လူငယ်ဖွံ့ဖြိုးရေး အလေးထား ဖော်ဆောင်ပေး

 

လူငယ်ဖွံ့ဖြိုးရေး အလေးထား ဖော်ဆောင်ပေး

 

      နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသည် အနာဂတ် တာဝန်များကို   ပခုံးပြောင်းတာဝန်ယူ ထမ်းဆောင်ကြမည့် လူငယ်လူရွယ်များ၏ ပညာရည်ပြည့်ဝမှု၊ ကျန်းမာကြံ့ခိုင်မှု၊ အသိပညာဗဟုသုတ ပြည့်စုံကြွယ်ဝမှု၊ အရည်အချင်းပြည့်ဝမှု၊ ဗလငါးတန်ပြည့်စုံမှုနှင့်စိတ်ဓာတ်ရေးရာမြင့်မားမှု အစရှိသည့်အချက်များအပေါ် များစွာတည်မှီနေသည်။ မျိုးဆက်သစ်လူငယ်များ ဘက်စုံထောင့်စုံမှ အရည်အသွေး မြင့်မားအောင် မြှင့်တင်ပေးမှသာ  အနာဂတ်ဘဝများ သာယာလှပမည်ဖြစ်သည်။ လူငယ်ဟူသည် ယေဘုယျအားဖြင့် ငယ်ရွယ်သေးသည့် ကလေးဘဝနှင့် အရွယ်ရောက်ပြီး သက်ကြီးဘဝအကြား သတ်မှတ်ခြင်းဖြစ်ပြီး ထိုအရွယ်သည် ကိုယ်ပိုင်အရည်အသွေးနှင့် လူမှုဆက်ဆံရေးကို ဖြည့်ဆည်းရန် အကောင်းဆုံး အရွယ်ပင်ဖြစ်သည်။

လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်သူများမှာ လူငယ်များဖြစ်သည့်အလျောက် လူငယ်ထု အရည်အသွေး အင်အားပြည့်ဝလေ၊ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးလေဟုဆိုနိုင်သည်။ သို့ရာတွင် လူငယ်များကို သက်ဆိုင်ရာ လူ့အဖွဲ့အစည်းက မည်သို့လေ့ကျင့် ပျိုးထောင်ပေးသည်ဆိုသော အချက်ပေါ်မူတည်ကာ ဖွံ့ဖြိုးမှုအတိုင်းအတာ ကွာခြားသွားတတ်သည်။ ကုလသမဂ္ဂအဖွဲ့အစည်းက အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းကို လူငယ်ဟု လည်းကောင်း၊ အသက် ၁၀ နှစ်မှ ၁၉ နှစ်အတွင်းကို ဆယ်ကျော်သက်လူငယ်ဟု လည်းကောင်း ညွှန်းဆိုထားသော်လည်း နိုင်ငံအလိုက် ထူးခြားသော အခြေအနေများအရ အသက်အုပ်စုပြောင်းလဲ သတ်မှတ်ကြကြောင်း တွေ့ရသည်။ သေချာမှုတစ်ခုမှာ လူငယ်ဟူသော  အပိုင်းအခြားသည်  မိဘအုပ်ထိန်းသူ၊ သင်ဆရာများထံ မှီခိုအားထားရသည့် ဘဝဖြစ်စဉ်နှင့် လွတ်လပ်စွာ ရပ်တည်နိုင်မှုကို ရှေးရှုသည့်ဘဝဖြစ်စဉ်တို့အကြား ရပ်တည်နေရသည့် ကာလပင်ဖြစ်သည်။

လူငယ်ဖွံ့ဖြိုးရေးဟူသည် ကျယ်ပြန့်သော သဘောကိုဆောင်သည်။  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ ယဉ်ကျေးမှု အစရှိသည့် ကဏ္ဍပေါင်းစုံနှင့် သက်ဆိုင်သည်။ မိဘအုပ်ထိန်းသူ၊ ရပ်ရွာပတ်ဝန်းကျင်၊ ကျောင်းပတ်ဝန်းကျင်၊ လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် နိုင်ငံတော်အဆင့်အထိ  အားလုံးကဖြည့်ဆည်း ဆောင်ရွက်ပေးမှသာ   လူငယ်ဖွံ့ဖြိုးရေး ပီပြင်မည်ဖြစ်သည်။

ထို့အတူ လူငယ်များအပေါ်တွင်လည်းများစွာ မူတည်သည်။  လူငယ်များသည်  ပညာတတ်လိုသည့်စိတ်၊ ကြီးပွားလိုသည့်စိတ်၊    ရိုးသားဖြောင့်မတ်လိုစိတ်၊ အများအကျိုးဆောင်လိုစိတ် စသည့် စိတ်ကောင်းစိတ်မြတ်များ ပိုင်ဆိုင်ထားကြရေး ဦးစွာလိုအပ်သည်။

ကုလသမဂ္ဂက ချမှတ်ထားသော  “လူငယ်လူရွယ်များအတွက် ဆောင်ရွက်မည့်  ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်” တွင် ပါရှိသည့် ကဏ္ဍများမှာ ကျန်းမာရေး၊ ပညာရေး၊ အားကစား၊ အလုပ်အကိုင်၊ ဆင်းရဲမှု၊ သဘာဝပတ်ဝန်းကျင်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ရာဇဝတ်မှုကျူးလွန်ခြင်းနှင့် အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ မိန်းကလေးများနှင့် အမျိုးသမီးငယ်များ အားလပ်ချိန်အသုံးချမှု၊  လူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်ချမှု လုပ်ငန်းများတွင်   လူငယ်များ၏ အပြည့်အဝထိရောက်စွာ   ပါဝင်ဆောင်ရွက်မှု၊ မျိုးချစ်စိတ်၊ သတင်းအချက်အလက် ဆက်သွယ်ရေးနှင့် နည်းပညာ၊ လက်နက်ကိုင်ပဋိပက္ခများ၊ ပြည်သူ့နီတိ၊ ရပ်ရွာလူမှုရေး ကဏ္ဍဟူ၍ဖြစ်သည်။

၂၁ ရာစုခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ဖွံ့ဖြိုးတိုးတက်မှု အရပ်ရပ်ကို  ပညာအခြေခံ၍သာ တည်ဆောက်လာကြသည်။ ယနေ့လူငယ်များ ပညာ ရည်ပြည့်ဝရေးသည် လူငယ်ဖွံ့ဖြိုးရေး၏ အဓိက မဏ္ဍိုင်ပင်ဖြစ်သည်။ ပညာခေတ်တွင် ပညာမရှာ၍ မဖြစ်တော့ပေ။ ပညာမတတ်လေနောက်ကျ ကျန်ခဲ့လေဖြစ်မည်။ ယနေ့လူငယ်များသည် ခေတ်နှင့်အညီ ပေါ်ပေါက်လာသော ပညာရပ်များကို မျက်ခြည်မပြတ် လေ့လာဆည်းပူးနေရန် လိုအပ်သည်။ မိမိတို့သိထား၊တတ်ထားသမျှနှင့် ရောင့်ရဲတင်းတိမ်၍မရဘဲ အနာဂတ်ကို အမြဲတွက်ဆမျှော်မှန်း တတ်ရမည်ဖြစ်သည်။ ငယ်ရွယ်စဉ်ကာလကတည်းက ဝါသနာ၊ ဗီဇနှင့် အလေ့အကျင့်ကောင်းပေါ် မူတည်၍ ကြိုးစားအားထုတ်ကြမည်ဆိုလျှင် ဘဝအောင်မြင်မှု ရရှိကြမည်ဖြစ်သည်။

လူငယ်အရွယ်တွင် အသိပညာ၊ အတတ်ပညာများကို ရှာဖွေစုဆောင်းပြီး ဘဝတိုးတက်ရာတိုးတက်ကြောင်း အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းနေရမည် ဖြစ်သည်။

သိပ္ပံနှင့်နည်းပညာတိုးတက်လာသော   ယနေ့အချိန်တွင်   လူငယ်များခေတ်နှင့်အညီ လိုက်လျောညီထွေရေးအတွက်  စိန်ခေါ်မှုများစွာ ကြုံတွေ့ရနိုင်သည်။  ထိုစိန်ခေါ်မှုများကို ဖြေရှင်းရာတွင်  သတ္တိရော ဗျတ္တိပါပြည့်စုံနေရေး လိုအပ်သည်။  ဆိုလိုသည်မှာ အသိပညာနှင့် အတတ်ပညာကို အသုံးချနိုင်ရေးပင်ဖြစ်သည်။ အတတ်ပညာကဘဝ ရပ်တည်ရေးအတွက် လိုအပ်ချက်ဖြစ်သလို အသိပညာဟူသည် အမှန်နှင့်အမှားကို ခွဲခြားသိမြင်ပြီး  စဉ်းစားတွေးခေါ်မှုမြင့်မားသည့် အတွက် မှန်ကန်သောလမ်းမှ လျှောက်လှမ်းနိုင်ကာ ဘဝအခြေတင့်မည်ဖြစ်သည်။

ယနေ့မျိုးဆက်သစ်လူငယ်များ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် နိုင်ငံတိုင်းလိုလို အသုံးပြုနေကြသည့် အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ အင်တာနက်စသည့် ပညာရပ်များကို မဖြစ်မနေ တတ်မြောက်ထားရှိရန် လိုအပ်သလို ပညာရပ်တစ်ခုအား အစမှအဆုံး တိုင်တတ်မြောက်ကျွမ်းကျင်ရေး အလေးထားရမည် ဖြစ်သည်။ အသိပညာကို မည်သူမဆိုလွယ်လင့်တကူ သင်ယူရရှိနိုင်ပြီး သင်ယူလိုစိတ်ရှိသူတိုင်း တတ်မြောက်နိုင်သည်။ အဓိကလိုအပ်သည်မှာ ဉာဏ်ပညာပိုင်ဆိုင်ရေးဖြစ်သည်။ ဉာဏ်ပညာရှိပြီးအမှားအမှန်၊ အကောင်းအဆိုးခွဲခြားနိုင်မှသာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးမှုအတွက် ကြိုးပမ်းဆောင်ရွက်နိုင်မည်ဖြစ်သည်။

အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော်လည်း ဉာဏ်ပညာချို့ယွင်းသဖြင့် လူ့ဘောင်ကောင်းကျိုးအစား ဆိုးကျိုးသက်ရောက်စေသော အခြေအနေဖြစ်ပေါ် လာနိုင်သည်။

လူငယ်ဖွံ့ဖြိုးရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်ကျွမ်းကျင်မှု၊ ဘာသာစကားကျွမ်းကျင်မှု၊ သတင်းအချက်အလက်နှင့် နည်းပညာကျွမ်းကျင်မှု၊ အသိပညာဗဟုသုတ ပြည့်စုံမှု စသည့် အရည်အချင်းများ လိုအပ်သည်။ အလားတူစွာ ကျန်းမာကြံ့ခိုင်ရေးနှင့် ဗလငါးတန်ပြည့်ဝရေးကိုလည်း   တစ်ပြိုင်တည်း အကောင်အထည်ဖော်သင့်သည်။ ယနေ့ကမ္ဘာတွင် ကျန်းမာရေးကို ထိခိုက်စေသောဖြစ်စဉ် အကြောင်းအရာများစွာ ပေါ်ထွန်းလာနေပြီဖြစ်သည်။ ရာသီဥတုပြောင်းလဲမှု၊ မူးယစ်ဆေးဝါးအန္တရာယ်ပေးမှု၊ အရက်သေစာ၊ ဆေးလိပ်နှင့် ကွမ်းယာသုံးစွဲမှု၊ အန္တရာယ်ရှိ

သော အစားအစာနှင့် ဆေးဝါးများ စသည်ဖြင့် လူသားများအား ဆိုးကျိုးများစွာ ပေးလျက်ရှိသည်။ လူငယ်နှင့် ကိုယ်လက်လှုပ်ရှား အားကစား ကင်းကွာလာကြသည်။

ကျန်းမာကြံ့ခိုင်ရေး အထောက်အကူပြု စားသောက်၊နေထိုင် လှုပ်ရှားလေ့ကျင့်မှု ကောင်းမှသာ လူငယ်ဖွံ့ဖြိုးရေး  ပီပြင်မည်ဖြစ်သည်။

မျိုးဆက်သစ်လူငယ်များဖွံ့ဖြိုးရေးအတွက် ဗလငါးတန်ပြည့်စုံအောင်  ဖြည့်ဆည်းပေးကြရမည်ဖြစ်သည်။ ဗလငါးတန်ဖွံ့ဖြိုးရေး ဆိုသည်မှာ ကာယဗလ၊ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလတို့ ပြည့်ဝအောင် ပညာဖြင့်ကြံဆောင်ကြိုးစား ပြုစုပျိုးထောင် အားထုတ်ကြခြင်းဖြစ်သည်။ ဗလငါးတန်ပြည့်ဝအောင် သင်ယူလေ့လာဆည်းပူးပြီး ဖြည့်ဆည်းပေးမှု အထူးလိုအပ်သည်။ ဗလငါးတန်ကို အဓိပ္ပာယ်ဖွင့်ဆိုထားသော ဆိုလိုရင်းများရှိသည်။ ကာယဗလဆိုသည်မှာ တစ်ကိုယ်ရေသန့်ရှင်းခြင်း၊   ရောဂါဘယ ကင်းစင်ခြင်း၊ စိတ်ရောကိုယ်ပါ ကျန်းမာခြင်း၊ သန်စွမ်းခြင်း၊  ကိုယ်စိတ်နှစ်ပါးကြံ့ခိုင်ခြင်း   စသည်တို့နှင့်ပြည့်စုံခြင်းကိုဆိုလိုသည်။  ဉာဏဗလဆိုရာ၌ လိုအပ်သည့် အသိပညာ၊အတတ်ပညာ၊ နည်းပညာစသည်တို့ကို  အစဉ်လေ့လာ သင်ယူဖြည့်ဆည်းခြင်းပင် ဖြစ်သည်။

စာရိတ္တဗလဆိုသည်မှာ ရိုးသားမှု၊ ဖြူစင်ဖြောင့်မတ်မှု၊ အတ္တပရအကျိုးစီးပွားကို မျှတအောင်ဖော်ဆောင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယရှိမှု၊ ပြည်သူ့နီတိကျင့်စဉ်ရှိမှု တို့ပင်ဖြစ်သည်။ မိတ္တဗလဟူသည် လူသားအချင်းချင်း ယုံကြည်လေးစားအားထား တန်ဖိုးထားသော ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ခြင်းပင်ဖြစ်သည်။ ဘောဂဗလ ဆိုသည်မှာ အသက်ရှင်ရပ်တည်ရေး၊  အသက်ရှည်ရေးတို့ အတွက်  မုချလိုအပ်သည့်  အလုပ်၊ လုပ်ငန်းစသည်တို့ကို စည်းစနစ်တကျ အကျိုးရှိစွာ လုပ်ဆောင်သွားစေခြင်းကို ဆိုလိုသည်။ ၂၁ ရာစုလူငယ်များသည် ဘဝရှင်သန်မှုကာလ တစ်လျှောက်လုံး ရုပ်ပိုင်းစိတ်ပိုင်းဖွံ့ဖြိုး ရှင်သန်မှုတို့နှင့်  ပြည့်စုံရန်ကြိုးစား အားထုတ်နေရမည်ဖြစ်သည်။  သို့မှသာ  လူ့ဘောင်ကောင်းကျိုးကို  စွမ်းဆောင်ပေးနိုင်ရန်  သေချာမည်ဖြစ်သည်။ 

အလားတူစွာ နိုင်ငံနှင့်လူမျိုးကို ချစ်ခင်မြတ်နိုးပြီး ကောင်းစွာစောင့်ရှောက်လိုသော   ဝံသာနုရက္ခိတစိတ်ဓာတ်၊ နိုင်ငံနှင့်လူမျိုး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်မှုကို   လိုလားသည့် မျိုးချစ်စိတ်ဓာတ်တို့ ထွန်းကားရေးလည်း လိုအပ်သည်။

ကျွနု်ပ်တို့မြန်မာနိုင်ငံတွင် လူငယ်ရေးရာမူဝါဒချမှတ်ပြီး လူငယ်ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။ လူငယ်ရေးရာ မူဝါဒတွင်လူငယ်၏ အသက်သတ်မှတ်ချက်မှာ ၁၅ နှစ်မှ ၃၅ နှစ်အတွင်းဖြစ်သည်။ ပါဝင်သောအခန်း ကဏ္ဍများမှာ ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးနှင့် အခြားသော ဘေးဖြစ်စေတတ်သည့်အန္တရာယ်များ၊ အားကစားနှင့် အပန်းဖြေခြင်း၊  အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေး၊ နိုင်ငံရေး၊ စာပေအနုပညာနှင့် ယဉ်ကျေးမှုသုတေသန၊  သိပ္ပံနှင့်နည်းပညာ၊  ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု၊    သယံဇာတသုံးစွဲမှုနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေး၊ ကျားမညီမျှမှု၊ လူ့အခွင့်အရေး၊ နိုင်ငံတကာဆက်ဆံရေးတို့ ဖြစ်ကြသည်။ သက်ဆိုင်ရာ ကဏ္ဍအလိုက် အလေးထား ဖော်ဆောင်ပေးမှသာ လူငယ်ဖွံ့ဖြိုးရေး အောင်မြင်မည်ဖြစ်သည်။

ယနေ့ကမ္ဘာကြီးသည်   အပြောင်းအလဲဆီသို့ အဟုန်ပြင်းပြင်းဖြင့် ရွေ့လျားလျက်ရှိသည်။ ထိုအဖြစ်အပျက်၊ အပြောင်းအလဲများက လူ့ဘောင်လောက သမိုင်းကိုဖန်တီးပေးသည်။ အဓိကဖန်တီးပေးမည့် သူများမှာ မျိုးဆက်သစ် လူငယ်များသာဖြစ်ကြသည်။ 

လူငယ်များ၏  အရည်အသွေးကို ကြည့်၍လည်း နိုင်ငံတော်၏အနာဂတ်ကို မှန်းဆ၍ရသည်။ အနာဂတ်၏ ဖန်တီးရှင်လူငယ်များ ဖွံ့ဖြိုးမှုရှိမှသာ  နိုင်ငံတော်၏ ရှေ့ရေးသည်လည်း သာယာလှပမည်ဖြစ်သဖြင့် “လူငယ်ဖွံ့ဖြိုးရေး အလေးထားဖော်ဆောင်ပေး” ကြပါစို့ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။   ။