗဟိုပြုမှုကို အခြေခံ၍ Global ASEAN သို့  ကူးပြောင်းသည့် အချိန်ကာလအတွင်း အာဆီယံ၏ လုပ်ငန်းစဉ်များသည် ကဏ္ဍများအကြား (Crosssectors) နှင့်  မဏ္ဍိုင်များအကြား (Cross pillars)) ဆောင်ရွက်ရသည့်လုပ်ငန်းများ ပိုမိုများပြားလာခြင်းကြောင့် အကောင်အထည်ဖော်ရာတွင်  ထိထိရောက်ရောက် (Effective Implementation)    ဆောင်ရွက်နိုင်ရန်နှင့် အာဆီယံ၏ အချက်အချာကျမှု (ASEAN Centrality) ကို ဆက်လက်ထိန်းသိမ်းနိုင်ရန် လိုအပ်လိမ့်မည်ဟု သတိပြုမိပါသည်၊

    (စ) အာဆီယံ၏ စီမံချက်များအား    ထိထိရောက်ရောက် အကောင်အထည်ဖော်ရာတွင်   အာဆီယံရန်ပုံငွေ  (ASEAN Funding)) လုံလောက်စွာ ရရှိနိုင်ရန်မှာလည်း အချက်တစ်ခုအနေဖြင့် ပါဝင်ပါသည်၊ အာဆီယံ၏မျှော်မှန်းချက်များအရ စီးပွားရေးအရဖြစ်စေ၊  ဘဏ္ဍာရေးအရဖြစ်စေ ခိုင်မာတောင့်တင်းအောင် ဆောင်ရွက်ထားသည့် ဘဏ္ဍာရေးနောက်ခံ အဖွဲ့အစည်းမျိုး လိုအပ်မည်ဟု သုံးသပ်ပါသည်၊

    (ဆ) အာဆီယံ၏ ရည်မှန်းချက်၊ မဟာဗျူဟာများသည် အပြည်ပြည်ဆိုင်ရာ အကောင်အထည်ဖော်မှုများနှင့် ကိုက်ညီအောင် ကြိုးပမ်းလျက်ရှိပြီး     အစိမ်းရောင် စီးပွားရေး (Green Economy)၊ အဏ္ဏဝါစီးပွားရေး (Blue Economy)၊ ဒစ်ဂျစ်တယ်စီးပွားရေး  (Digital Economy)) တို့ကို   တွန်းအားပေး ဆောင်ရွက်ရန်ရှိသော်လည်း   အဆိုပါကိစ္စရပ်များကို  ပြည်တွင်းတွင် အကောင်အထည်ဖော်ဆောင်ရေးအတွက် အမျိုးသား စီမံကိန်းများနှင့် ချိတ်ဆက်ရန်လိုအပ်သည်ဟု မြင်ပါသည်၊ 

    (ဇ) အာဆီယံအနေဖြင့် ပထဝီနိုင်ငံရေးကို အလေးထား စဉ်းစားလာချိန်တွင် စီးပွားရေးသည် ပုဂ္ဂလိကကဏ္ဍ၊  အလုပ်အကိုင်ဖန်တီးမှု၊ သာမန်ပြည်သူ အိမ်ထောင်စုများ၏ ဝင်ငွေရရှိမှုနှင့်   ဘဝရပ်တည်မှု တို့ကိုလည်း  အလေးထားစဉ်းစားရန်လိုအပ်ပါသည်။

လူမှုရေး

    (က)  ဒီမိုကရေစီ စည်းမျဉ်းများကို လေးစားလိုက်နာရေး၊   တရားဥပဒေစိုးမိုးရေးနှင့် ကောင်းမွန်သော  စီမံအုပ်ချုပ်မှုစနစ် ထွန်းကားစေရေး၊  လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားလိုက်နာစေရေးနှင့် ကာကွယ်မြှင့်တင်နိုင်ရေးကို  ဦးစားပေး ဆောင်ရွက်မည်ဟု မျှော်မှန်းချက်တွင်   ထည့်သွင်းထားသော်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများအားလုံးသည် ဒီမိုကရေစီနိုင်ငံများ မဟုတ်သည့်အပြင် အာဆီယံ(အာရှ) တန်ဖိုးထားမှုစံနှုန်းကို ယခင်က အလေးထားခဲ့ရာမှ  ယခုအခါ အပြည်ပြည်ဆိုင်ရာ စံနှုန်းများအား ပိုမိုအလေးပေးပြောင်းလဲ ဦးတည်လာကြောင်း တွေ့ရှိရပါသည်၊

    (ခ) ထိုအကျိုးဆက်အရ ပြည်သူကိုဗဟိုပြုသော၊    ပြည်သူကို အလေးထားသော အသိုက်အဝန်းတစ်ခု   ဖြစ်ပေါ်စေရန် သက်ဆိုင်ရာ နိုင်ငံများ၏ ဖွံ့ဖြိုးမှုမူဝါဒများ၊ လူမှုရေး အကာအကွယ်ပေးမှု မူဝါဒများနှင့် ကိုက်ညီမှုရှိရန် လိုအပ်မည်ဖြစ်ပါသည်၊

    (ဂ) လူသားအရင်းအမြစ်များ ပေါများသည့် အာဆီယံ၏ အားသာချက်များကို အပြည့်အ၀ ထိရောက်စွာ  အသုံးပြုနိုင်ရန်မှာ ကျွမ်းကျင်မှုမြင့်မားပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသော  လုပ်သားအင်အားများ  ပိုမိုပေါ်ထွန်း လာစေရန်အတွက် Platform များတည်ဆောက်ပေးရန်   လိုအပ်မည်ဖြစ်ပါသည်။

    (ဃ) အာဆီယံ၏ အနှစ်သာရကို တန်ဖိုးထား ဂုဏ်ယူသော အသိုက်အဝန်းတစ်ခုဖြစ်စေရေးအတွက် အာဆီယံ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊  အနုပညာနှင့်ရိုးရာ ဓလေ့များကို တန်ဖိုးထားမြှင့်တင်ခြင်းနှင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ  လုပ်ငန်းစုများကို မြှင့်တင်ခြင်းတို့ ဆောင်ရွက်ရာတွင် အထူးသဖြင့်  လူငယ်များ၊  အမျိုးသမီးများ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းစု (SMEs) များကိုဦးစားပေး အသုံးပြုရန်နှင့် ဒစ်ဂျစ်တယ်ကောင်းစွာ အသုံးပြုတတ်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ရေးနှင့် မီဒီယာစီမံခန့်ခွဲမှုများ လိုအပ်မည်ဖြစ်ပါသည်၊

    (င) ကျန်းမာကြံ့ခိုင်သည့် အာဆီယံပြည်သူများ ဖြစ်စေရန်  ဘေးကင်းလုံခြုံသော၊ ပြည့်စုံကောင်းမွန်သည့် hfAccess to Health Care ဖြစ်ပေါ်စေမည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ထူထောင်ရန်၊  ကျန်းမာကြံ့ခိုင်မှုအတွက် ကိုယ်လက်လှုပ်ရှား အားကစားနှင့် နေထိုင်မှုစနစ်များကို အားပေးရန်နှင့် လူဦးရေပုံသဏ္ဌာန်အရ အသက်ကြီးပိုင်း (Aging) ပိုမိုများပြားမည်ဖြစ်သဖြင့် မိမိတို့နိုင်ငံ အခြေအနေနှင့် လိုက်လျောညီထွေ ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။

ပေါင်းစည်းဆက်နွှယ်မှု (Connectivity)

    (က) ပေါင်းစည်းဆက်နွှယ်မှု (Connectivity) တွင်  အခြေခံအဆောက်အဦများ ချိတ်ဆက်မှု (Physical Connectivity))၊ အဖွဲ့အစည်းဆိုင်ရာ ချိတ်ဆက်မှု   (InstitutionalConnectivity)၊ ပြည်သူအချင်းချင်း ချိတ်ဆက်မှု  (People to People Connectivity) ဟူ၍ရှိရာ   အာဆီယံမဏ္ဍိုင် (၃) ရပ်လုံးနှင့် ချိတ်ဆက်လျက် ရှိနေပါသည်၊   သို့ဖြစ်ပါ၍  Master Plan on ASEAN Connectivity(MPAC-2025)ကို အကောင်အထည်ဖော်ဆောင်ရာတွင် အဓိကတွေ့ကြုံရသည့် အခက်အခဲမှာ   အာဆီယံမဏ္ဍိုင်များအကြား  မဟာဗျူဟာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် မဏ္ဍိုင်များအကြား၊ ဌာနများအကြား Cross-cutting ဖြစ်နေသည့်အတွက် Ownership     ပြဿနာရှိကြောင်းလေ့လာတွေ့ရှိရပါသည်၊

    (ခ) အာဆီယံနိုင်ငံများအကြား  ပေါင်းစည်းဆက်နွှယ်မှု အားကောင်းစေရန်  ငွေကြေးလွှဲပြောင်းပေးချေမှုများ အတွက် ဘဏ္ဍာရေးဆိုင်ရာ  အခြေခံ အဆောက်အဦများ ချိတ်ဆက်ခြင်း၊ ဒစ်ဂျစ်တယ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုများ  စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း၊   ဆိုက်ဘာလုံခြုံရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ စီမံအုပ်ချုပ်မှုစနစ်  ကောင်းမွန်စေခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့်  ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက်ထိရောက် အားကောင်းစေခြင်း၊ သတင်းအချက်အလက်များအား ထိရောက်စွာ    နယ်စပ်ဖြတ်ကျော် စီးဆင်းနိုင်ခြင်း၊ ဒေသတွင်းရှိ ပြည်သူအချင်းချင်းအကြား ချိတ်ဆက်မှုအားကောင်းစေခြင်းနှင့် ရေရှည်တည်တံ့သည့် အခြေခံအဆောက်အဦများ တည်ဆောက်ခြင်း အပါအဝင်  အာဆီယံနိုင်ငံ များအကြား  နိုင်ငံအချင်းချင်း (Bilateral) ဖြစ်စေ၊ အခြားသောဒေသတွင်း  နိုင်ငံများ (ဥပမာ- GMS နိုင်ငံများ) အကြားဖြစ်စေ ပေါင်းစည်းဆက်နွှယ်မှုများ မြှင့်တင်ရန် လိုအပ်ခြင်းကြောင့် အကောင်အထည်ဖော်ဆောင်နိုင်မည့် အခြားသောဒေသခွဲနှင့်  နိုင်ငံစုံပူးပေါင်း ဆောင်ရွက်ရေး မူဘောင်များ(Multilateral Framework) စသည်ဖြင့် စီမံချက် Modelအမျိုးမျိုးလိုအပ်မည်ဖြစ်ပါသည်၊ ဘက်ပေါင်းစုံတွင် အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်သော အသိုက်အဝန်းတစ်ခု ဖြစ်ပေါ်စေရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်မည်ဖြစ်ရာ အဆိုပါလိုအပ်မည့် ရင်းနှီးမြှုပ်နှံမှုများအတွက် ဖြစ်ပေါ်နိုင်မည့် Model နှင့်  Institutional Contact တို့လိုအပ်မည် ဖြစ်ပါသည်။ အလားတူပင် ပေါင်းစည်းဆက်နွှယ်မှု အားကောင်းစေရေး အတွက် ဒေသတွင်း စီမံကိန်း (Regional Plan))  နှင့် အမျိုးသားစီမံကိန်း (National Plan)တို့အကြား  အချိန်အခါနှင့် အခြေအနေပေးသည့်အပေါ် မူတည်၍ ချိတ်ဆက်ဆောင်ရွက်ရန်ဖြစ်ပါသည်။

နိဂုံး

လက်ရှိအချိန်တွင် အဆိုပါမျှော်မှန်းချက် ၂၀၄၅ အား အကောင်အထည်ဖော်ဆောင်မည့် အာဆီယံမဏ္ဍိုင်များ အကြား မဟာဗျူဟာ စီမံချက်များကို အာဆီယံကရေးဆွဲ ဆောင်ရွက်လျက်ရှိရာ   မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ   မိမိနိုင်ငံအတွက် အကျိုးစီးပွား အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို မဏ္ဍိုင်အသီးသီးမှ  မျက်ခြည်မပြတ်လေ့လာ ဆောင်ရွက်နေရမည်ဖြစ်ပါသည်။  အဆိုပါမဟာဗျူဟာ စီမံချက်များအား  ၂၀၂၅  ခုနှစ်တွင်  ကျင်းပဆောင်ရွက်မည့် အာဆီယံထိပ်သီး အစည်းအဝေးသို့  တင်ပြအတည်ပြုကြရန်      ရည်ရွယ်ထားသောကြောင့်    အချိန်ကာလ   တစ်နှစ်ကျော်အတွင်းတွင်  ကဏ္ဍအလိုက် ကြိုတင်ဆွေးနွေး ပြင်ဆင်ထားရန်    လိုအပ်ပါသည်။

အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်၂၀၄၅ - တက်ကြွ၍ ကြံ့ခိုင်မှုရှိပြီး ဆန်းသစ်တီထွင်နိုင်သော ပြည်သူဗဟိုပြု အာဆီယံ   (ASEAN VISION2045 : Resilient, Innovation, Dynamic, and People-Centered ASEAN) ဆောင်ပုဒ်ဖြင့် နောင်နှစ် ၂၀  အထိ မျှော်မှန်းချက်နှင့် လမ်းပြမြေပုံအရ မိမိနိုင်ငံနှင့်သင့်လျော်လိုက်လျော ညီထွေပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဒေသဆိုင်ရာနှင့်  ပါဝင်ပေါင်းစည်းလျက်   နိုင်ငံအကျိုးရှိရာရှိကြောင်း   လုပ်ဆောင်ကြရမည် ဖြစ်ပါသည်၊

လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း ပထမဆယ်စုနှစ်ထက် ဒုတိယဆယ်စုနှစ်သည် ကမ္ဘာနှင့်ဒေသတွင်း ပထဝီနိုင်ငံရေး၊  ပထဝီစီးပွားရေး ရိုက်ခတ်မှုများက လျင်မြန်စွာ ပြောင်းလဲလာသည်မှာ ဂရုပြုစရာပင်ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ထိခိုက်မှုမရှိစေရေး အတွက် မျက်ခြည်မပြတ် ပါဝင်တက်ရောက်လျက် တစေ့တစောင်း လေ့လာဆောင်ရွက်နေရန် လိုအပ်ပါသည်၊

အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်  မြန်မာနိုင်ငံအနေနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၊ အာဆီယံမဏ္ဍိုင် အသီးသီးနှင့် လုပ်ငန်းအဖွဲ့များတွင် လိုက်ပါဆောင်ရွက်နေသူများ၊ ပုဂ္ဂလိက စီးပွားရေး အဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့်  မိမိတို့ ကဏ္ဍအသီးသီးမှ  အာဆီယံ၏နှစ်  ၂၀  အတွင်း အကောင်အထည်ဖော်ဆောင်မည့်  အလားအလာများကို သိရှိနားလည်ခြင်းဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်စေရန်   မီးမောင်းထိုး သုံးသပ်တင်ပြလိုက်ရပါသည်။   ။

ကိုးကားစာရင်း

. ASEAN Secretariat, August 8,1967, ''ASEAN Charter''

. ASEAN Secretariat, 1976, ''Treaty of Amity and Cooperations in Southeast Asia (TAC)''

. https://asean.org/June 26 ,1945, ''UN Charter''

. https://asean.org/ 1982, ''United Nations Convention on the Law of the Sea (UNCLOS)''

. https://asean.org/ the 34th ASEAN Summit ,2019, ''ASEAN Outlook on the Indo-Pacific (AOIP)''

. May 23, 2022, ''Indo-Pacific Economic Framework for Prosperity''

. Endorsed by the 42nd ASEAN Summit in May 2023,''Core Elements''

. ASEAN Secretariat '' September 2023,''ASEAN Community Vision 2045''

. https://theaseanmagazine.asean.org/article/achieving-the-aseancommunity-...

. https://asean.org/our-communities/asean-political-security-community/

. https://asean.org/our-communities/asean-socio-cultural-community/

. https://www.asean.org/wp-content/uploads/2012/05/ASEAN-APSCBlueprint-202...