အဆုတ်ကင်ဆာဖြစ်ခြင်းအစ ဆေးလိပ်က

အဆုတ်ကင်ဆာဖြစ်ခြင်းအစ ဆေးလိပ်က

ကမ္ဘာတစ်ဝန်းတွင် ကင်ဆာရောဂါကြောင့် သေဆုံးသူများအနက် အဆုတ်ကင်ဆာကြောင့် သေဆုံးသူ အရေအတွက်မှာ မြင့်တက်လျက်ရှိသည်။   အဆုတ် ကင်ဆာသည် ၁၉ ရာစု အစောပိုင်းကာလ များက အလွန်ရှားပါးသော ရောဂါတစ်ခု ဖြစ်ခဲ့သည်။ ၂၀ ရာစု အစောပိုင်းအထိ လူသိနည်းသော်လည်း   နောက်ပိုင်းတွင်  အမျိုးသားများ ကင်ဆာရောဂါနှင့် ဆက်စပ်သော  ရောဂါများကြောင့်  သေဆုံးမှုများ ရှိလာခဲ့သည်။ ၁၉၄၀ ပြည့်နှစ်နှင့် ၁၉၅၀ ပြည့်နှစ်တို့က ပြုလုပ်ခဲ့သောလေ့လာမှုများအရ အဆုတ် ကင်ဆာသည် ဆေးလိပ်သောက်ခြင်းနှင့် ဆက်စပ်နေကြောင်း ခိုင်မာသည့် အထောက်အထားများ ရှာဖွေ တွေ့ရှိခဲ့သည်။

မျက်မှောက်ကာလတွင် ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာဖြစ်စေကြောင်း အသိအမှတ်ပြု လာသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးက ယင်းအလေ့အထကို ဖြတ်တောက်ရန် အစွမ်းကုန်လုပ်ဆောင် လာကြရာ အောင်မြင်မှု တချို့ရရှိခဲ့သည်။ သို့သော် အဆုတ်ကင်ဆာသည် ဆေးလိပ် သောက်ခြင်း တစ်ခုတည်းကြောင့်မဟုတ်ဘဲ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းကြောင့်လည်း ဖြစ်စေနိုင်သည်။   ထို့ပြင် ဆေးလိပ်ငွေ့ရှူရှိုက်မိသော ကိုယ်ဝန် ဆောင်မိခင်လောင်း၏ ဝမ်းဗိုက်ထဲရှိ သန္ဓေသားကို ထိခိုက်စေပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏သတိပေးချက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ၁၉၅၀ ပြည့်နှစ်က သုတေသနပြုခဲ့သော မှတ်တမ်းများအရ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကို ပျက်စီးစေနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။ သုတေသီများ ၏ဆက်လက်စူးစမ်း ဖော်ထုတ်စမ်းသပ်ချက်များအရ ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာ ဖြစ်စေမှုကို ၉၄ ရာခိုင်နှုန်း သေချာကြောင်း အဖြေထွက်ရှိခဲ့ပြီး ၁၉၆၂ ခုနှစ်က အဆုတ်ကင်ဆာ ဖြစ်ခြင်းအစ ဆေးလိပ်ကဖြစ်ကြောင်း  အတည်ပြုနိုင်ခဲ့ သည်။

အဆိုပါစမ်းသပ်ချက်များအရ ဆေးလိပ်သောက်သူသည် မသောက်သူထက် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၄ ဆမှ ၃၆ ဆအထိ ပိုများကြောင်း၊ ကိုယ်တိုင်ဆေးလိပ် မသောက်သော်လည်း တစ်ဆင့်ခံဆေးလိပ် ငွေ့ရှူရှိုက်မိခြင်းက အဆုတ်ကင်ဆာဖြစ် နိုင်ခြေ ၃ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ထို့ပြင် ဆေးလိပ်စတင်သောက်သုံးသော အသက်အရွယ်၊ ဆေးလိပ်အရေအတွက်၊ ဆေးရွက်ကြီး သို့မဟုတ် စီးကရက်အမျိုးအစား စသည်တို့သည် အဆုတ်ကင်ဆာဖြစ်ပွားမှုအပေါ် အနှေးနှင့်အမြန် သက်ရောက်မှု ရှိစေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့  (WHO)   ၏ ၂၀၂၄  ခုနှစ်  ဖေဖော်ဝါရီလ ၁  ရက်တွင် ထုတ်ပြန်ချက်အရ ၂၀၂၂   ခုနှစ် က ခန့်မှန်းခြေအားဖြင့် ကင်ဆာရောဂါအသစ် ဖြစ်ပွားသူ သန်း ၂၀ ရှိခဲ့ပြီး သေဆုံးသူ ၉ ဒသမ ၇ သန်းရှိခဲ့သည်။ အဆုတ်ကင်ဆာသည်  ကမ္ဘာတစ်ဝန်း၌  အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး အသစ်ဖြစ်ပွား သူ ၂ ဒသမ ၅ သန်းသည် စုစုပေါင်း ရောဂါဖြစ်ပွားမှု အသစ်၏  ၁၂ ဒသမ  ၄  ရာခိုင်နှုန်းဖြစ်ကြောင်း၊ အဆုတ်ကင်ဆာကြောင့် ၁ ဒသမ ၈ သန်း  သေဆုံးခဲ့ရာ   ကင်ဆာရောဂါ ကြောင့် သေဆုံးသူ၏ ၁၈ ဒသမ ၇ ရာခိုင် နှုန်းရှိကြောင်း သိရသည်။ အဆိုပါထုတ်ပြန်ချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏   ကင်ဆာအေဂျင်စီနှင့်  အပြည်ပြည်ဆိုင်ရာ ကင်ဆာသုတေသနအေဂျင်စီ  (IARC) တို့က  နိုင်ငံပေါင်း  ၁၁၅ နိုင်ငံမှ စစ်တမ်းရလဒ်များကို အခြေခံ၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အီးစီးကရက်နှင့် အဆုတ်ကင်ဆာ

အမေရိကန်နိုင်ငံ၌ အီးစီးကရက်သောက်ခြင်းနှင့် ဆက်စပ်သော နာမကျန်း ဖြစ်သူ ၁၂၉၉ ဦးရှိပြီး ၂၆ ဦး  သေဆုံးကြောင်း အတည်ပြုထားသည်။  ယင်း နာမကျန်းဖြစ်မှုသည် THC (ခေါ်) ဆေးခြောက်၌ ပါဝင်သော ဓာတ်တစ်မျိုးအသုံး ပြုထားသည့် အီးစီးကရက်ဆေးရည်များကြောင့်ဖြစ်ကြောင်း     လေ့လာတွေ့ရှိရသည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ဆန်းပိုင်းက အမေရိကန်သုတေသီများက  ကြွက်များကို အီးစီးကရက်အငွေ့ဖြင့် လေ့လာမှုတစ်ရပ် ပြုလုပ်ခဲ့သည်။ အဆိုပါ လေ့လာမှုအတွင်း ကြွက်များကို သီတင်း ပတ်တစ်ပတ်လျှင် နာရီ ၂၀  ကြာ၊ သီတင်း ပတ် ၅၄ ပတ်အထိ နီကိုတင်း  ဓာတ်ပါဝင်သော  အီးစီးကရက်အငွေ့နှင့် ထိတွေ့စေ ပြီးနောက်  ကြွက်များ၏ ၂၂ ဒသမ  ၅ ရာခိုင်နှုန်းတွင်  အဆုတ်ကင်ဆာတစ်မျိုး ဖြစ်ပွားကြောင်း တွေ့ရှိခဲ့သည်။ တခြား ကြွက်အုပ်စုတစ်စုကို နီကိုတင်း ဓာတ်မပါသော အီးစီးကရက်အငွေ့ဖြင့် ယင်းအချိန်အတိုင်းပင်ထိတွေ့စေခဲ့သော်လည်း အဆုတ်ကင်ဆာ မဖြစ်ပွားကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ကြောင့် ကြွက်များ၌ ကင်ဆာဖြစ်နိုင်သည့် အန္တရာယ် မြင့်မားရခြင်း၏ အကြောင်းရင်းသည်  နီကိုတင်းဓာတ်ကြောင့်ဖြစ်သည်ဟု  နယူးယောက် တက္ကသိုလ်မှ သုတေသီများက အတည်ပြု ထားကြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆေးရွက်ကြီးထိန်းချုပ်ရေး ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများကို    အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများအား ပြည်တွင်းသို့ တင်သွင်းခွင့် လုံးဝပိတ်သိမ်းရန် တိုက်တွန်းထား သည်။   

မြန်မာနိုင်ငံနှင့် အဆုတ်ကင်ဆာအခြေအနေ

မြန်မာနိုင်ငံ၌ အမျိုးသားများ အဆုတ် ကင်ဆာ သို့မဟုတ် ခံတွင်းကင်ဆာရောဂါ အဖြစ်များနေကြပြီး    ထိုကင်ဆာရောဂါ နှစ်မျိုးစလုံးသည် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းနှင့် ပတ်သက်ဆက်နွှယ်နေ သည်။ မြန်မာနိုင်ငံသည် ကွမ်းယာ၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံသုံးစွဲမှုကြောင့် အရွယ်မတိုင်မီ သေဆုံးမှုများ ဖြစ်ပေါ်နေသော နိုင်ငံဖြစ်သည်။ အဆုတ်ကင်ဆာသည် မြန်မာနိုင်ငံ၌ အမျိုးသားများတွင် အဖြစ်အများဆုံးဖြစ်ပြီး အမျိုးသမီးများတွင် တတိယအများဆုံး ဖြစ်သည်။ ကင်ဆာ ရောဂါကြောင့် သေဆုံးသူငါးဦးလျှင် တစ်ဦးမှာ အဆုတ်ကင်ဆာကြောင့်ဖြစ်ပြီး သေဆုံးသူများ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန  ကင်ဆာရောဂါ တိုက်ဖျက်ရေးစီမံချက်၏ ထုတ်ပြန်ချက်အရ သိရသည်။ ဆေးလိပ်သောက်သူသည် ဆေးလိပ် မသောက်သူထက်  ၁၅  ဆမှ  ၂၅  ဆအထိ အဆုတ်ကင်ဆာဖြစ်ရန်ပို၍ အလားအလာရှိသည်။

အဆုတ်ကျန်းမာရေး ဂရုစိုက်ကြစေချင်

အထက်တွင် ရေးသားဖော်ပြခဲ့သည့်အတိုင်း ဆေးလိပ်ငွေ့ကြောင့် အဆုတ် ပျက်စီးစေသကဲ့သို့ ရေဒွန် (radon) (ခေါ်) ရေဒီယိုသတ္တိကြွ  ဓာတ်ပေါင်းဓာတ်ငွေ့ ရှူမိခြင်း၊ တခြားသောဓာတုပစ္စည်းများနှင့်  ထိတွေ့မိခြင်း၊ ခြင်ဆေးခွေမီးခိုးငွေ့မကြာ ခဏ ရှူရှိုက်မိခြင်း၊  မျိုးရိုးရှိခြင်း၊ နာတာ ရှည်အဆုတ်ရောဂါ၊ လေထုညစ်ညမ်းခြင်း နှင့်    ဓာတ်ရောင်ခြည်ကုထုံးတို့ကလည်း အဆုတ်ကင်ဆာဖြစ်စေနိုင်သော အချက် များတွင်ပါဝင်နေသည်။   ထို့ပြင်   စက်ရုံ၊ အလုပ်ရုံမှထွက်သောဓာတ်ငွေ့များ၊  စက် တပ်ယာဉ်အမျိုးမျိုးမှ   ထွက်ရှိလာသော  မီးခိုးများ၊ asbestos (ခေါ်) ကျောက်မှုန့်၊ ဖုန်မှုန့်၊ မြေမှုန့် စသည်တို့ကြောင့်လည်း Air Pollution (ခေါ်)ပတ်ဝန်းကျင်လေထု ညစ်ညမ်းခြင်းကိုဖြစ်စေကာ အဆုတ် ကျန်းမာရေးအတွက် ကြီးစွာသော ဘေးထွက်ဆိုးကျိုးများ ရစေနိုင်သည်။

သက်ရှိလူတို့သည် အမြဲအသက်ရှူခြင်း ဖြင့် အသက်ရှင်နေရသည်။  အသက်ရှူ အင်္ဂါအဖွဲ့အစည်းတွင် အဆုတ်နှင့်လေပြွန် တို့ပါဝင်သည်။ အဆုတ်ကျန်းမာရေး အတွက် လေပြွန်များ ကောင်းမွန်ခြင်း၊ အဆုတ်အတွင်းရှိ လေအိတ်ငယ်များ ကောင်းမွန်ခြင်းနှင့် အဆိပ်အတောက်ကင်းသော       လေကောင်း လေသန့်ရရှိခြင်း စသည်တို့လိုအပ်သည်။  လေထုညစ်ညမ်း ခြင်းကြောင့်  အသက်ရှူလမ်းကြောင်းပိုး ဝင်ခြင်း၊ နှလုံးရောဂါ၊ နာတာရှည်အဆုတ် လေပြွန်ပိတ်ဆို့ရောဂါနှင့် အဆုတ်ကင်ဆာ ရောဂါတို့ ဖြစ်စေနိုင်သည်။  ထို့ပြင် အသက် ရှူကျပ်ခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ပန်းနာရင်ကျပ်ဖြစ်ခြင်း တို့အပြင် နှလုံး ရောဂါအခံရှိသူတွေအတွက်  နှလုံးရောဂါ ပိုမိုဆိုးရွားစေသည်။

အဆုတ်ကျန်းမာရေးချို့တဲ့ကာ ကျန်းမာ ရေးထိခိုက်ခြင်းနှင့် အသက်သေဆုံးခြင်းမှ ကင်းဝေးစေရန်        လေသန့်ရှူနိုင် အောင် ဂရုပြုနေထိုင်ခြင်း၊ လေထုညစ်ညမ်း မှုကင်းဝေးအောင်   အစီအမံများပြုလုပ်ခြင်း၊ အခန်းတွင်း လေဝင်လေထွက်ကောင်း မွန်အောင်ဆောင်ရွက်ခြင်း၊ ဆေးလိပ် သောက်ခြင်းမှ ရှောင်ကြဉ် ခြင်း၊ တီဘီ နှင့်ကူးစက်ရောဂါများ  မကူးစက်ရအောင် သတိပြုနေထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း အပါအဝင် ကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်းများပြုလုပ်ခြင်း၊ လုပ်ငန်းခွင်များတွင် အမှုန်အမွှားများ၊ ဓာတ်ငွေ့များ စသည့် အဆုတ်ကိုထိခိုက်စေသော  အခြေအနေများရှိပါက အကာအကွယ်သုံးခြင်းဖြင့် အဆုတ်အတွက်သာမက   ဘဝတစ်သက်တာလုံး    သက်ရှည်ကျန်းမာအောင်ပြုမူ နေထိုင်သင့်ပေသည်။

ထို့ပြင် အသက်ရှူလမ်းကြောင်းစနစ်ကို ကောင်းစွာ အထောက်အပံ့ပေးနိုင်သည့် ဓာတ်စာများဖြစ်ကြ သည့်   အချဉ် အရသာရှိသော သစ်သီးဝလံနှင့်ဟင်းသီး ဟင်းရွက်များ၊ အဝါရောင်၊ လိမ္မော်ရောင်ရှိ သည့်  သန့်ရှင်းလတ်ဆတ်သော သစ်သီးများ (ဥပမာ-သင်္ဘောသီး၊ နာနတ်သီး၊ မချိုသော လိမ္မော်သီး၊ ရွှေဖရုံသီး၊ မုန်လာ ဥ၊  ကန်စွန်းဥ၊  ဂရိတ်ဖရုသီး)၊  လက်ဖက် ခြောက်ကျကျရေနွေးကြမ်း  စသည်တို့ကို  စားသုံးပြီး အဆုတ်ကျန်းမာရေးဂရုစိုက်ပေးကြစေလိုကြောင်း အကြံပြုလိုသည်။ 

အချုပ်ဆိုရသော် ဆေးလိပ်သောက်သူတိုင်း အဆုတ်ကင်ဆာမဖြစ်နိုင်သော်လည်း အဆုတ်ကင်ဆာ ကြောင့် သေဆုံးသူ အားလုံး၏ ၈၀ ရာခိုင်နှုန်းမှာ ဆေးလိပ် သောက်သူများဖြစ်သည်။ အဆုတ်ကင်ဆာ ဖြစ်ပွားပါက ငါးနှစ်အထိ အသက်ရှင်နိုင် သူ ၁၀ ရာခိုင်နှုန်းပင်မရှိကြောင်း ရလဒ် များရရှိခဲ့ပြီးဖြစ်သည်။ သို့ပါ၍  ဆေးလိပ် ကို စွဲစွဲမြဲမြဲသောက်သုံးသူများအနေဖြင့် မိမိ၏ကျန်းမာရေးကိုထိခိုက်စေပြီး ပတ်ဝန်း ကျင်ကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် ဆေးလိပ်သောက်သုံးမှုကို စွန့်လွှတ်သင့်ပါကြောင်း အကြံပြု ရေးသား လိုက်ရပါသည်။

ပေါက်ပေါက်