ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

သာလိုက်သည့်လ။ 

ညသည် လရောင်ထဲ၌ ငြိမ်သက်အိပ်မောကျနေသည်။

သစ်ပင်ကိုင်းခက် ရွက်လက်ရိုးတံ အကြိုအကြားမှ ယိုဖိတ်၍ ပြူဆင်းလာသော လရောင်ငွေခြည်ပြောက် များသည် တောလမ်းလေးပေါ်သို့ ကျိုးတိုးကျဲတဲ ထိုးကျဖြာဆင်းလျက်ရှိ၏။

လရောင်ကြဲဖြန့်ထားသော တောတန်းလေးအတိုင်း ရဲဘော်များသည် တိတ်တိတ်ဆိတ်ဆိတ် ချီတက် လျက် ရှိကြသည်။

တောနက်မြိုင်ယံထက်မှ တစ်ကောင်သောညဉ့် ငှက်၏ မတိုးမကျယ်မြည်သည့် ရှိုက်မက်နေသံမှာ သာမောဆွတ်ပျံ့ဖွယ်ရာ ကောင်းလှသော လသာည ကို ဖျက်ဆီးနေသကဲ့သို့ရှိချေသည်။

ဗိုလ်ရဲမြင့်၏စိတ်သည် ရှုပ်ထွေးနောက်ကျိလာသည်။ တွေဝေထိုင်းမှိုင်းလာသည်။ ရဲဘော်ငါးဆယ် ကျော်နှင့် စေတုတ္တရာမှ ကမြည်းကန်ရိုးမစခန်းသို့ ချီတက်နေရသော သူ၏ခြေလှမ်းများမှာ နှေးကွေး လေးလံလျက်ရှိလေသည်။

ရဲဘော်ဖြူများအတွက် အခြေအနေမှာဆိုးရွားလျက် ရှိသည်။ လက်ရှိအခြေအနေမှာ နေရာတကာတိုင်း၌ အစိုးရ၏ထိုးစစ်ကို အလူးအလဲခံနေကြရသည်။ ယခင် က ယောင်မှား၍ မဝင်ရဲသော အမ်းမြစ်ထဲတွင် ယခု အခါ ရေတပ်စစ်သင်္ဘောတွေက ဥဒဟိုဖြစ်နေသည်။ ထို့ကြောင့်လည်း အမ်းမြို့ကို အလုံးအရင်းနှင့် ကာကွယ် ရန်အတွက် ဗဟိုက သူတို့ကို အလျင်အမြန်ခေါ်ထား လေသည် မဟုတ်ပါလား။

ယခင်က နိုင်ငံရေးခေါင်းဆောင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရသော ဥက္ကဋ္ဌကြီးရဲမြင့်မှာ ယခုအခါ လက်နက်စွဲကိုင်၍   စစ်ရေးခေါင်းဆောင်လုပ်ပြီး တိုက်ပွဲတွင် ပါဝင်နေရလေပြီ။ တိုက်ခိုက်နေရလေပြီ။

ရိုးမရှိ ကမြည်းကန်စခန်းမှ သူတို့သည် အမ်းတောင် ကြားလမ်းအတိုင်း ရခိုင်သို့ချီတက်ကြရလေမည်။ ဤသည်မှာလည်း ဗိုလ်ရဲမြင့်တို့ စေတုတ္တရာဘက်က တပ်များသာမဟုတ်၊ ပန်းတိမ်းငဖဲ၊ လက်ပန်ဘက် က ဗိုလ်ညိုတို့တပ်တွေပါ ပါရလိမ့်မည်ထင်သည်။

ယခင်တစ်ပတ်ကျော်က ပန်းတိမ်းငဖဲရှိ ရေညို စခန်းကို အစိုးရတိုက်ကင်းတစ်ခုက ဝင်တိုက်သဖြင့် စခန်းရှိ ရဲဘော်၊ ရဲမေများသည် ကမြည်းကန်စခန်းသို့ ကစဉ့်ကလျားဆုတ်ပြေးလာခဲ့ကြရသည်။ ထိုသတင်း ကိုတော့ ဗိုလ်ရဲမြင့်ကြားခဲ့ပြီးဖြစ်၏။ သို့သော် ယခုနေ အခါမှာ သူတို့သည် တောင်မင်းကို မြောက်မင်းမကယ် နိုင်ဖြစ်နေရရှာသည်။ သည်အထဲ အမ်းမြို့ကို ကာကွယ်ရန်အတွက် ဆင့်ခေါ်စာက  ရောက်လာသေးသည်။

“ပန်းတိမ်းငဖဲရှိ ရေညိုစခန်းပျက်၍ ကမြည်းကန် စခန်းသို့ ဆုတ်ပြေးသွားကြသည့်အထဲတွင် မခင်မှီတို့ သားအမိတစ်တွေလည်း ပါသွားကြလိမ့်မည်။ ယခုည ကမြည်းကန်စခန်းသို့ရောက်လျှင် မခင်မှီတို့ သားအမိ တစ်တွေကို   တွေ့ရမည်။   ခလုတ်မထိ   ဆူးမငြိဘဲ သူတို့တစ်တွေ ဆုတ်လာနိုင်ခဲ့ကြရဲ့လား” ဤအတွေးက ဗိုလ်ရဲမြင့်၏ ရင်ကို ပို၍ပူလောင်စေ လေသည်။

ယနေ့ည သို့မဟုတ် မနက်ဖြန်တွင် ကမြည်းကန် စခန်းသို့ ဗိုလ်ညိုတို့တပ်သည်လည်း မလွဲမသွေရောက် ရှိလာကြပေလိမ့်မည်။ ကမြည်းကန်စခန်းသို့ ဗိုလ်ညိုတို့ ရောက်လာကြပြီး မခင်မှီတို့ သားအမိ တစ်တွေကိုတွေ့လျှင် သူ့အပေါ် မည်သို့သဘောထားကြမည်နည်း။ အထင်သေးကြမည်လား၊ စိတ်ဆိုးကြ မည်လား၊ ကမြည်း ကန်စခန်းရှိ ရဲဘော်၊ ရဲမေတို့သည် ရေညိုစခန်းက ရဲဘော်၊ ရဲမေများနည်းတူ မခင်မှီကို သူ၏ဇနီး အတပ် ထင်နေကြမည်။   ဤသည်ကိုသာ ဗိုလ်ညိုသိသွားခဲ့ လျှင်...။

ဗိုလ်ရဲမြင့်သည် ဆက်၍မတွေးရဲတော့ပေ။

ဗိုလ်ညိုတို့တပ်ရောက်မလာခင် သူသည် မခင်မှီတို့ သားအမိတစ်တွေကို သွားလိုရာသွားကြတော့ဟု ပြန် လွှတ်လိုက်ရလျှင် ကောင်းလေမည်လား။ သူ့အနေမှာလည်း ရခိုင်သို့ဆက်မသွားတော့ဘဲ နီးစပ်ရာအစိုးရ တပ်တစ်တပ်တွင် လက်နက်ချအလင်းဝင်လိုက်လျှင် ကောင်းလေမည်လား။ မင်းဘူးကိုပြန်ပြီး အမေ၊ အဖေ တို့နှင့် ပွဲရုံအလုပ်ကိုဆက်လုပ်ကာ မခင်မှီကို လက် ထပ်ရလျှင် ကောင်းလေမည်လား။

ရှေ့ကချီတက်သွားနေကြသော ရဲဘော်များ၏ နောက်ကို တကောက်ကောက်ချီတက်လိုက်ပါနေရ သော်လည်း ဗိုလ်ရဲမြင့်မှာ တောင်စဉ်ရေမရ တွေးလာသည်။ ဘယ်နေရာကိုရောက်၍ ရောက်မှန်း မသိအောင် အတွေးလွန်လာသည်။ စိတ်ဓာတ်ကျဆင်းလာသည်။ သူတို့သည်  ခရီးပြင်း  ငါးနာရီကျော် နှင်လာခဲ့ကြပြီ ဆိုသည်ကိုလည်း သတိမရမိပေ။ အတွေးပေါင်းစုံတို့သည် သူ့ခေါင်းထဲ၌ ရှုပ်ယှက်ခတ် နေကြလေသည်။

“ဟေး  ဘယ်သူလဲ၊ ရပ်”

“ရဲကြောင်”

“ဝင်နိုင်ပြီ”

ကမြည်းကန်စခန်း၏ရှေ့ကင်းမှ စကားဝှက်မေးသံ၊ ပြန်ဖြေသံနှင့်  ဝင်ခွင့်ပြုလိုက်သံတို့ကို  ကြားလိုက်ရ တော့မှ ‘သြော် ကမြည်းကန်စခန်းတောင် ရောက်ကြ ပြီပဲ’ဟု စိတ်သတိကို ချွန်းအုပ်လိုက်ရသည်။

ဆက်လက်ဖော်ပြပါမည်။