ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

“ကဲ ခင်ဗျားတို့ ကားဆရာတွေ ပြန်နိုင် ကြပါပြီ။ ခုလို လိုက်ပို့ကြတာကို ကျေးဇူး တင်ပါတယ်။ မနက်ဖြန် ဒီနေရာကို ဆယ် နာရီနဲ့ ဆယ့်တစ်နာရီကြားမှာ အရောက် လာဖို့တော့ မမေ့ကြပါနဲ့၊ ကျေးဇူးတင်ပါ တယ်။ ပြန်နိုင်ကြပါပြီ”

မင်းဘူးမြို့ထဲက အရပ်သား လော်လီ ကားသုံးစီးကို ဗိုလ်ထွန်းလင်းက ပြန်လွှတ် လိုက်သည်။

“ရဲဘော်တို့အားလုံး တပ်စိတ်၊ တပ်စု အလိုက် ချီတက်၊ ဟိုဘက်ကမ်းပါးရောက် ရင် တပ်ရပ်မယ် ဒါပဲ”

အရပ်သား လော်လီကားသုံးစီး၏ ပြန်သွားကြသော ကားစက်သံနှင့်အတူ ဗိုလ်ထွန်းလင်း၏ အသံက ပေါ်လာပြန်သည်။

ရဲဘော်များသည် ဗိုလ်ထွန်းလင်းအမိန့် အတိုင်း တပ်စိတ်၊ တပ်စုအလိုက် မန်းချောင်းကို ဖြတ်ကာ ချီတက်နေကြသည်။

နွေလတပေါင်း ဖြစ်သဖြင့် မန်းချောင်း ၏ရေမှာ ခြေမျက်စိ မြုပ်ရုံသာရှိသည်။ တချို့နေရာတွင် သောင်ထွန်းပြီး ကျောက် စရစ်ခဲလုံးတွေနှင့် ရေပင် လုံးဝမရှိဘဲ ခန်းခြောက်နေသည်။

မန်းချောင်း၏ ကမ်းစပ်နားတွင် နန်းလုံး ကြိုင်ပွင့်တွေက တဝေေ၀ပွင့်နေကြသည်။ လေအဝှေ့တွင် နန်းလုံးကြိုင်ပွင့်တို့၏ မွှေး ရနံ့များက ရဲဘော်များ၏ ရင်ကို တဒင်္ဂ အေးမြသွားစေသည်။

သို့သော် တပ်ကြပ်ထွန်းငြိမ်း၏ ရင်ထဲ မှာတော့ မအေးနိုင်ပေ။ ဤမန်းချောင်း၏ ရေအလျဉ်နှင့်    နန်းလုံးကြိုင်ပွင့်တွေကို မြင်ရလျှင် မခင်မှီကို သတိရမိလေသည်။ မခင်မှီနှင့်သူသည် ဤကဲ့သို့ နန်းလုံးကြိုင် ပွင့်တွေ တဝေေ၀ပွင့်နေသော နွေလတပေါင်း ၏ တစ်ညနေက စတင်ဆုံစည်းခဲ့ကြသည် မဟုတ်ပါလား။

ယခုတော့ မခင်မှီဆုံးပါးသွားရှာခဲ့လေ ပြီ။ တပ်ကြပ်ထွန်းငြိမ်း၏ရင်မှာ တဆစ်ဆစ် နာလာလေသည်။ နာကြည်းချက်နှင့် စီးကျ လာသော မျက်ရည်တို့မှာ ချွေးနှင့်ရောကာ မန်းချောင်း၏ ရေစီးအသွင်  စီးဆင်းလာသည်။

ဗိုလ်ထွန်းလင်းဦးဆောင်သော တပ်စု သည် ထိုနေ့ညနေက မန်းချောင်းအနောက် ဘက်ကမ်းရှိ တောင်ပြိုတွင် ခဏရပ်နား ကြသည်။ မင်းဘူးမြို့က ချက်ပြုတ်ထုပ်ယူ လာကြသော ညနေစာကို တောင်ပြို၌ပင် စားသောက်ကြသည်။

ထမင်းစားပြီးကြသော ရဲဘော်များသည် ပတ္တမြားရွှေရည်တို့ဖြင့် လျှံဖိတ်နေသော သြကာသ လောကကြီး ကို ငေးကြည့်ကာ မှိန်းလျက်ရှိကြ၏။

သဲခင်းသော မြေမွေ့ရာပေါ်တွင် ကျောက်ခဲကို ခေါင်းအုံးကာ နေဝင်ချိန်ကို ငေးကြည့်ပြီး အတွေးသီ နေသော ရဲဘော်များလည်းရှိ၏။

သို့သော် ဗိုလ်ထွန်းလင်းနှင့်တကွ တပ်ကြပ်ကြီးထွန်းရွှေ၊ တပ်ကြပ်အောင်ဒင်၊ တပ်ကြပ်ထွန်းငြိမ်း၊ တပ်ကြပ်တင်ခိုင်တို့ ကတော့   ခေါင်းချင်းဆိုင်ကာ   တိုင်ပင် အလုပ်ရှုပ်နေကြသည်။

သူတို့သည် လရောင်ကို အမှီပြုကာ တစ်ညလုံးချီတက်ပြီး သူပုန်စခန်းကို လင်းရောင်ခြည် စစ်ဆင်ရေး လုပ်ရန် တိုင်ပင်နေကြသည်။

“ဒီနေရာက ရန်သူရဲ့စခန်း၊ ဒီဘက်မှာ ရခိုင်ရိုးမ တောင်တန်းကြီးရှိတယ်။ ဒီဘက်ကတော့ အိမ်ခြေ တစ်ဆယ်ကျော်ရှိတဲ့ ချင်းရွာကလေးတစ်ရွာရှိတယ်။ ဒီစခန်းရဲ့ အခြေအနေအားလုံးကို အဲဒီချင်းရွာက ချင်းအမျိုးသားတစ်ယောက်ကပဲ သတင်း တိတိကျကျပေးခဲ့တယ်။ ဒီချင်းရွာလေးနဲ့ ရန်သူစခန်းဟာ  ကိုက်သုံးရာနီးပါး ဝေးတယ်။ ဒီကြားထဲမှာ စမ်းချောင်းလေး တစ်ခု ရှိတယ်။ ဒါဟာ စမ်းချောင်းလေးပဲ။ ဒါက တောင်၊ ဒါက မြောက် ဟုတ်လား၊ အားလုံး ရှင်းပြီးလား”

“ဟုတ် ရှင်းပါတယ်၊ ဗိုလ်ကြီး”

ဗိုလ်ထွန်းလင်း၏ အသံအဆုံးမှာ တပ်ကြပ်ကြီးနှင့်တကွ တပ်ကြပ်အားလုံး၏ အသံက ပြိုင်တူ ပေါ်ထွက် လာကြသည်။

ဆက်လက်ဖော်ပြပါမည်။