မြန်မာ့ပြက္ခဒိန် ဆယ့်နှစ်လရာသီများ အရေး

 

မြန်မာ့ပြက္ခဒိန် ဆယ့်နှစ်လရာသီများ အရေး

အသားတွင် ဆယ့်တစ်လမြောက်ဖြစ်သော တပို့တွဲ လကို ရှေးပုဂံခေတ်က တပိုဝ်(ပုဂံပြတိုက် ကျောက်စာတိုင်အမှတ်-၁၂၆၊ သက္ကရာဇ်-၅၀၀ ကျော်)၊ တပိုဝ်ထွယ်လ (ဟန်လင်းကျောက်စာရုံ အမှတ်-၃-သက္ကရာဇ်-၅၇၉)၊ တပိုဝ်ထွယ်လ (ငါတသင်ကျောက်စာ-သက္ကရာဇ် ၅၈၇)၊ တပိုဝအ်ထွယ်လ (သိခင်မြင်းခုန်တိုင် ကျောက်စာ-သက္ကရာဇ်-၅၉၁) စသည်ဖြင့် ရေးသားလာကြရာ နောက်ပစ် - -ဲနေရာတွင် - ယ်သတ်ဖြင့် တပိုဝ်ထွယ်၊ တပိုဝအ်ထွယ် စသဖြင့် မတည်ငြိမ်သေးသော အရေးအသားကို တွေ့ရလေသည်။ မြန်မာအက္ခရာဗေဒ

ပညာရှင် ဝဋံသကာဆရာကြီး  ဦးသောင်းလွင်က နောက်ပစ် -ဲနှင့် ယသတ် - ယ်  -ုနှင့် ေ-ာ ဥ နှင့် အော အသဝဏ်ပြုမှုများသည် ရာစုနှစ်များ ဖြတ်သန်းခဲ့ရသည်ဟု ညွှန်းဆိုထားလေသည်။ မည်သို့ဆိုစေ ကုန်းဘောင်ခေတ် ရောက်သောအခါ  တပို့တွဲ (ဂေါတမဂူ ကျောက်စာ သက္ကရာဇ်-၁၁၉ ခု) တပို့တွဲလပြည့် (ပုဂံရွှေစည်းခုံ ကျောက်စာနောက်ထိုး-၁၁၁၉) ဟု ယနေ့ခေတ်အရေးအသားမျိုးကဲ့သို့  ရေးလာကြပေပြီ။

တစ်ဖန် တပို့တွဲတွင်လည်း အစတွင် ထ အက္ခရာကိုသာ အဆက်ဆက်သုံးလာသည်ကို တွေ့ရသည်။ ထွယ်မှ...ထွဲ...တွဲ သို့ အဆင့်ဆင့်ပြောင်းလဲခြင်းမှာ ယသတ် -ယ် နှင့် နောက်ပစ် ဲတို့သည် သဒ္ဒါ ကာရန်ပိုင်းဆိုင်ရာ၊ သဒ္ဒဗေဒဆိုင်ရာဖြစ်၍ ဆရာကြီး ဦးဖိုးလတ်က အကျယ်တဝင့် ဝေဖန်မှုမပြုခဲ့သော်လည်း  တပို့တွဲမှ ထ အက္ခရာကိုမူ ဝေါဟာရဗေဒ၊ ဘာသာဗေဒအရ ရှေးရေးထုံးနှင့် မြန်မာဝေါဟာရများကို ကြံဆ၍အဓိပ္ပာယ်ဖွင့်ဆိုတော်မူကြကုန်သော   ဒုတိယကျော်အောင်စံထားဆရာတော်၏   ဝေါဟာရတ္ထ ပကာသနီကျမ်း (သက္ကရာဇ်-၁၀၈၀-၁၁၅၅ခန့်)၊ လှေသင်းအတွင်းဝန် ဦးချိန်၏ ဝေါဟာရလိနတ္ထဒီပနီ (သက္ကရာဇ်-၁၁၅၈-၁၂၁၇)ကျမ်းတို့၏ အဓိပ္ပာယ်ယူဆချက်များကို သုံးသပ်၍လည်းကောင်း၊ တရုတ် တိဗက် ပါဠိ အာရိယန် ဘာသာဝင်စကားတို့နှင့် လည်းကောင်း၊ မြန်မာတိုင်းရင်းမျိုးနွယ်စုများဖြစ်ကြသော ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စသည့် လူမျိုးစုတို့၏ အချိုဟော ထန် ဝေါဟာရကို ကြံဆ၍လည်းကောင်း အောက်ပါအတိုင်း ကောက်ချက်ချအဘိဓာန်ပုဒ်ကို ဖွင့်ဆိုထားလေသည်။

တပို့တွဲ (ကျောက်စာ-တပို့ထွဲ) ထန်းဖူး ထန်းခိုင်တံတို့အား အောက်သို့ ကိုင်းညွတ် ဆွဲဆိုင်းအောင် တွဲအောင်ပြုသည်၊ ထန်းရည်နင်းသည်။ ထန်းဖူး ထန်းခိုင်တံတို့အား အောက်သို့ကိုင်းညွတ်ဆွဲဆိုင်းအောင် တွဲအောင်ပြုသောလ၊ ထန်းရည်နင်းလ၊ မြန်မာ့တစ်ဆယ့်နှစ်လတို့တွင် တစ်ဆယ့်တစ်လမြောက်လ၊ ကုံရာသီ။ (တပို့=ထန်းဖူး၊ ထန်းခိုင်တံ+တွဲ=တွဲစေသည်။ တ-တန်း-ပါဠိ တာလ=ထန်း+ပို့=ချွန်၊ မို့၊ ဖု၊ လုံး) ဤသို့ဆရာကြီး ဦးဖိုးလတ်၏အဆိုကို ဦးစွာပြခြင်းမှာ ဝေါဟာရတ္ထပကာသနီကျမ်းအရ- လယ်ယာလုပ်သားကြီးများသည် လုပ်ခင်း ကိုင်ယာပြီး၍ ထမ်းပိုးများကို ဆွဲထားလေ့ရှိသောကြောင့် တပို့တွဲလဟု ခေါ်ကြောင်း ဖွင့်ဆိုထားခြင်းနှင့် ဝေါဟာရလိနတ္ထဒီပနီကျမ်းအရ-ကုမ်ရာသီကိုစွဲ၍ အမရကောသ အဘိဓာန်ပါ=တပါ ပူပန်ရာဖြစ်သောလ၊ အယံ= ဤတပါ သဒ္ဒါသည်၊ မာဃေ=တပို့တွဲလ၌၊ ဘဝတိ=ဖြစ်၏။ စသည်ဖြင့် ပါဠိဝိဂြိုဟ်ပြု၍ တပို့တွဲ ဟု အဆင့်ဆင့်ပြောင်းလဲလာကြောင်း အဓိပ္ပာယ်မှာ ပူသောလ ဖြစ်သည်ဟု ဖွင့်ဆိုထားခြင်းတို့ကို  ဝေဖန်ကန့်မြစ်ထားလေသည်။

ဆိုလိုရင်းတွင် ကျော်အောင်စံထားဆရာတော်၏အယူမှာ မြန်မာဆန်ဆန်တွေး၍ လှေသင်းအတွင်းဝန်၏အယူမှာ ပါဠိဆန်ဆန် တွေး၍ယူဆထားလေသည်။ ဤ၌ ဝေါဟာရဆင်းသက်လာပုံ ဇာစ်မြစ်(Derivation)၊ ဝေါဟာရဇာစ်မြစ်လေ့လာသူ (Etymologist)၊ ဝေါဟာရဗေဒ(Etymon) သုတေသီများအတွက် ဆရာကြီး ဦးဖိုးလတ်၏ ဝေါဟာရဖြစ်နိုင်ရာနယ်ပယ်ကို (Philology)၊ သဒ္ဒဗေဒ(Phonetics)၊ ဘာသာဗေဒ(Linguistics)  များဖြင့်  မည်သို့ မည်ပုံယူဆ၍ ကောက်ချက်ချပုံကို တပို့တွဲလ ဖွင့်ဆိုချက်နှင့်အတူ ဗဟုသုတအဖြစ်တင်ပြခြင်း ဖြစ်ပါသည်။

တပို့တွဲလ၏ပွဲတော်တစ်ခုမှာ မီးဖုန်းပွဲတော် ဖြစ်သည်။  ရှေးမြန်မာဘုရင်များကိုယ်တိုင်ဦးစီး၍ ခမ်းခမ်းနားနား ကျင်းပပြုလုပ်ကြကြောင်းကို အင်ရုံဝန်ကြီးရေးသားသော လောကဗျူဟာကျမ်း ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး တတိယတွဲတွင် အကျယ်တဝင့် တွေ့နိုင်သည်။

တပို့တွဲ၊ တပေါင်းလများတွင် အလွန်ချမ်းအေးသော ရက်ကာလများ ရှိပေသည်။ ထိုကို မန်လည်ဆရာတော် ဘုရား၏ မဃဒေဝလင်္ကာသစ်တွင်- ပြာသိုတပို့တွဲး၊ စိုရွှဲးငွေနှင်း၊ သုတ်လေညှင်းနှင့်၊ ယင်းနှစ်လကြား၊ ရှစ်ရက်အားဖြင့်၊ တပါးထိုမျှို့၊ တပို့တပေါင်း၊ ရှေးနှောင်းအညီ၊ လေးရက်စီလည်း၊ ပထလီမှတ်၊ အန္တရဠ်ဟု၊ ပညတ်နာမ၊ ကြားရှစ်ညနှိုက်၊ တောက်ပလင်းဟုန်၊ တက်အရုဏ်ဝယ်၊ ခိုက်တုန်လွန်ကဲး၊ ဧးစမြဲးတည့်}} ဟုဆိုထားသည်။

နက္ခတ်အလိုအားဖြင့်  တပို့တွဲလဟုခေါ်သော မာဃနက္ခတ်သည် တပို့တွဲလပြည့်နေ့၌ ကုန်ဆုံး၏။ ဖဂ္ဂုဏီနက္ခတ်ခေါ် တပေါင်းလသည် တပို့တွဲလပြည့်ကျော် တစ်ရက်နေ့တွင် စတင်ဆန်း၏။ သို့ဖြစ်၍ မာဃနက္ခတ်နှင့် ဖဂ္ဂုဏီနက္ခတ်တို့ အကူးအပြောင်း ဟိုဘက်သည်ဘက် လေးရက်စီပါသော ကြားရှစ်ရက်ကို အန္တရဋ္ဌကဟု ဆိုသည်။ ယနေ့အသုံးပြုနေသော မြန်မာပြက္ခဒိန်တွင် တပို့တွဲလဆန်း ၁၂ ရက်နေ့မှသည် တပို့တွဲလပြည့်ကျော် ၄ ရက်နေ့အထိ ရက်ပေါင်းရှစ်ရက်သည်သာ အန္တရဋ္ဌက ရက်များဖြစ်သည်ဟု ယူဆကြပေသည်။

ဤအကျယ်ကိုသိလိုမူ  မဟာဗုဒ္ဓဝင်ဒုတိယတွဲ(စာ-၅၆၄)၊  ဥတုဘောဇနသင်္ဂဟကျမ်းတို့တွင် အအေးဆုံး အန္တရဋ္ဌကရက်များ  စိစစ်ချက်ကို သိနိုင်ပေသည်။

ထိုချမ်းအေးသောကာလ မီးဖုန်းပွဲသည် ပုဂံခေတ်ကပင်လျှင် ရှိခဲ့ကြောင်းကို ...မီဖုန်၊ သင်္ကြန်၊ စာရိယ်၊ ညောင်ရိယ်သွန်း၊ မပြတ်စိယ်လျင်တည်၏။...(ပုဂံမြို့ စောလှဝန်းကျောက်စာ သက္ကရာဇ်-၆၅၃)အရ သိရပါသည်။

 ...ပူဇော်ရွှင်ပြုံး၊  ပွဲမဆုံးလျှင်၊  မီးပုံးသဘင်၊ သူကြီးယင်သည်...(ဆည်သည်ရွာစား ဦးအောင်ကြီး ၊ ညောင်ရမ်းခေတ်နောက်ပိုင်း) ..သုံးလူ့ချာကို၊ ရှိန်ဝါရောင်ညီး၊ မီးပုံးပူဇော်၊ လှူတော်မူမြဲ၊ ရာသီပွဲဟု...(ဦးယာ၏တပို့တွဲဘွဲ့လူးတား) စသည်တို့၌ မီးဖုန်းပွဲအကြောင်းအရာများကို - တပို့တွဲလဘွဲ့ စာပေများတွင် တွေ့ရပါသည်။

လောကဗျူဟာ အင်ရုံစာတန်း ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး      တတိယတွဲတို့တွင် အကျယ်တဝင့် တွေ့နိုင်ပေသည်။ ယနေ့တိုင်လည်း အညာဒေသ၊ ရှမ်းပြည်ဒေသတစ်ဝိုက်တို့တွင်  ပြုလုပ်နေကြဆဲဖြစ်သည်။   စာရေးသူသည်  ရှမ်းပြည် လားရှိုးမြို့ မန်ဆူရှမ်းကျောင်းတွင် ၂၀၁၅ တပို့တွဲလတွင် ကြုံခဲ့ဖူးသည်။ တပို့တွဲလ၏ တခြားပွဲတော်တစ်ခုမှာ ယာဂုပွဲဖြစ်သည်။

...ခါရတုသိသီကို၊ ကြယ်မာဃီချိန်ဝှဲ၊ မြတ်လှူဒါယာဂုပွဲနှင့်၊  ပေါက်လဲပွင့်ထိန်လျှံ၊  ဖူးရက်ရည် ကြွေဝတ်ကို၊  ခြွေဆွတ်ကြငှက်ညီလာခံ ... (တိုင်းတားမြို့သူကြီး ဦးဖက်)ဤတပို့တွဲလဘွဲ့တွင် ယာဂုပွဲဆင်နွှဲပုံကို ရေးထားသည်ကို တွေ့ရပေသည်။ ယာဂုနှင့်ထမနဲ မကွဲမပြားရေးသားကြသည်ကိုလည်း တွေ့ရပါသည်။  ဦးပုည၏ လှေအလှူခံမေတ္တာစာ၌ -

...ယာဂုထမနဲ အိုးကြီးကွဲကာမှ စွန့်ကြဲသည့်ဒါနလည်း နိပ္ဖလမဆိုသာ...

 ယာဂုနှင့်ထမနဲ အဆိုသာကွဲသည်ဟု ဆိုထုံးပြုထားသည်ကို တွေ့ရသည်။ ယာဂုကို ဒဂုန်ဦးထွန်းမြင့် ပါဠိသက်ဝေါဟာရအဘိဓာန်တွင် ဆန်ကို   နို့ရေတို့ဖြင့် ကျိုချက်ထားသည့်  သောက်ဖွယ်တစ်မျိုးဟု ပထမဖွင့်ဆို၍  ဒုတိယအနေနှင့် ထမနဲဟုဖွင့်ဆိုသည်။

   ဦးတိုး၏ရာမရကန်တွင် ယာဂုနှင့်ထမနဲအခေါ်သာကွဲကြသည်။ ထမနဲ့နှင့်ယာဂုဟု ရေးထားလေသည်။ ယာဂုဆန်ပြုတ်မှာ သိသာသည်။ ထမနဲ နှမ်းမနဲသည်  ပျော့အိပျင်းတွဲသော အစာအာဟာရတစ်မျိုးဖြစ်သည်။ အဘယ်ကြောင့်တွဲ၍ ရှေးပုဂ္ဂိုလ်များဖွဲ့ဆိုကြပါသနည်းဟု စောကြောမိသည်။ တိပိဋက ပါဠိမြန်မာအဘိဓာန်တွင် ယာဂုအဖွင့်ကို ဆန်ပြုတ်၊ (က) သောက်အပ်သောယာဂု၊ (ခ) စားအပ်သောခပ်ပျစ်ပျစ်ယာဂု၊ (ဂ) နှမ်းဆန်ပဲ သုံးမျိုးရော၍ ပြုလုပ်အပ်သော တေကဋုလယာဂု ရေအနည်းငယ်နှင့်ဆန်ထည့်၍  ချက်အပ်သော အန္နထမင်း ထမင်းပျော့၊ -ဆန်တစ်ဆ ရေလေးဆဖြင့်ကျိုချက်အပ်မူ ဝိလေပိ= ထမင်းပျော့။

-ဆန်တစ်ဆ ရေတစ်ဆယ့်လေးဆဖြင့် ကျိုချက်အပ်မူ  မဏ္ဍ= ယာဂုကြည်။

-ဆန်တစ်ဆ ရေတစ်ဆယ့်ရှစ်ဆဖြင့်ကျိုချက်အပ်မူ

ယူသ= ဆန်ပြုတ်ရေကျဲဟု ဖွင့်ဆိုထားရာ ယနေ့ခေတ် ထမနဲသည် ထမင်းပျော့တွင်အကျုံးဝင်နေလေသည်။ ထို့ကြောင့် ရှေးမြန်မာကြီးများသည် ထမနဲနှင့် ယာဂုကို တစ်တွဲတည်းပင်   အနက်ဖွဲ့ဆိုခဲ့ကြခြင်းဖြစ်သည်ကို လေ့လာတွေ့ရှိရလေသည်။

အင်္ဂလိပ်မြန်မာအဘိဓာန်တွင်မူ ထမနဲက သပ်သပ်၊ ယာဂုကသပ်သပ်ဖွင့်ဆိုထားသည်ကို တွေ့ရပါသည်။ ထိုယာဂုပွဲကိုလောကဗျူစာကျမ်း၌-

တပို့တွဲလတွင် ကျီဝန်က ယာဂုအိုး ၁၀၀၀ နှင့် ထင်းစင် ၁၀၀၀ မီးမယ်ပျူး ၁၀၀၀ ကို သွေးသောက်စုမြင်းတော်သည် ရွှေပန်းပန်တို့ကြပ်မတ်၍ လှူမြဲကျောင်းဘုရားမှာတင်လှူသည် ဟူသော ရေးသားချက်ကို တွေ့ရသည်။

ဤယာဂုအိုးဆိုရာ၌ ယနေ့ဆန်ပြုတ်သဘောမျိုး အိုး ၁၀၀၀ တော့ မဖြစ်တန်ရာကို သတိမူရာ၏။ စဉ်းစားနိုင်ရာ၏။ ထမနဲယာဂုသာလျှင် ဖြစ်ပေမည်။ အဘိဓာန်ဖွင့်ဆိုချက်အတိုင်း သောက်အပ်သောယာဂု

(ဆန်ပြုတ်ရည်ကျဲ)၊ စားအပ်သောယာဂု(ထမနဲ) ဟု ဖွင့်ဆိုချက်ကို သတိမူရာ၏။

တပို့တွဲလ၏အခြားထူးခြားသောအရာမှာ သြဝါဒ ပါတိမောက် အခါတော်နေ့ ဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီး ၇ လအကြာတွင် သြဝါဒပါတိမောက် ကို ဟောတော်မူ၏။ ထိုနေ့တပို့တွဲ လပြည့်နေ့ဖြစ်သည်။ ဗုဒ္ဓသည်  ဝါတော် ၂၀ ထိ မည်သည်ကို မလုပ်ရ၊ မပြောရ၊ မနေထိုင်ရ စသည့် စည်းကမ်း (ယနေ့ ရဟန်းတော်များ စောင့်ထိန်းရသည့် ဝိနည်းတော်များ)ကို ပညတ်မှုမပြုသေးပေ။ ထိုစည်းကမ်း ဝိနည်းကို အာဏပါတိမောက် ဟုခေါ်၏။

ဗုဒ္ဓဘုရားရှင်သည် မဟာသက္ကရာဇ်-၁၀၃ - ခု ကဆုန်လပြည့်နေ့တွင် ဘုရားဖြစ်တော်မူပြီး ထိုနှစ် တပို့တွဲလပြည့်နေ့တွင် သြဝါဒ ပါတိမောက်ကို ပေးတော်(ဟောတော်)မူလေသည်။

ထိုကြားကာလ ပဉ္စဝဂ္ဂီ- ၅ ဦး၊  ရှင်ယသနှင့် ရောင်းရင်း-၆ ကျိပ်၊ ဘဒ္ဒဝဂ္ဂီညီနောင်- ၃ ကျိပ်-ရသေ့ညီနောင်ရှင်တစ်ထောင်၊ ပရိဗိုဇ်ပေါင်း နှစ်ရာ့ငါးဆယ် (ရှင်သာရိပုတ္တရာ၊  ရှင်မောဂ္ဂလန်နှင့် နောက်လိုက် နှစ်ရာ့ငါးဆယ်) စုစုပေါင်း ရဟန်းတော် ၁၂၅၀ တို့အလယ်တွင် ခန္တီပရမံ တပေါ တိတိက္ခာ...အစချီသော သြဝါဒပါတိမောက် ၃ ပိုဒ်ကို ဟောကြားလေသည်။

မြန်မာပြည်အနှံ့  ဘုရား၊ စေတီ၊ သာသနိက အဆောက်အအုံများတွင် သြဝါဒပါတိမောက် ကျောက်စာဟု တွေ့မြင်ဖူးမြော်ကြရပါမည်။ ပိဋကသုံးပုံအနှစ်ချုပ်ဟု ဆရာတော်ကြီးများက လမ်းညွှန်၍ မင်္ဂလာဗျူဟာ အသင်းချုပ်၊ ပိဋကဗျူဟာအဖွဲ့တို့က ကျောက်စာတော်များကို မြန်ပြည်အနှံ့ လှူဒါန်းကြပါ၏။ မင်္ဂလာဗျူဟာ အသင်းမှ ၁၃၂၂ တပို့တွဲလပြည့်နေ့(၃၀-၁-၁၉၆၁)နေ့မှစတင်၍ နှိုးဆော်ပူဇော်မှု စတင်ခဲ့ပါ၏။

ယခုအခါတွင် ဘာသာရေးအသင်းအဖွဲ့များကလည်းကောင်း၊ ပုဂ္ဂလိကအလှူရှင်များကလည်း လှူဒါန်း ကြပါကုန်၏။ ထိုသြဝါဒ ကျောက်စာအကျဉ်းချုပ်မှာ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား စာသားဖြစ်ပေသည်။ စိတ်ထားသို့ ကူးလူးဆက်သွယ် အကောင်အထည်ဖော်ရန်သာ အရေးကြီးပေသည်။ တပို့တွဲလပြည့်နေ့ည  ထွန်းပလစန္ဒာနှင့် စိတ်နယ်ဆက်စပ်မှုများ ရှိနိုင်ကြပါစေဟု တပို့တွဲလမြတ်ခါညီပုဏ္ဏမီကို ရေးသားတင်ပြအပ်ပါသည်။  ။

မောင်လူမွှေး(မြန်မာမှု)