မီးရထားနှင့်ရထားလမ်းများအား အကြမ်းဖက်ခြင်းသည် ပြည်သူများဘဝကို ဖျက်ဆီးခြင်းသာဖြစ်၏
နေ့စဉ်နံနက်တိုင်း သတင်းစာဖတ်ခြင်းမှာ စာရေးသူ၏ အလေ့အထတစ်ခုဖြစ်သည်။ ယနေ့ဖတ်သည့် သတင်းစာတွင် ညောင်လေးပင်မြို့နယ် ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ် ဘူတာကြားရှိ မီးရထားလမ်း တစ်ခုအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲလိုက်သည်ဟူသော သတင်းကို ဖတ်လိုက်ရပြန်ပါသည်။ စာရေးသူစိတ်ထဲတွင် ဒေါသထွက်မိ၊ နှမြောမိသည်မှာ အမှန်ပင်ဖြစ်သည်။ ဒေါသထွက်မိသည်မှာ အကြမ်းဖက်သမားများက မကောင်းမှုတိုင်းကို လွယ်လွယ်နှင့် လုပ်နေခြင်းကြောင့်ဖြစ်၏။ နှမြောမိသည်မှာ သမိုင်းတစ်ခု၏တန်ဖိုးကို မသိလေသော အကြမ်းဖက်သမားတို့၏ လုပ်ရပ်များကြောင့်ပင် ဖြစ်ပေသည်။ ထို့အတွက် သိသမျှကို သိစေချင်သောအလို့ငှာ ဆောင်းပါးလေးအား မီးရထားနှင့်ရထားလမ်းများကို အကြမ်းဖက်ခြင်းသည် ပြည်သူများဘဝကို ဖျက်ဆီးခြင်းသာဖြစ်၏ဟု အစချီ လိုက်ရခြင်းသာ ဖြစ်ပါသည်။
သည်နေရာ၌ မြန်မာ့မြေပေါ်တွင် မြန်မာပိုင်မီးရထား သို့မဟုတ် မြန်မာ့မီးရထားဟူ၍ ဖြစ်ပေါ်လာခဲ့သည့် သမိုင်းကြားတွင် မြန်မာတို့မျက်နှာငယ်ခဲ့ရပုံများကို အနည်းငယ်ထုတ်နုတ်တင်ပြပါမည်။ မြန်မာ့မီးရထားသည် အင်္ဂလန်နိုင်ငံထက် ၅၂ နှစ်၊အိန္ဒိယနိုင်ငံထက် ၂၄ နှစ် နောက်ကျသည်။ မြန်မာ့မြေပေါ်တွင် မီးရထားလမ်း ဖြစ်ပေါ်ခြင်းမှာ ကိုလိုနီနယ်ချဲ့တို့၏ စီးပွားရေးအမြတ်ထုတ်မှု၊ စစ်ရေးအမြတ်ထုတ်မှုအကြံအစည်များမှ မြစ်ဖျားခံကာ ဖြစ်ပေါ်လာသည်ကို သမိုင်းများတွင် တွေ့ရသည်။
နယ်ချဲ့ဗြိတိသျှတို့ စိုးမိုးမှုအားကောင်းနေချိန်တွင် မီးရထားတွဲများ၌ ဥရောပတိုက်သားများသာ (Europeans Only) ဟူသော သီးသန့်တွဲများပါရှိကြောင်း လေ့လာတွေ့ရှိရသည်။ ထိုခေတ်မြန်မာများက ဗိုလ်စီးတွဲဟု လွယ်လွယ်ခေါ်ကြသည်။ ထိုခေတ်က မြန်မာတို့ နေရာတိုင်းတွင် ခွဲခြားခံရမှုများကြောင့်နစ်နာခဲ့ရသည်။ ထိုခေတ်က မီးရထားစက်ဗိုလ်၊ လက်မှတ်ရောင်းများ၊ နောက်ဆုံးဂတ်တွဲလိုက်ပါသူများစသည့် မီးရထားလုပ်ငန်း နေရာများတွင် ပြည်ပသားများသာ အလုပ်လုပ်ခွင့်ရကြသည်။ မြန်မာတိုင်းရင်းသားများက မီးရထားရုံ ဧရိယာများ၌ တဲထိုးကာ အစားအသောက်များ ရောင်းချသည့် လုပ်ငန်းများတွင်သာ အလုပ်လုပ်ကိုင်ကြရသည်။
ဖက်ဆစ်ကာလတွင်လည်း ပြည်သူတို့အတွက် မီးရထားစီးခွင့်ရရန် ရပ်ကွက်လူကြီး ထောက်ခံစာနှင့်အတူ ပလိပ်ဆေး၊ ကျောက်ဆေး၊ ဝမ်းရောဂါဆေးထိုးပြီးကြောင်း လက်မှတ်ကို ဦးစွာတင်ပြရသည်။ ပြီးလျှင် ပလက်ဖောင်းတွင် တန်းစီရသည်။
နှစ်ရက်ခန့်တန်းစီမှသာ မီးရထားလက်မှတ်ဝယ်ယူခွင့်ရသည်။ မီးရထားလက်မှတ်ဝယ်ယူခွင့်အတွက် လက်မောင်းကို မာစတာဆိုသူက ဆေးနီတံဆိပ်ရိုက်ပေးပြီးမှ လက်မှတ်ပေါက်တွင် တန်းစီဝယ်ရသည်ဟု ဆိုသည်။ အခန့်မသင့်လျှင် နောက်တစ်ရက်ထပ်စောင့်ရသည်။ လက်မှတ်ရပါကလည်း ပက်လက်တွဲ၊ ကျောက်တင်တွဲ၊ ကုန်တွဲ၊ တိရစ္ဆာန်တွဲစသည့် မီရာတွဲကိုသာ လိုက်ပါစီးနင်းကြရသည်။ ဖက်ဆစ်ခေတ်ဖွင့်သမျှ မီးရထားလမ်းများတွင်လည်း ဖက်ဆစ်နှင့် အပေါင်းအပါများက အထက်တန်းကျကျ မင်းမူခဲ့ကြသည်။ မြန်မာခရီးသည်အများစုမှာ မျက်နှာငယ်ဖြင့် အသနားခံကြရသည်။ မျက်ရည်ခံထိုးကြရသည်။ မျက်နှာရ ရေးများ လုပ်ခဲ့ကြရသည်။ လွတ်လပ်ရေးရပြီးမှသာ မြန်မာအချင်းချင်း မျက်နှာငယ်စရာမလိုတော့ဘဲ အဆင်ပြေလာကြသည်။ သည်နေရာတွင် ရှုမြင်ရမည်မှာကား အတိတ်ဟူသောကာလရှိ မီးရထားတွဲများပေါ်မှ မြန်မာတို့၏ အနှိမ်ခံခဲ့ရသည့်ဘဝများ၊ မီးရထားလမ်းများဖောက်လုပ်မှုတွင် ဆုံးရှုံးခဲ့ရသည့် မြန်မာတို့၏ အသက်နှင့်ကိုယ်လက်အင်္ဂါများသာ ဖြစ်ပါသည်။ ဤတင်ပြမှုအပိုင်းတွင် အတိတ်ကို သိရှိနားလည်တတ်ပြီး လက်ရှိပစ္စုပ္ပန်မှ မြန်မာ့မီးရထားနှင့် မီးရထားလမ်းများကို မြတ်နိုးတန်ဖိုးထားတတ်စေရန်ဖြစ်သည်။
တစ်ဖန်မြန်မာ့မီးရထားလမ်းများနှင့် မြန်မာ့မီးရထားတို့၏ စစ်ဂယက်ခံရမှု၊ အကြမ်းဖက် ဂယက်ခံရမှုများကိုလည်း သိစေလိုပါသည်။ ၁၉၄၂ ခုနှစ်တွင် ဖက်ဆစ်တို့မြန်မာနိုင်ငံအတွင်းဝင်လာစဉ်တွင် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဗြိတိသျှတို့ဆုတ်ခွာစဉ်က ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း၊ တစ်ဖန်ဗြိတိသျှနှင့် မဟာမိတ်တပ်များပြန်ဝင်လာစဉ်ဗုံးကြဲတိုက်ခိုက်ခြင်းစသော စစ်ဂယက်များကို မြန်မာ့မြေပေါ်ရှိ မြန်မာ့မီးရထားများနှင့် လမ်းတံတားများက များစွာခံရရှာသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစတွင် တစ်စတစ်စဖြင့် ပျံ့နှံ့ခဲ့သော ပြည်တွင်းသောင်းကျန်းမှုဂယက်များ၏ ဒဏ်ကိုလည်း မြန်မာ့မီးရထားက ခံရရှာပြန်သည်။ အင်္ဂလိပ်တို့ဗုံးကြဲမှုကြောင့် ဖက်ဆစ်ကာလတွင် ညဘက်ရထား ပြေးဆွဲမှုရပ်ဆိုင်းခဲ့ရပြီး ပြည်တွင်းသောင်းကျန်းသူများ၏ ဒဏ်ကြောင့် ၁၉၄၈ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ညရထားပြေးဆွဲမှုများကို ရပ်စဲထားခဲ့ရာမှအစပြု၍ မီးရထားအများအပြားမှာ ခုတ်မောင်းနိုင်ခြင်းမရှိဘဲ ရပ်စဲထားခဲ့ရတော့သည်။ နိုင်ငံရေးလမ်းစဉ်၊ အယူဝါဒကွဲပြားမှုများကြောင့် ဖြစ်ပွားလာသော စစ်ဂယက်များ၏ အဆုံးသည် တိုင်းရင်းသားပြည်သူလူထု၏ လူမှုစီးပွားဘဝအထွေထွေကိုသာ ချောင်ပိတ်ဖျက်ဆီးသည်အထိ ဖြစ်ခဲ့ရသည်မှာ သမိုင်းထဲက ဓမ္မတာတစ်ခုဟုသာ ဆိုရမည်။ ထိုနေရာတွင် မြန်မာလူမျိုးတို့ ကိုလိုနီခေတ်၊ ဖက်ဆစ်ခေတ်က မြန်မာ့မီးရထားများနှင့် မီးရထားလမ်းများပေါ်ရှိ အနှိမ်ခံ၊ အဆင်းရဲခံဘဝများကို မေ့လျော့သွားခဲ့သည်ဟု ထောက်ပြရမည်။
ယနေ့မျက်မှောက်ခေတ်ကို ပြန်ကြည့်ကြပါစို့။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ ယခုအချိန်ထိ မြန်မာ့မီးရထားကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ၊ ဖျက်ဆီးခြင်း ၁၃၀ ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း ၄၇ ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ်ထိ ကျူးလွန်ခဲ့ကြသည်ကို မှတ်တမ်းများဖြင့် သက်သေခံပြီးဖြစ်သည်။
မြန်မာတို့၏ မီးရထားလမ်းများပိုင်ဆိုင်ခဲ့မှု၊ မီးရထားများပိုင်ဆိုင်ခဲ့ရပုံနှင့် နိမ့်ပါးစွာ ဆက်ဆံခံရသည့် သမိုင်းနေ့ရက်များကို သူတို့မေ့ပျောက်သွားကြဟန်တူပါသည်။ အချက်မသိတော့ သမက်ကို သူခိုးထင်ပြီး ငှက်မသိတော့ ဆက်ရက်ကိုချိုးထင်ကြသူတွေအတွက် ရင်လေးလှပါသည်။ ယင်းတို့၏ လုပ်ရပ်များသည် မီးရထားလမ်းများနှင့် မီးရထားများကိုသာမက ကျေးလက်နေပြည်သူမှစပြီး မြို့ပြနေပြည်သူ များ၏ လူမှုစီးပွားဘဝများကိုပါ ဖျက်ဆီးနေခြင်း သက်သက်သာဖြစ်သည်။
မီးရထားများ၊ မီးရထားလမ်းများကြောင့် အနီးဝန်းကျင် မြို့ပြ၊ ကျေးရွာမှ ပြည်သူများ၏ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများကို အဆင်ပြေစေသည်။ ဘူတာအနီးရွာများရှိ လူငယ်အချို့အတွက် အိုးမကွာအိမ်မကွာ မီးရထားဝန်ထမ်းအလုပ်ကို ရစေနိုင်သည်။ အချို့ကား ရွာခံဖြစ်၍ ဝန်ထမ်းလည်းလုပ်ရင်း ဈေးလေးလည်း တစ်ဖက်ကရောင်းသည်။ သူတို့ဘဝနှင့်သူတို့ ဝမ်းရေး သည် ချုန်းချုန်းသံထပ် ...ဥသြဆွဲသံ မပျက်ပြယ်လေသမျှ တင်းတိမ်ရောင့်ရဲမှုနှင့်အညီ ဟန်ချက်ညီနေမည်သာ ဖြစ်သည်။ ရထားလမ်းများ၊ ဘူတာများ၌ အကျည်းတန်စွာ ထွက်ပေါ်လာသော အကြမ်းဖက်ဂယက်တော်လဲသံများနှင့်အတူ ရေရမယ်ရေ..ငုံးဥရမယ် ငုံးဥ၊ ဟောဒီက အသုပ်စုံဆိုတဲ့ အခြေခံလူတန်းစားများ၏ တစ်ဝမ်းတစ်ခါးရေး သံစဉ်များကလည်း အလိုလိုငုပ်လျှိုး ပျောက်ကွယ်သွားမည်သာဖြစ်သည်။ ထိုမှတစ်ဆင့် ဒေသတစ်ခုနှင့်တစ်ခု ကုန်သွယ်မှု စရိတ်များ မြင့်တက်လာခြင်း၊ ကြန့်ကြာလာခြင်းဆိုသည့် အခြေအနေကို ဆိုက်ရောက်ကာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ကုန်စည်များပြတ်လပ်ခြင်းဆိုသည့် အခြေအနေများကိုလည်း ပြည်သူအလွှာပေါင်းစုံ ခံစားရမည်သာဖြစ်သည်။
လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများအနက် မီးရထား သယ်ယူပို့ဆောင်ရေးကို ပိုမိုအားစိုက်နေသည်ကို တွေ့မြင်ကြရမှာဖြစ်သည်။ လက်ရှိမီးရထားစနစ်များမှ လျှပ်စစ်ရထားများထိ ရည်မှန်းချက်ထား ဆောင်ရွက်နေသည်။ နိုင်ငံတစ်ဝန်းရှိ ပြည်သူများ ကုန်ကျစရိတ်သက်သာစွာ ခရီးသွားလာမှု၊ ကုန်စည် ပို့ဆောင်ရေးကိစ္စများ အဆင်ပြေချောမွေ့စေရန် အမြန်လူစီးရထား၊ စာပို့ရထား၊ လူစီးကုန်တင်ရထား၊ RBE ရထား၊ ရန်ကုန်မြို့ပတ် ဆင်ခြေဖုံးရထား၊ ကုန်ရထားများကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိသည်။ ကုန်စည်စီးဆင်းမှုတွင်ကားသည် Door To Door စနစ်ထိ သက်ရောက်မှုရှိသည်။ မီးရထားကား ကုန်စည်စီးဆင်းမှုတွင် ပြည်သူတစ်ဦးချင်းစီအထိ Door To Door စနစ်ထိ မရောက်သေးပေ။ သို့သော် ပြည်သူများနှင့် ပြည်သူများ၏ လယ်ယာထုတ်ကုန်များမှအစ ဝန်ဆောင်ကုန်စည်များ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာ လိုရာခရီးကို ရောက်ရှိစေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အလေးထားကာ ဆောင်ရွက်ပေးနေဆဲဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် သက်သာခြင်းသည် ပြည်သူလူထု၏ နေ့စဉ်လူမှုစီးပွားဘဝ သက်သာချောင်ချိရေးကို တိုက်ရိုက်အထောက်အကူပြုနိုင်သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါသဖြင့် ရထားသယ်ယူပို့ဆောင်ရေးကို မြှင့်တင်ရန်လိုအပ်ကြောင်း၊ ခေတ်မီသည့် ရထားသယ်ယူပို့ဆောင်ရေးစနစ်ကို ဖော်ဆောင် နိုင်ရမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား အသုံးပြုသည့် မီးရထားစက်ခေါင်းများ ထုတ်လုပ်ရန်လိုအပ်ကြောင်း စသည့် အမှာစကားများကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ မလွှကုန်းယာဒ်ဝင်းဧရိယာအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအား သွားရောက်ကြည့်ရှုသည့် ရန်ကုန်မြို့ခရီးစဉ်တွင် ကြားသိခဲ့ရသည်။ မိမိနိုင်ငံအတွက် မိမိအစိုးရ၏ ဆောင်ရွက်မှုမှန်သမျှကို ပြည်သူတိုင်းက လက်တွေ့ကျကျအရှိတရား၊ အမှန်တရားအတိုင်း သိမြင်နိုင်စေရန် လေ့လာနေရမည်သာဖြစ်သည်။ ယင်းကဲ့သို့ သိမြင်လာပါက ယခုကဲ့သို့သော မိမိလူမှုစီးပွားဘဝများကို စိတ်လိုလက်ရ ဖျက်ဆီးနေသည့် အကြမ်းဖက်များ၏ လုပ်ရပ်များအပေါ်တွင် အလိုလိုရွံရှာ စက်ဆုပ်တတ်လာစေရေး ပြည်သူအချင်းချင်း လက်တို့အသိပေးမျှဝေပေးသင့်သည်။ ထိုအမှန်တရား စိတ်များမှသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့်ပူးပေါင်းကာ အကြမ်းဖက်ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် အုတ်တစ်ချပ်သဲတစ်ပွင့်ပါဝင်နိုင်အောင် ကြိုးပမ်းရမည်သာဖြစ်သည်။
ယင်းကြောင့် ကျေးလက်နေပြည်သူလူထုများမှ မြို့ပြနေပြည်သူလူထုများ၏ လူမှုစီးပွားဘဝ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် သယ်ယူပို့ဆောင်ရေးကဏ္ဍစသည့် ဘဝနှင့်ကဏ္ဍများအား အထောက်အကူပြုနေသည့် မြန်မာ့မီးရထားကို အားလုံးဝိုင်းဝန်း ကာကွယ်ကြပါစို့လို့ တိုက်တွန်းရင်း စာရေးသူရဲ့ မီးရထားနှင့်ရထားလမ်းများကို အကြမ်းဖက်ခြင်းသည် ပြည်သူများဘဝကို ဖျက်ဆီးခြင်းသာဖြစ်၏}} ဟူသည့် ဆောင်းပါးအား အဆုံး သတ်လိုက်ရပါတော့သည်။
ထာဝရငြိမ်းချမ်းကြပါစေ...။ ။
ကျော်တေဇ(ဥက္ကလာ)