ရုရှားက ၎င်းတို့၏သြဇာအာဏာကို အာဖရိကဒေသအထိ တိုးချဲ့နိုင်မည်လား

 

ရုရှားက ၎င်းတို့၏သြဇာအာဏာကို အာဖရိကဒေသအထိ တိုးချဲ့နိုင်မည်လား

ရုရှားနိုင်ငံသည်  အာဖရိကဒေသရှိ နိုင်ငံပေါင်း ၆ နိုင်ငံသို့ ဂျုံတန်ချိန် ၂၀၀၀၀၀ ကိုပေးပို့ခဲ့ပြီး ကမ္ဘာ့အစားအစာရှားပါးမှု တိုက်ဖျက်ရေးတွင် ပါဝင်လုပ်ဆောင်မည်ဟူသော    ၎င်းတို့၏ကတိကဝတ်ကို ဖြည့်ဆည်း ပေးနိုင်ခဲ့ပြီ  ဖြစ်သည်။

ရုရှားနိုင်ငံသည် စားနပ်ရိက္ခာအကူအညီများ ဖြစ်သည့် အဆိုပါဂျုံများကို   မာလီ၊ ဘာကီနာဖာဆို၊ ဇင်ဘာဘွေ၊ အီရစ်ထရီးယား၊   ဆိုမာလီယာနှင့်   ဗဟိုအာဖရိကနိုင်ငံများသို့ပေးပို့ခြင်းဖြစ်သည်။ အဆိုပါ အာဖရိက နိုင်ငံများအနက် မာလီ၊ ဘာကီနာ ဖာဆို၊  ဇင်ဘာဘွေနှင့်  အီရစ်ထရီးယားတစ်နိုင်ငံချင်းစီသို့ ရုရှားနိုင်ငံက တစ်နိုင်ငံလျှင် ဂျုံတန်ချိန် ၂၅၀၀၀ စီပေးပို့ခြင်းဖြစ်ပြီး ပိုမိုအခြေအနေ ဆိုးရွားနေသည့် ဆိုမာလီယာနှင့် ဗဟိုအာဖရိကနိုင်ငံများသို့ ဂျုံတန်ချိန် ၅၀၀၀၀ စီ ပေးပို့ခြင်းဖြစ်ကြောင်း ရုရှား စိုက်ပျိုးရေးဝန်ကြီး ဒီမီထရီပက်ရုယက်ဗ်က သမ္မတ ဗလာဒီမာပူတင်အား ဖေဖော်ဝါရီ လ  ၂၀  ရက်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရုရှားအစိုးရက အာဖရိကနိုင်ငံများသို့ စားနပ်ရိက္ခာများပေးပို့ထောက်ပံ့ခြင်းသည် ယင်းနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် လုပ်ဆောင်သည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမှုကြီးတစ်ရပ် ဖြစ်လာသည်။

ရုရှားအစိုးရ၏  လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအစီအစဉ်သည် ကုလသမဂ္ဂအဖွဲ့က ကမကထ လုပ်ဆောင်ခဲ့သည့် ပင်လယ်နီသဘောတူညီချက်မှ ရုရှားနိုင်ငံက ထွက်ခွာခဲ့ပြီးနောက်ပိုင်းတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ပင်လယ်နီ သဘောတူညီချက်အရ ကမ္ဘာ့ဈေးကွက်များသို့ လူသားချင်းစာနာသည့် အကူအညီ များအပြင် ဂျုံ၊ နေကြာဆီ၊ ဓာတ်မြေသြဇာနှင့်  အခြားထုတ်ကုန်များ ပေးပို့ခြင်းကို ခွင့်ပြုထားသည်။

သို့သော်  အနောက်နိုင်ငံများသည် အဆိုပါသဘောတူညီချက်အရ ချမှတ်ထားသည့် သဘောတူညီချက်များကို လိုက်နာရန်ပျက်ကွက်ခဲ့သည်ဟု ရုရှားက ပြောကြားထားသည်။ အကြောင်းမှာ သဘောတူညီချက်အရ  ရုရှားနိုင်ငံမှထုတ်လုပ်သည့် ပို့ကုန်များအား ကန့်သတ်ရန်ချမှတ်ထားသည့် ပိတ်ဆို့မှုများအား ဖြေလျှော့ခြင်းများ ပါဝင်သည်။ ထို့ကြောင့် ရုရှားနိုင်ငံသည် အဆိုပါသဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီး အာဖရိကဒေသရှိ နိုင်ငံများသို့ စားနပ်ရိက္ခာအကူအညီများအား   ကိုယ်ပိုင်အစီအစဉ်ဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ရုရှားနိုင်ငံမှပေးပို့လိုက်သည့် ဂျုံများမှာ ဆိုမာလီယာနိုင်ငံသို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအကုန်ပိုင်းတွင် ရောက်ရှိလာခဲ့ပြီး ကုန်ပစ္စည်းအတင်အချပြုလုပ်ခြင်း ကို ဖေဖော်ဝါရီလ  ၁၇  ရက်တွင် အပြီးသတ် လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။ နိုင်ငံ အတွင်းသို့ ရုရှားနိုင်ငံကပေးပို့လိုက်သည့် ဂျုံများ ရောက်ရှိလာခြင်းနှင့် စပ်လျဉ်း၍ ဆိုမာလီယာအစိုးရက ကြိုဆိုခဲ့ပြီး ရုရှား အစိုးရကပေးပို့သည့် စားနပ်ရိက္ခာအကူ အညီသည် နိုင်ငံအတွက် အချိန်မီလိုအပ်နေသည့်  အကူအညီများဖြစ်ကြောင်း ဆိုမာလီယာဆိပ်ကမ်းနှင့်  ရေကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး အဗ္ဗဒူလာဟီ အာမက်ဂျမားက ပြောကြားသည်။

ဆိုမာလီယာနိုင်ငံသည်   ယခင်က လက်နက်ကိုင်စစ်ပွဲများ၏ အကျိုးဆက်ကို နှစ်ပေါင်းများစွာရင်ဆိုင်ခဲ့ရသည့်  နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံအတွင်း၌ ဆက်လက် ဖြစ်ပွားနေသည့် မိုးခေါင်ရေရှားမှုနှင့်လည်း ဆိုးရွားစွာရင်ဆိုင်နေရသည်။ ထို့ပြင် ယင်းနိုင်ငံအတွင်း မကြာသေးမီကဖြစ်ပွားခဲ့သည့် ရေကြီးမှုများကြောင့် ဆိုမာလီယာပြည်သူထောင်ပေါင်းများစွာမှာ ၎င်းတို့၏နေအိမ်များကို စွန့်ခွာခဲ့ရခြင်းကြောင့် လူသားချင်းစာနာသည့် အကူအညီများ အရေးတကြီး လိုအပ်နေသည့်နိုင်ငံဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရုရှားအစိုးရသည် ဘာကီနာဖာဆိုနိုင်ငံသို့ ပေးပို့လိုက်သည့် ဂျုံများကို  အိုင်ဗရီကို့စ်နိုင်ငံမှတစ်ဆင့် ပေးပို့ခဲ့ခြင်းဖြစ်ပြီး ယခုအခါ စားရေရိက္ခာ အကူအညီများမှာ   ဘာကီနာဖာဆိုသို့ ရောက်ရှိသွားပြီဖြစ်သည်။

ရုရှားအစိုးရသည်   အဆိုပါ အာဖရိကနိုင်ငံများသို့ စားနပ်ရိက္ခာအကူအညီများ ပေးအပ်ရန် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ကျင်းပခဲ့သည့်  ဒုတိယအကြိမ်  ရုရှား-အာဖရိကထိပ်သီး ဆွေးနွေးပွဲ၌ ကတိကဝတ် ပြုခဲ့ခြင်းဖြစ်သည်။   ရုရှားနိုင်ငံသည် လက်ရှိတွင်    အမေရိကန်အပါအဝင် အနောက်နိုင်ငံကြီးများ၏ တစ်ဖက်သတ်ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသော်လည်း နိုင်ငံ၏အရေးပါသည့် အားသာချက်တစ်ရပ်ဖြစ်သော စွမ်းအင်ကဏ္ဍကို အသုံးပြု၍ နိုင်ငံ၏အကျိုးစီးပွားကို ဖော်ဆောင်လျက်ရှိသည်။ ထို့ပြင် ယခုကဲ့သို့ အာဖရိကဒေသရှိ နိုင်ငံများသို့ စားနပ်ရိက္ခာများ ပေးပို့နိုင်ခြင်းသည် ရုရှား၏သြဇာအာဏာကို အာဖရိကဒေသအထိ    တိုးချဲ့နိုင်ရေးအတွက် အထောက်အကူပြု လာနိုင်သည်။

Ref: RT